www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အလုပ်အကိုင်. Show all posts
Showing posts with label အလုပ်အကိုင်. Show all posts

Thursday, January 24, 2019

ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းတွင် လူငယ်များ ဝင်ရောက် လုပ်ကိုင်မှု နည်းပါးလာ

ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းတွင် လူငယ်များ ဝင်ရောက် လုပ်ကိုင်မှု နည်းပါးလာ
-
ရန်ကုန် ဇန်နဝါရီ ၂၃
-
ရိုးရာလက်မှု ထုတ်ကုန်များထုတ်လုပ်သည့် လုပ်ငန်းတွင် လူငယ်များ ဝင်ရောက်လုပ်ကိုင်မှု နည်းပါးလာကာ လုပ်သားအခက်အခဲရှိနေသဖြင့် တာဝန်ရှိသူများက ပံ့ပိုးပေးရန် လိုအပ်ကြောင်းမြန်မာလက်မှု အနုပညာအသင်းဥက္ကဋ္ဌ ဦးသာဓုထံမှ သိရသည်။
-
''ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းမှာ လူငယ်တွေ ဝင်ရောက်လုပ်ကိုင်တာ နည်းပါးတဲ့အတွက် လုပ်သား အခက်အခဲရှိတယ်။ လက်မှုအနုပညာကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် လူငယ်တွေလိုအပ်ချက် ရှိနေတယ်။ လက်မှုအနုပညာ ကဏ္ဍတွေမှာ လူငယ်တွေ စိတ်ပါဝင်စားလာဖို့ သင်တန်းကျောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြီး အတွေ့အကြုံရှိတဲ့လူတွေကလည်းအတွေ့အကြုံတွေကို ဝေမျှရင် လူငယ်တွေ စိတ်ဝင်စားမှု မြင့်တက်လာမှာပါ''ဟု ဦးသာဓုက ပြောသည်။
-
ယခုအခါ လက်မှုလုပ်ငန်းများအား စိတ်ဝင်စားမှု နည်းပါးလာသည့် လူငယ်များအတွက် လက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားရန် လိုအပ်နေကြောင်း သိရသည်။ လက်မှုထုတ်ကုန်များထုတ်လုပ်သည့် ပညာရှင်များ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းများကို ဂုဏ်ယူစွာ လုပ်ကိုင်ရန် လိုအပ်ကြောင်း မြန်မာလက်မှု အနုပညာအသင်းမှ အတွင်းရေးမှူး ဦးစိုးမိုးအောင်က ပြောသည်။
-
''လက်မှုအနုပညာနဲ့ ပတ်သက်လို့ ဖိနပ်လုပ်ငန်းမှ မဟုတ်ဘူး။ ဘယ်လုပ်ငန်းမဆို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးဖို့ လိုအပ်ပါတယ်။ လက်မှုပညာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုယုံကြည်ချက်နဲ့လုပ်ရင် ထုတ်ကုန်ပစ္စည်းတွေ ကောင်းမွန်လာနိုင်ပြီး လူတန်းစေ့နေနိုင်တဲ့ ဝင်ငွေရလာတယ်ဆိုတာ သိစေချင်တယ်။ လက်မှုအတတ်ပညာကြောင့် ဘဝကို တင့်တယ်စွာနေထိုင်နိုင်တယ်ဆိုတဲ့ အသိပေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ဦးစိုးမိုးအောင်က ပြောသည်။
-
ထိုသို့ ဖြစ်ပေါ်စေရေး ဈေးကွက်သစ်များ ရရှိရန်လိုအပ်ကာ ဈေးကွက်ပိုမိုကောင်းမွန်လာပါက လက်မှုထုတ်ကုန်ကဏ္ဍ ပိုမို တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 3, 2019

စဥ့်ထည်လုပ်ငန်း လုပ်ကိုင်သူများ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများပြားလာ

စဥ့်ထည်လုပ်ငန်း လုပ်ကိုင်သူများ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများပြားလာ
-
ရွှေဘို  ဇန်နဝါရီ  ၂ 
-
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် စဥ့်ထည်လုပ်ငန်း လုပ်ကိုင်သူနည်းပါးလာပြီး အခြား လုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူ များပြားလာကြောင်း  ဒေသခံပြည်သူများထံမှ သိရသည်။ အဆိုပါကျေးရွာများတွင် စဥ့်ထည်လုပ်ငန်းသည် မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သော်လည်း ယခုအခါတွင်   ဈေးကွက်နည်းလာခြင်း၊ ကုန်ကြမ်းဝယ်ယူ ရရှိမှုခက်ခဲလာခြင်း၊ အခြားဝင်ငွေရလွယ်ကူသော လုပ်ငန်းများ ပေါများလာခြင်း တို့ကြောင့်  အခြား လုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူ များပြားလာခြင်းဖြစ်သည်။  
-
''စဥ့်ထည်လုပ်ငန်းက ဈေးကွက်ပျောက်လာတယ်။ တစ်နေ့လုပ်တစ်နေ့စားလုပ်ရတဲ့သူတွေဆို အဆင်မပြေတော့  အခြား အလုပ် အကိုင်တွေကို    ပြောင်းပြီးလုပ်ကြတယ်။ ကျွန်တော်တို့ဒေသမှာ သပိတ်ကျင်းငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာ စဥ့်ထည်လုပ်ငန်းကို လုပ်တဲ့သူတွေ သိသိသာသာကို နည်းသွားတယ်။ အဲဒီကြားထဲမှာ နည်းပညာ အခက်အခဲတွေ၊ အခြားအခက်အခဲတွေကလည်း ရှိနေသေးတော့ အခြားအလုပ်ပြောင်း သွားကြတာများတယ်'' ဟု နွယ်ငြိမ်းကျေးရွာမှ စဥ့်ထည်လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဇော်ဦးက ပြောသည်။ 
-
စဥ့်ထည်လုပ်ငန်းကို  ရွှေဘိုမြို့နယ်ရှိ နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေတိုက်၊ မလားကျေးရွာတို့တွင် အများဆုံး လုပ်ကိုင်ကြပြီး ယခင်က ကျေးရွာလေးရွာရှိ အိမ်ထောင်စု ၃၅ဝဝ ခန့်တွင်  စဥ့်ထည်လုပ်ငန်းကို လုပ်ကိုင်ကြရာမှ ယခုအခါတွင် စဥ့်ထည် လုပ်ငန်းလုပ်ကိုင်သူ ၂၈ ဦးခန့်သာရှိပြီး အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများပြားလျက်ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 2, 2019

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောများ၌ လုပ်ကိုင်ရန် မြန်မာ အလုပ်သမားများ စေလွှတ်ရေး စီစဉ်

-
ရန်ကုန်   ဇန်နဝါရီ   ၁ 
-
မြန်မာနိုင်ငံမှ   အလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံရှိ ငါးဖမ်းသင်္ဘောများ၌ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး စေလွှတ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးမျိုးအောင်ထံမှ သိရသည်။ 
-
ယင်းကဲ့သို့  အလုပ်သမား စေလွှတ်ခြင်း သည်  ပထမအကြိမ် ဖြစ်သကဲ့သို့ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားသော MoU ၏ ပြင်ပလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။ ''ဒီလုပ်ငန်းကလစာလည်း ကောင်းတာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းရအောင် စေလွှတ်သင့်ပါတယ်။ သူက MoU သတ်မှတ်ချက်ရဲ့ အပြင်ဘက် လုပ်ငန်းဖြစ်တော့  လုပ်ငန်းခိုင်မာမှု ရှိအောင် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ'' ဟု ဦးမျိုးအောင် ကပြောသည်။ 
-
ယင်းကဲ့သို့ အလုပ်သမားများ သွားရောက်ရာတွင် ဗီဇာစနစ်ဖြင့် သွားရောက် လုပ်ကိုင်ရမည်ဖြစ်သကဲ့သို့ တရားဝင် လုပ်ငန်းမျိုးလည်း ဖြစ်သည်။ နှစ်နိုင်ငံသဘောတူ ရေးထိုးထားသော MoU အရ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံရှိ  စိုက်ပျိုးရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများသို့ စေလွှတ်ခဲ့ပြီး ယခုကဲ့သို့ ငါးဖမ်းသင်္ဘော လုပ်ငန်းများ။သို့  တရားဝင် စေလွှတ်ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း ၁ဝ လတာ ပြုစုထားသောစာရင်းအရ တောင်ကိုရီးယားနိုင်ငံသို့  မြန်မာအလုပ်သမား ၅၂၃၅ ဦး တရားဝင် စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။ 
-
လက်ရှိတွင် ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများ၌ ရေလုပ်သား ၄ဝဝဝဝ ကျော် လိုအပ်ချက်အပေါ် မြန်မာနိုင်ငံမှ ရေလုပ်သားများကို MoU  စနစ်ဖြင့်ခေါ်ယူရန် ညှိနှိုင်းခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်းမြို့၌ အလုပ်သမားရုံး ဖွင့်လှစ်ကာ One Stop Service ဖြင့်စေလွှတ်ရန်  စီစဉ်ထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 12, 2018

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ဝဝဝ ဖန်တီးပေးနိုင်မည့် လုပ်ငန်း ခြောက်ခု ထပ်မံခွင့်ပြု

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ဝဝဝ ဖန်တီးပေးနိုင်မည့် လုပ်ငန်း ခြောက်ခု ထပ်မံခွင့်ပြု
-
ရန်ကုန်   ဒီဇင်ဘာ   ၁၁ 
-
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ဝဝဝ ဖန်တီးပေးနိုင်မည့် လုပ်ငန်းခြောက်ခုကို ထပ်မံခွင့်ပြုပေးလိုက်ကြောင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံမှ သိရသည်။ အဆိုပါလုပ်ငန်း ခြောက်ခုမှာ  

ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ Network Facilities ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
-
ယင်းလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၂၂၆ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊   အမျိုးသား ဝင်ငွေခွန်နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊   ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊  နည်းပညာလွှဲပြောင်း ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု၊ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု၊ အစီအမံ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း  စသည့် အချက်များကိုအခြေခံ၍ စိစစ်လက်ခံခြင်း ဖြစ်သည်။ 
-
၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ ၁  ဒသမ ၇၆၅ ဘီလီယံရှိပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄၅ ဘီလီယံ ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ                            

Monday, May 21, 2018

ရေစကြို မြို့နယ်တွင် ထန်းလုပ်ကွက် ရှားပါးသော်လည်း ထန်းလျက်ရရှိမှုနှင့် ဈေးကောင်းမှုတို့ကြောင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိနေ



ရေစကြို ၂၁-၅-၂ဝ၁၈

ရေစကြိုမြို့နယ် အတွင်းရှိ ထန်းတောင်သူများ အနေဖြင့် ထန်းလုပ်ငန်း လုပ်ကိုင်ရမည့် လုပ်ကွက်နေရာများ ရှားပါးသော်လည်း ထန်းလျက်ရရှိမှုနှင့် ဈေးနှုန်း ကောင်းမွန်မှုတို့ကြောင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိနေကြောင်း ရေစကြိုမြို့နယ် ထန်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရေစကြို မြို့နယ်တွင် ထန်းပင်နှင့် ထန်းတက်သူ နှစ်စဉ်လျော့နည်း လာသည်နှင့်အမျှ ထန်းလုပ်ငန်း လုပ်ကိုင်ရန် ထန်းတောလုပ်ကွက် နေရာများလည်း ရှားပါးလာကြောင်း၊ ထိုသို့ရှားပါးသော်လည်း ယခုအခါ ထန်းလျက်ရရှိမှုနှင့်ဈေးနှုန်း မျှတမှုရှိနေသောကြောင့် ထန်းဖိုရာသီ အချိန်ကစပြီး ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

"အခုအချိန်က ထန်းတက်ချင်သူ တွေအတွက် ထန်းပင်ရှားသလို အပင်ရှိပြန်တော့ ထန်းသမားက ရှားလာပါပြီ။ အခု ထန်းတက်နေ သူတွေဆိုရင် လယ်မြေ၊ယာမြေနဲ့ လွတ်ကင်းတဲ့ ထန်းပင်တွေကိုပဲ ရွေးတက်နေရပါတယ်။ ထန်းလုပ်ကွက် အနေနဲ့ရှားပေမယ့် ထန်းလျက်ဈေးနှုန်းက တစ်ပိဿာကို အနည်းဆုံး ငွေကျပ် ၂၃ဝဝရနေတာရယ်၊ ထန်းလျက်အထွက်နှုန်း မှန်နေတာ ရယ်ကြောင့် ဒီနှစ် ထန်းရာသီမှာ နေ့စဉ် အပိုဝင်ငွေရရှိပါတယ်"ဟုကျောက်ခတ်ကြီးကျေးရွာမှ ထန်းလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းဆိုင်က ပြောပြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ထန်းလုပ်ငန်းကို များစွာလုပ်ကိုင် ကြသော်လည်း ယခုအခါ သုံးပုံတစ်ပုံသာလုပ်ကိုင် တော့ကြောင်း၊ ထန်းနှင့်ပတ်သက်သည့် လုပ်ငန်းများ ကိုလည်း စိတ်ဝင်စားသူ နည်းပါးနေသေးကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, February 27, 2018

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့် အပြင်အလုပ်သမားရှားပါးလာမှု တို့ကြောင့် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်



စစ်ကိုင်း ၂၇-၂-၂ဝ၁၈

စစ်ကိုင်းမြို့ရှိ အိုးဘိုရပ်ကွက်တွင် အိုးလုပ်သည့် မြေနီ၊ မြေနက်များ ရှားပါးလာသည့်အပြင် အလုပ်သမားရှားပါး လာမှုတို့ကြောင့် ရေရှည်တွင် မိရိုးဖလာအိုးလုပ်ငန်း ကွယ်ပျောက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် အိုးလုပ်ငန်းများတွင် အသုံးပြုသော မြေနီ၊ မြေနက်များ ရှားပါးလာခြင်း၊ အိုးလုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်းမြင့်တက် လာခြင်းနှင့်အတူ သယ်ယူခများ မြင့်တက်လာခြင်း၊ အလုပ်သမား ရှားပါးလာခြင်း တို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ အချို့လုပ်ငန်း ရပ်ဆိုင်းကာ အလုပ်အကိုင် အသစ်များ ရှာဖွေလုပ်ကိုင် လာကြကြောင်း သိရသည်။

"အိုးလုပ်တဲ့ မြေနီရောမြေနက်ပါ ရှားလာပါတယ်။ အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရပါတယ်။ ဝယ်လို့လဲ ရတယ်။ အခုကျ မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင်၊ ချောင်းပေါက်ရွာတွေဘက်က မြေနီကို ထော်လာဂျီ တစ်စီးငွေကျပ် ၃ဝဝဝဝ ကျော်၊ မြေနက် ထော်လာဂျီတစ်စီး ငွေကျပ်၂ဝဝဝဝကျော်ပေးဝယ်နေရပါတယ်။ အရင်ကဆိုရင် အိုးဘိုရပ်ကွက်က မြို့အစွန်ကျပါတယ်။ အလုပ်အကိုင် ရွေးချယ်စရာမရှိဘူး။ ဒီအိုးလုပ်ငန်းပဲ အဓိကထား လုပ်ကြတာပါ။ အခုကျ တက္ကသိုလ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာတော့ အလုပ်အကိုင် ရွေးချယ်စရာ ပေါလာတယ်"ဟု စစ်ကိုင်းမြို့မှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, January 9, 2018

ယခုနှစ်တွင် ရတနာနယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူများ သိန်းချီထိ တိုးလာနေ



ဖားကန့် ၉-၁-၂ဝ၁၈

ယခုနှစ်တွင် ရတနာ နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်၌ ရေမဆေးကျောက် ရှာဖွေသူများ သိန်းချီထိ တိုးလာနေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်)မှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများမှ စွန့်ပစ် သည့်မြေစာပုံများတွင် ကျောက်မျက်ရတနာများ လာရောက်ရှာဖွေကြသည့် ရေမဆေးကျောက် ရှာဖွေသူအရေအတွက်သည် ယခင်နှစ်များထက် သိန်းချီထိတိုးလာနေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်) ဥက္ကဋ္ဌဦးမောင်ထွန်းက ပြောပြသည်။

"ရေမဆေးကျောက် ရှာဖွေသူတွေ အတော်ကိုများတယ်။ သူတို့က ဖားကန့်တက်ပြီး ကျောက်ရှာရင်ပဲ နေချင်းညချင်း သူဌေးဖြစ်တယ် လို့ထင်ပြီး တက်လာကြတယ်။ နောက်ပြီးတော့ သူတို့ကလာရင် မိသားစုလိုက် လာကြတာ။အဲဒီတော့ လူဦးရေကတအားကို များနေတယ်။ ဖားကန့်မှာ အရင်ကကျွန်တော်တို့ ရောက်တုန်းကဆိုလူကို သိပ်မရှိပါဘူး။ အခုက ရွာတွေလိုကိုဖြစ်နေပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခင်နှစ်များက ရတနာနယ်မြေ ဖားကန့်သို့ မြန်မာနိုင်ငံတစ်ဝန်းမှ ရေမဆေးကျောက် လာရောက်ရှာဖွေသူ အရေအတွက်သည် တစ်သိန်းကျော်ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ကျောက်မျက်ရတနာ တူးဖော်ရေး ရာသီချိန် တွင် ရေမဆေးကျောက် လာရောက်ရှာဖွေသူ အရေအတွက်သည် သုံးသိန်းခန့်ရှိကြောင်း သိရသည်။

"ကျောက်တစ်ခါမှ မရှာဘူးတဲ့ သူတွေလဲပါပါတယ်။ အဲဒီအတွက် အန္တရာယ်များတယ်။ တကယ့်လုပ်သက်ရှိတဲ့ တွင်းသမားတို့ ကျောက်ရှာ သူတို့ကမှ စွန့်ပစ်မြေစာပုံမှာ ဘယ်ဘက်ကို တူးလိုက်ရင်ဘယ်လိုဖြစ် သွားမယ်ဆိုတာမျိုးသိတယ်။ အခုက မြေစာပုံအောက်ခြေကနေ တူးနေတာမျိုးကို လုပ်နေတဲ့အတွက် မြေစာပုံဟောင်းတွေ ပြိုကျမှုတွေ ဖြစ်နေတာပါ" ဟု ဖားကန့်မြို့နယ်တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ကိုင်နေ သူတစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, December 26, 2017

စိုက်ပျိုးမြေအဖြစ်အသုံးချမှုနှင့် ဘိလပ်အုတ်များ တွင်ကျယ်လာမှုကြောင့် ရေစကြိုမြို့နယ်၌ မြေအုတ်လုပ်ကိုင်သူလျော့ နည်းလာ



ရေစကြို ၂၆-၁၂-၂၀၁၇

ရေစကြိုမြို့နယ်အတွင်းရှိ မြေအုတ်လုပ်ကိုင် ကြသူများသည် ယခုနှစ်တွင် မြို့နယ်အတွင်းရှိ မြေနေရာများကို စိုက်ပျိုးရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာခြင်း၊ ဘိလပ်အုတ်များကို တွင်ကျယ်စွာအသုံးပြု လာခြင်းတို့ကြောင့် မြေအုတ်လုပ်ကိုင်သူများ လျော့နည်းလာကြောင်း ရေစကြိုမြို့နယ် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုအခါ မြေအုတ်ထုတ်လုပ်သည့် ရာသီရောက်နေပြီ ဖြစ်သောကြောင့် ရေစကြိုမြို့နယ်အတွင်း မြေအုတ်ရိုက်လုပ်သည့် အလုပ်သမားများမှာ နိုဝင်ဘာလကုန်ပိုင်းမှစ၍ မြေအုတ်ရိုက်လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင် လျက်ရှိသည်။

ယခုနောက်ပိုင်းတွင် ဘိလပ်အုတ်များကိုသာ အသုံးပြုသူများလာခြင်း၊ ဖရဲ၊ သခွား၊ ပြောင်း၊ နှမ်းစသော သီးနှံများတိုးချဲ့စိုက်ပျိုး ရန်စိုက်ပျိုးမြေအဖြစ် အသုံးချမှုများလာခြင်းတို့ကြောင့် မြေအုတ်လုပ်ကိုင်သူများမှာ လျော့နည်းလာရကြောင်း သိရသည်။

"အရင်နှစ်တွေက မြေအုတ်လုပ်ငန်းနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တစ်ယောက်ကို လူဦးရေ ၇ဝ လောက် အလုပ်အကိုင် အခွင့်အလမ်းပေးသလို ကိုယ့်မြို့နယ်အတွင်းက ဝယ်လက်သာမကချောင်းဦး၊ ပုလဲ၊ မြိုင်နယ်တွေကပါလာရောက်ဝယ်ကြတယ်။ ဒီနှစ် မြေအုတ်ရာသီမှာတော့ ဒေသခံတွေက စိုက်ပျိုးမြေအသုံးချမှုနဲ့ ဘိလပ်အုတ် အသုံးများမှုတွေကြောင့် လုပ်ကွက်နေရာတွေလဲ ကျဉ်းမြောင်းလာသလို အလုပ်သမားရှားပါးမှုလဲ ကြုံနေရပါတယ်" ဟု မအူကျေးရွာမှ မြေအုတ်ထုတ်လုပ် ရောင်းချသူ တစ်ဦးက ပြောပြသည်။

ရေစကြိုမြို့နယ် မြေအုတ်ထုတ်လုပ်သူများမှာ များသောအားဖြင့် မြစ်ရေဝင်ပိုင်းနှင့် မိုးရေဝပ်ပိုင်း ဒေသများတွင် လုပ်ကိုင်သူများပြား လျက်ရှိပြီး ဒေသရာသီဥတုအရ မြေအုတ်ထုတ်လုပ်သည့် ရာသီမှာ အောက်တိုဘာလ ကုန်ပိုင်းမှဧပြီလ ကုန်ပိုင်းထိသာ ပြုလုပ်ရကြောင်း၊ လုပ်ကွက်နေရာများ ကျဉ်းမြောင်းလာပြီး မြေအုတ်လုပ်သားများ ရှားပါးလာကြောင်း၊ ယခုအခါ မြေအုတ်များ ရောင်းအားကျဆင်းလာသဖြင့် လုပ်ကိုင်သူများလည်းလျော့နည်းလာကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

Friday, December 22, 2017

ရမည်းသင်းမြို့နယ်တွင် ဆောင်းမြေပဲအထွက်နှုန်း ကောင်းမွန်သောကြောင့် ပဲနုတ်၊ ပဲဆွတ်လုပ်ကိုင်ကြသည့် နေ့စားလုပ်သားများ ဝင်ငွေကောင်းလျက်ရှိ



ရမည်းသင်း ၂၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်း၌ ဆောင်းမြေပဲ အထွက်နှုန်းကောင်းမွန်ပြီး ဆောင်းမြေပဲနုတ်ချိန် ပဲနုတ်၊ ပဲဆွတ်လုပ်ကိုင်ကြသည့် နေ့စားလုပ်သားများ ဝင်ငွေကောင်းလျက်ရှိကြောင်း မြေပဲစိုက်
တောင်သူများထံမှ သိရသည်။

ရမည်းသင်းမြို့နယ်တွင် ဆောင်းမြေပဲကို တော်သလင်းလအတွင်း၌ စိုက်ပျိုးကြပြီး နတ်တော်လအတွင်း နုတ်သိမ်းကြရာ ပဲနုတ်လိုက်သူ နေ့စားတစ်ဦးလျှင် တစ်နေကုန်အတွက် ငွေကျပ် ၅ဝဝဝ ပေးငှားရပြီး ထမင်း
နှစ်နပ် (နံနက်စာ၊နေ့လည်စာ) ကျွေးရကြောင်း၊ လယ်ယာလုပ်သား ရှားပါးမှုကြောင့် ယခင်နှစ်ထက် ဈေးပိုပေးရကြောင်း၊ နုတ်ယူရရှိသော မြေပဲပင်များကို အပင်နှင့်အတောင့်သီးခြားဖြစ်အောင် ပဲဆွတ်သူများကိုလည်း ထပ်မံငှားရကြောင်း သိရသည်။

"အခုလမှာ ဆောင်းမြေပဲ လှိုင်လှိုင်ထွက်ပြီဆိုတော့ နေ့စားလုပ်သားတွေ ဝင်ငွေရကြပါတယ်။ လူငှားခကတော့ တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ လုပ်သားကလဲရှားတယ်။ လူငှားရတဲ့ အချိန်ရသလို အလုပ်လုပ်ကြရတယ်" ဟု ဝါးရုံတောကျေးရွာမှ ဆောင်းမြေပဲစိုက် တောင်သူတစ်ဦးက ပြောပြသည်။

ရမည်းသင်းမြို့နယ်အတွင်း၌ ဆောင်းမြေပဲကို မိသားစုစားသုံးရန် အတွက်သာ အဓိကစိုက်ပျိုးကြပြီး ပိုလျှံမှသာ ရောင်းချကြကြောင်း၊ နေ့စားအလုပ်သမားများမှာ ယခုလရာသီတွင် ဆောင်းမြေပဲနုတ်ချိန်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း ရရှိကာဝင်ငွေ ကောင်းလျှက်ရှိကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

ပဲဆွတ်ခမှာ (အမွေးပြောင်အဆင့်) တစ်တင်းလျှင် ငွေကျပ် ၁၅ဝဝပေးရပြီး ထမင်းကျွေးရန် မလိုကြောင်း၊ ပဲဆွတ်သူတစ်ဦးလျှင် တစ်နေကုန်သုံးတင်း၊ လေးတင်းပြီးအောင် ဆွတ်နိုင်သောကြောင့် ပဲနုတ်သူများကဲ့သို့ ဝင်ငွေရရှိ ကြကြောင်း သိရသည်။

#Yadanarpondaily

Thursday, December 7, 2017

ပြည်တွင်း၌ အရည်အချင်းရှိသော ပင်လယ်ကူးသင်္ဘောသားများ ပေါ်ထွက်လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်စီစဉ်



ရန်ကုန် ၇-၁၂-၂၀၁၇

အရည်အချင်းရှိသော မြန်မာနိုင်ငံသား ပင်လယ်ကူးသင်္ဘောသားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Workshop & Panel Discussion ကို ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပရန်စီစဉ် လျက်ရှိကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းသားဟောင်းများက ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းရှိ သင်္ဘောသားနှင့် သက်ဆိုင်သော အဖွဲ့အစည်းတချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။ Workshop & Panel Discussion ကို ကုန်သွယ်ရေကြောင်း ကောလိပ်မှ ကျောင်းသားဟောင်းများ၊ ပြည်တွင်းရှိ သင်္ဘောသားနှင့် သက်ဆိုင်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သင်္ဘောသားအလုပ် အကိုင်ရှာဖွေ ရေး ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် သင်္ဘောသားလုပ်ငန်း ကဏ္ဍကို စိတ်ဝင်စားသူများ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

''ဒီပွဲကို မည်သူမဆို အခမဲ့တက်ရောက် ဆွေးနွေးနိုင်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ သင်္ဘောသားကောင်းတွေ ပေါ်ထွက်လာဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ သင်္ဘောသားတွေ လိုက်ပါလုပ်ဆောင်ရမယ့် အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ သင်္ဘောသား လုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေး ပေးမှာပါ'' ဟုမြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၏ ကျောင်းသား ဟောင်းများအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း-ဝ၉-၂၅၄၃၁၆၆၁၄ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, October 31, 2017

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ၀ိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦးအား အလုပ်ခန့်အပ်လွှာပေးအပ်


ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ သင်တန်းဆင်း ကျောင်းသားများနှင့် မိဘများအားရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇

သင်တန်းဆင်းဘွဲ့ရသည်နှင့် အလုပ်တာဝန်များပါ ခန့်အပ်ပေးသွားမည် ဖြစ်သည့်အတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့်ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကို တိတိကျကျလိုက်နာ သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G. T. I ဒီပလိုမာသင်တန်းတို့၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းရင်းသားများ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန် ဒီဂရီကောလိပ် (ရန်ကုန်) ကို ၂ဝဝဝ ပြည့်နှစ် ဇွန်လ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၃၂၄ ဦး၊ သိပ္ပံဘွဲ့ ၉၁၂ ဦး၊ A.G. T. I ဒီပလိုမာ ၄၅၆ ဦးတို့အား ဝန်ကြီးဌာန ၁၅ ခုတွင် ဝန်ထမ်းကောင်းများ အဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးတာဝန်များကို အသီးသီးထမ်းဆောင် လျက်ရှိကြကြောင်း၊ သင်တန်းဆင်းပြီးသူများထဲမှ မဟာဘွဲ့ ၁ဝ၂ ဦး၊ မဟာသုတေသနဘွဲ့၄၃ ဦး၊ B.E ဘွဲ့ ၈၈ ဦး၊ M.E ဘွဲ့ ၁၃ ဦး၊ Ph.D ဘွဲ့ ၁၃ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်သကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၅၁ မျိုး သင်တန်းဆင်းခဲ့ ကြပြီးဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံတော်၏ တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြ ပြီဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေးရည် မှန်းချက်နှင့်အညီ လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှ Long Life Learning အနေဖြင့် ယခုထက်ပိုမို မြင့်မားသည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်ဆည်းပူး ကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးကို နိုင်ငံတော်အစိုးရ အဆက်ဆက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း။

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ၏ဘဝ တိုးတက်မြင့်မား စေလိုသည့်ရည်ရွယ်ချက်နှင့် ပညာသင်ယူခဲ့သည့် ကာလအတွင်း နိုင်ငံတော်က ၁ဝဝ ရာခိုင်နှုန်းပြည့်နီးပါး ထောက်ပံ့ခဲ့ကြောင်း၊ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ရန်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ အရည်အချင်းများ ပြည့်ဝရန် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ကျရာဒေသတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာသည့် နိုင်ငံ့ ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ရင်း တိုင်းရင်းသားလူငယ်များကို ဥပဒေလေးစားလိုက်နာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်အောင် လက်တွဲခေါ်ဆောင်ပေးရန်၊ နိုင်ငံတော်နှင့် တိုင်းရင်းသား မိဘပြည်သူများအကြား ထိရောက်သည့် ကြားခံပေါင်းကူးများအဖြစ် ပါဝင်ဆောင်ရွက် သွားကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု များကိုအခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ်သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

တိုင်းရင်းသား လူမျိုးများတွင် မှန်ကန်သော ပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ် ခံယူချက်များဖြစ်လာရန် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်ဖိုးထားရန်၊ မလိုလား အပ်သည့် ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ မူးယစ်ဆေးဝါး လမ်းကြောင်းပေါ် မရောက်ရှိရန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူး သစ္စာကို အမြဲစောင့်သိရိုသေသည့် နိုင်ငံသားကောင်းများအဖြစ် ကြိုးစားသွား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းအလိုက် ထူးချွန်ဆုရကျောင်းသား များအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းဆင်း ကျောင်းသား များဖြစ်သော ဝိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦး စုစုပေါင်း ၂၉၃ ဦးတို့အား ဝန်ကြီးဌာန ၁၁ ဌာနသို့ တာဝန်ပေးအလုပ် ခန့်အပ်လွှာပေးအပ်ပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနကိုယ်စားလှယ်များက သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ခန့်အပ်လွှာများ ပေးအပ်ပြီး ကျောင်းသားကိုယ်စားလှယ် တစ်ဦးစီက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ညနေစာဖြင့်တည်ခင်း ဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, August 1, 2017

မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ အတွက် MNA မှ အသိပညာနှင့် အရည်အသွေး မြင့်မားရေး ကူညီဆောင်ရွက်ပေးမည်



ရန်ကုန် ၁-၈-၂၀၁၇

နိုင်ငံတကာ သင်္ဘောလိုင်းများ၏ စီးပွားရေး ကျဆင်းလာမှု နှင့်အတူ မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာမှုကို မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များ အသင်း (MNA) မှအသိပညာနှင့် အရည်အသွေး မြင့်မားရေး ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက လျော့နည်းကျဆင်း နေပါတယ်။ ဒါကြောင့် MNA က ပညာရှင်များ အသင်းအနေနဲ့ သင်္ဘောသားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ တွေ့ဆုံဆွေးနွေး ပွဲတွေလုပ်ပြီး အကြံဥာဏ်ကောင်းတွေ ရရှိအောင် ဆွေးနွေးဖြစ်တယ်။ မြန်မာနိုင်ငံ ရေကြောင်း ကောလိပ်နဲ့ ရေကြောင်းတက္ကသိုလ်ကျောင်း ဆင်းတွေကို နိုင်ငံတကာ သင်္ဘောလိုင်းတွေ နဲ့ ချိတ်ဆက်နိုင်အောင်  SRPS တွေနဲ့ ချိတ်ပေးနိုင်ရင် သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိမှာပါ''ဟု မြန်မာနိုင်ငံ ရေကြောင်းအတတ်ပညာရှင် များအသင်း (MNA) ဒုတိယ ဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦး ကပြောသည်။

ထို့ပြင် မြန်မာ သင်္ဘောသားများအား အကူသင်္ဘောသားအနေဖြင့် ဂျပန်သင်္ဘော လိုင်းများက ခေါ်ယူမှုများပြားကြောင်း၊ သင်္ဘောငယ်များအတွက် တောင်ကိုရီးယားနိုင်ငံက ခေါ်ယူမှုများပြားပြီး ကုန်သေတ္တာ တင်သင်္ဘောနှင့် JC သင်္ဘောများအတွက် ဥရောပနိုင်ငံများက ခေါ်ယူမှုများပြားကြောင်း သိရသည်။

#Themyawadydaily

Monday, July 3, 2017

နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ လစ်လပ်နေရာ ၃၈၈ ခုအတွက်ခေါ်ယူရာ ဖြေဆိုသူ ၄၁၂၉ ဦးရ



ရန်ကုန် ၃-၇-၂၀၁၇

ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၀န်ကြီးဌာန/ အဖွဲ့အစည်း ၁၃ ခုအတွက် လစ်လပ်ရာထူး ၃၃၈ နေရာများကို ကြော်ငြာခေါ်ယူလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်စာစစ်ဌာန ငါးခုတွင် ရေးဖြေစာမေးပွဲ ဖြေဆိုသူ ၄၁၂၉ ဦး ရှိကြောင်း သိရသည်။

ရာထူးဝင်ခွင့်ရေးဖြေ စာမေးပွဲအမှတ်စဉ် (၂/၂၀၁၇) ကို နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ မကွေးနှင့် မော်လမြိုင် စသည့်မြို့များရှိ အခြေခံပညာ စာစစ်ဌာနငါးခု၌ ဇူလိုင် ၁ ရက်နှင့် ၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့အခြေခံ ပညာဦးစီးဌာန အ.ထ.က (၄) အလုံနှင့် အ.ထ.က (၁) လမ်းမတော် စာဖြေဌာနတို့တွင် လာရောက်ဖြေဆိုသူ များအားပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ၀င်းသိမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောသည်။

လစ်လပ်ရာထူးများအတွက် ရွေးချယ်ခြင်းခံရသူသည် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတွင် ဖွင့်လှစ်သော အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့ တက်ရောက်စေပြီး ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းကာ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဖြစ် ရာထူးခန့်အပ် တာဝန်ပေးမည်ဖြစ် ကြောင်းသိရသည်။

#Themyawadydaily

Thursday, May 11, 2017

ရေကြောင်းမှကုန် သယ်ဆောင်မှု နည်းပါးလာသဖြင့် မုံရွာဆိပ်ကမ်းမှ အချို့ပုဂ္ဂလိကမော်တော်ပိုင်များ လုပ်ငန်းပြောင်းလဲလုပ်ကိုင်နေ



မုံရွာ ၁၁-၅-၂၀၁၇

မုံရွာမြို့ဆိပ်ကမ်းမှ အထက် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်မြို့တို့နှင့် အောက်ပိုင်းမြင်းခြံ၊ ပခုက္ကူ၊ ပုဂံညောင်ဦး မြို့တို့သို့ ကုန်စည် သယ်ယူ ပို့ဆောင်နေသော ပုဂ္ဂလိက မော်တော်ပိုင်များ အနေဖြင့် ရေကြောင်းမှ ကုန်သယ်ဆောင်မှုနည်းပါး လာခြင်းကြောင့် မိမိတို့ မော်တော်ရေယာဉ် သံခွံများကို သံရည်ကျိုစက်ရုံသို့ တင်ပို့ရောင်းချကာ အခြားအလုပ် အကိုင်များကို ပြောင်းလဲလုပ်ကိုင် နေသူများရှိနေ ကြောင်း မုံရွာဆိပ်ကမ်းမှ သံခွံ ရေယာဉ်ပိုင်ရှင် တစ်ဦးက ပြောပြ၍သည်။

တစ်နှစ်ထက်တစ်နှစ် ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများ တိုးတက်ပြောင်း လဲလာခြင်း၊ ကုန်သည်အများ အပြားက ရေကြောင်း သယ်ယူစရိတ် သက်သာသည်ထက် ကုန်းကြောင်း ကုန်စည်စီးဆင်းမှု သွက်လက်မှုကို ပိုမိုနှစ်သက်ခြင်း၊ ကုန်သည်များနှင့် သယ်ယူပို့ ဆောင်ရာ၌ ချိတ်ဆက်ရာတွင် ခက်ခဲလာခြင်း စသောအကြောင်းများ ကြောင့်ရေများ ချိန်ကာလရောက် လုနီးလာသော်လည်း ပုဂ္ဂလိက မော်တော်ရေယာဉ် ပိုင်ရှင်များမှာကုန်ကြမ်းရှာရန် အခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

ထိုသို့အခက် အခဲများကြောင့် အဆိုပါဆိပ်ကမ်းရှိ မော်တော်ပိုင် များမှာ မိမိတို့သံခွံ ရေယာဉ်၊ အသားခွံရေယာဉ်များကို မုံရွာသံရည်ကျိုစက်ရုံ သို့လည်းကောင်း၊ အခြားနီးစပ်ရာမြို့များမှ သံရည်ကျို စက်ရုံများသို့လည်းကောင်း အပ်နှံ ရောင်းချလျက်ရှိသည်။ အသားခွံ ရေယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိတို့အသိ မိတ်ဆွေများထံသို့ အရှုံးခံ၍ရောင်းချကာ အခြားအလုပ်အကိုင်များကို ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခင်နှစ်များက မော်တော်ပိုင်ရှင်များမှာ ကုန်တစ်မျိုးမရ တစ်မျိုးရှာပြီး သယ်ယူပို့ဆောင်ရ သည်မှာ လွယ်ကူကြောင်း၊ ယခုနှစ်ဦး ပိုင်းကစ၍ ကုန်တန်ချိန် ပြည့်ရန် လပိုင်း ခန့်ထိစောင့်ဆိုင်း ရကြောင်း၊ အချို့မော်တော်ယာဉ်များဆိုလျှင် ကုန်ကြမ်းရှားသည့် အတွက် ကျောက်စရစ်၊ သဲစုပ်လုပ်ငန်း များကို ပြောင်းလဲလုပ်ကိုင် လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, January 31, 2017

အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ


အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
( နိုင်ငံရေးဘောဂဗေဒ အတွေးအမြင်)

အလုပ်လက်မဲ့ ဖြစ်သည့်အကြောင်း

နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အတိုင်းအတာကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်နဲ့ကြည့်ရင် အလုပ်လက်မဲ့နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ တိုင်းတာတယ်။ အလုပ်လက်မဲ့နှုန်း ဖြစ်တာများရင် စီးပွားရေးအရ အကျိုးမရှိ သလို နိုင်ငံရေးမှာလဲ အန္တရာယ် ရှိတယ်ဆိုတာ လူတိုင်းက သုံးသပ်ထားပြီး ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ ပေတံ (ဒါမှမဟုတ်) အလုပ်လက်မဲ့ ဆိုတဲ့ ပေတံဟာ အင်မတန် အရေးကြီးတဲ့ မြင်ကွင်းတစ်ခု ဆိုရင်လဲ မမှားပါဘူး။

အမေရိကန်နိုင်ငံ မှာဆိုရင် သမ္မတ တစ်ယောက်ရဲ့ သက်တမ်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ဖန်တီး ပေးနိုင်တယ်။ အလုပ်လက်မဲ့နှုန်း ဘက်လောက်ရှိတယ် ဆိုတာမျိုး၊ အလုပ်လက်မဲ့နှုန်း လျော့တာ ၊ တိုးတာ စတဲ့ ကိန်းဂဏန်း အနည်း ၊ အများကို စစ်တမ်းယူလေ့ ရှိတယ်။ စနစ်တွေရဲ့ စစ်တမ်းကို ခြုံငုံကြည့်ရင် တစ်ချိန်တုန်းက ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် မှာ အလုပ်လက်မဲ့ လုံးဝမရှိစေရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဦးတည်ချက် ရှိခဲ့တယ်။ အရင်းရှင် ဒါမှမဟုတ် ဈေးကွက် စီးပွားရေးစနစ် မှာတော့ အလုပ်လက်မဲ့ ဆိုတာ လုံးဝမရှိရဘူး ဆိုတဲ့ ရည်မှန်းချက်ဟာ ယုတ္တိမရှိဘူး။ အလုပ်လက်မဲ့ ကတော့ ရှိနေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်မရှိ တာထက် အလုပ်မလုပ် ချင်တဲ့လူမျိုးလဲ ရှိမှာပဲဆိုပြီး သုံးသပ် လာကြတယ်။

ဒါကြောင့် ရာနှုန်းပြည့် အလုပ်ရှိတဲ့ အခြေအနေက သပ်သပ် ဖန်တီးတယ်ဆိုတဲ့ အနေအထားလဲ ဖြစ်တယ်လို့ ဆိုလာပြန်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပဲပုံစံ အမျိုးမျိုးနဲ့ လက်ခံကျင့်သုံးတာ ဖြစ်ဖြစ် အလုပ်လက်မဲ့ များတာကတော့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ။ အလုပ်လုပ်နိုင်တဲ့ သူက အလုပ်မလုပ်တာ ဆုံးရှုံးမှုပဲ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက် အနေနဲ့ပြောရင် တော့ အလုပ်လက်မဲ့နှုန်း ကို လျှော့ချနိုင်ဖို့ အရေးကြီး တယ်။ အလုပ်လက်မဲ့နှုန်း ကို နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း ထက် မပိုစေရ။ ဒါထက် ပိုလာရင်တော့ စီးပွားရေး ပြဿနာကနေ တစ်ဆင့် လူမှုရေး ပြဿနာ တွေ၊ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အယူအဆတွေလဲ ရှိတယ်။ အဲဒီလိုရှိတဲ့ အတွက် ကျွန်တော်တို့က မဟာဗျူဟာတွေ သုံးပြီး အလုပ်လက်မဲ့တွေ လျော့အောင် ကြိုးစားရမှာပါ။ တကယ်တမ်း အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို လဲ စဉ်းစားရမှာ ဖြစ်တယ်။ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းဟာ ယေဘုယျ အားဖြင့်တော့ နှစ်မျိုးရှိတယ်။ နိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ ကြည့်ရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ပါပဲ။

ဝယ်လိုအား၊ ရောင်းလိုအား ပြောတဲ့အခါမှာ Demand မရှိလို့ လုပ်ငန်းတွေ မချဲ့ထွင်နိုင်ဘူး ဆိုတာ ဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမှာ စီးပွားရေး မရှင်သန်နိုင်ဘူး ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ အင်မတန်မှ ခက်ခဲတယ်။ အလုပ် မရှိတော့ ပိုဆိုးတာပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ မလည်ပတ် နိုင်ဘူး။ အလုပ်သစ်တွေ ရှိရင်တော့ တစ်ဖက်က အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်နိုင်ပြီး အလုပ်တွေ များများ ရနိုင်တာပါပဲ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။ အလုပ်တွေ ရှိလာရင် တောင် အလုပ်လုပ်နိုင်တဲ့ လူတွေလဲ ရှိအုံးမှဖြစ် မှာပါ။ တော်တော် များများက အလုပ်လုပ် ချင်တဲ့သူ၊ အရည်အသွေး ရှိတဲ့သူ၊ ပညာ အရည်အချင်း ရှိတဲ့သူက အလုပ်တွေ ရှာနေပေမယ့် တစ်ဖက်က အလုပ်မပေး နိုင်တာကလဲ အများအပြား ကို ရှိနေတာပါ။

အလုပ်လက်မဲ့လို့ ပြောတဲ့အခါမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းက အဓိကကျတယ်။ အလုပ်ကို မလုပ်ချင်လို့ အလုပ်လက်မဲ့ ဖြစ်တာက တစ်မျိုးဖြစ်တယ်။ အမှန်တကယ် ကျွန်တော်တို့ နစ်နာ တာကတော့ အလုပ်ကို လုပ်ချင်ရဲ့သားနဲ့၊ အလုပ်လိုချင်ရဲ့ သားနဲ့ အလုပ်မပေး နိုင်တာက ပြဿနာပဲ ဖြစ်တယ်။ မပေးနိုင်ဘူး ဆိုတာက တစ်ခါတလေမှာ လုပ်ချင်တဲ့သူက လုပ်ချင်ပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းနဲ့ ဟိုဘက်က တောင်းဆိုလာနဲ့က နိုင်ငံရေး ဘောဂဗေဒ အတွေးအမြင် အရ Demand နဲ့ Supply ပါပဲ အဲဒီလို မကိုက်ညီဘူး ဆိုရင်လဲ အလုပ်လက်မဲ့ ဖြစ်မှာပါပဲ။

ဝိရောဓိများ

ဒါကြောင့် အခုချိန်မှာ ဖြစ်နေတာကတော့ ဝိရောဓိတွေ ပါပဲ။ ဝိရောဓိ ဖြစ်တာက အလုပ်အကိုင် အခွင့်အလမ်းတွေ လို့ပြောရင် လုပ်ငန်းရှင်တွေ ကလဲ ''ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ အရည်အသွေး ရှိတဲ့သူတွေ မရှိဘူးလို့ပြောတယ်''။ တစ်ဖက်ကလဲ လူငယ်တွေက ''အလုပ်တွေရှာတယ်။ ဒါပေမဲ့ အလုပ်မရဘူး''လို့ ပြောတယ်။ အဲဒီလိုမျိုးကို ဝိရောဓိတွေ ဖြစ်နေတာပါ။ တစ်ဖက်က ဝန်ထမ်းတွေ လိုပေမယ့် တခြားဘက်မှာ အလုပ်တွေမ ရဘူးဆိုပြီး ဖြစ်နေကြတယ်။ အဲဒါက ပြဿနာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်တဲ့ နေရာမှာ အဲဒီပေတံတွေနဲ့ သုံးသပ်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဟန်ချက်မညီ တာပါပဲ။ ဟန်ချက်မညီတာ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းခွင် လောကကြီးနဲ့ ပညာရေးလောက မချိတ်ဆက်တာ တွေကြောင့်ပါပဲ။ မချိတ်တဲ့အခါမှာ ပညာရေးလောက ကလဲ ပညာတတ်တွေ ထုတ်ပေးနေတာပဲ ဖြစ်တယ်။ အဲဒီလို ထုတ်ပေးနေတဲ့ ပညာတတ်တွေရဲ့ အရည်အချင်းတွေက လုပ်ငန်းခွင်မှာ သုံးလို့ မရပြန်ဘူး။ သုံးလို့မရတဲ့ အခါမှာ လုပ်ငန်းခွင် လိုအပ်ချက်ကို ရာနှုန်းပြည့် မပေးနိုင်တောင် ၈ဝ ရာခိုင်နှုန်း ပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်တယ်။

အဲဒီလိုကြိုးစားမှလဲ အလုပ်အကိုင် အခွင့်အရေး တွေက ရှိနေမှာပါ။ ဒါကြောင့် ပညာရေးပေါ်လစီ ကလဲ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ပညာရေး ကလဲ ကိုယ်သင်ချင်တာ သင်မယ်ဆိုပြီး လုပ်လို့ မဖြစ်ပါဘူး။ အဲဒီလိုပဲ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်လိုချင်တာတွေ ကွက်တိရမယ်လို့ မျှော်လင့်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးဆိုတာ လုပ်ငန်းခွင် တစ်ခုတည်းအတွက် သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား၊ ပြုပြင်ပြောင်းလဲမှု တွေတိုင်းအတွက် အရေးကြီးတဲ့ကဏ္ဍ တစ်ခုအနေနဲ့လဲ ပါဝင်နေတာပဲ ဖြစ်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်တာကတော့ လူငယ်တွေ အပါအဝင် သုံးပွင့်ဆိုင် (ဒါမှမဟုတ်) လေးပွင့်ဆိုင် ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့သူ၊ ပညာရေးလောက၊ အလုပ်ရှင် နဲ့ နိုင်ငံတော် အစိုးရပါပဲ။ အားလုံးညှိနှိုင်းမှ ရမယ့် အရာပဲ ဖြစ်တယ်။

အခုဖြစ်နေတာက ပညာရေး တာဝန်ရှိတဲ့သူ ကလဲ သင်ကြားရေး တစ်ခုကိုပဲ အာရုံစိုက်နေတယ်။ သင်ကြားရေးတွေဟာ အလုပ်နဲ့ ပတ်သက်လား၊ မပတ်သက်ဘူးလား ဆိုတာကို သိပ်မစဉ်းစားဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့ကလဲ ကိုယ်က ဘယ်လိုလူတွေ လိုချင်တယ် ဆိုတာကို ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မှလဲ ပြေလည်မှာ ဖြစ်တယ်။

အလုပ်လက်မဲ့ပြဿနာ

ဒီတော့ အလုပ်လက်မဲ့ ဖြစ်တာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အလုပ်လုပ်ချင်တဲ့ သူတွေ အလုပ်မရှိရင် စိတ်ဓာတ် ကျလာမှာပဲ ဖြစ်တယ်။ ပညာတတ်တဲ့ ကလေးတွေ အလုပ်လက်မဲ့ ဖြစ်ရင် ပိုဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က မြင့်မားတဲ့အတွက် မကျေနပ်မှုကလဲ ကြီးထွားပါတယ်။ နောက်ပြီး မြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်ပူပင်ဆုံး ကတော့ ပညာတတ် အလုပ်လက်မဲ့ ဖြစ်တာကိုပါပဲ။ အဲဒီတော့ ဖြေရှင်းနိုင်မယ့် နည်းကို ရှာဖွေရမှာပဲ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းတဲ့ နေရာမှာ ဘာကို သတိပြုရမလဲ ဆိုတော့ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက လူငယ်တွေ အလုပ်ရှာရလို့ ပါပဲ။ ဒါဆိုရင် အလုပ်ရှာမယ့် အစား ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပါပဲ။ နိုင်ငံတော်အစိုးရ အနေနဲ့လဲ ကိုယ်ပိုင်အလုပ် လုပ်တဲ့ လူငယ်တွေ များများမွေးထုတ် ပေးနိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးရမှာပဲ ဖြစ်တယ်။

လူငယ်တွေရဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ အတွက် ဈေးကွက်နဲ့ ချိတ်ပေးတာတို့၊ ငွေရေး၊ ကြေးရေး အထောက်အပံ့တွေ ပေးတာတို့ လုပ်ပေးရမှာပဲ ဖြစ်တယ်။ ဒီအလုပ်လက်မဲ့ကို ဖြေရှင်းမယ့် မဟာဗျူဟာတွေ ကိုတော့ အမျိုးမျိုးစဉ်းစား ကြရမှာပဲဖြစ်တယ်။ များများစဉ်းစား ရမှာ ဖြစ်သလို အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေဟာ အခုဆိုရင် ဖားကန့်မှာ ကျောက်စိမ်း လုပ်ငန်းတွေဆီ ရောက်သွား ကြတာ အပါအဝင် ဘေးအန္တရာယ် ရှိတဲ့ လုပ်ငန်းတွေ သွား လုပ်ကြတာ တွေ့နေရတယ်။ ပိုပြီးအံ့သြစရာ ကောင်းတာက ကျွန်တော်တို့ ဆီမှာပဲ အလုပ်လက်မဲ့တွေ ဖြစ်နေကြတာ။ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုယ့်ဆီက အလုပ်သမားတွေ ပုံနေတာပဲ ဖြစ်တယ်။ 

ကိုယ့်ဆီမှာ အခွင့်အရေး မရှိရင်တော့ သူများဆီ သွားမှာပဲဖြစ်တယ်။ အဲဒီလိုသွားတဲ့ သူတွေကို ကျွန်တော်တို့က အပြစ်တင်လို့ မရဘူး။ အဲဒီလူတွေ ကိုယ့်နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်ချင် အောင် ဘယ်လို လုပ်မလဲ။ ဒါဟာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တစ်ရပ်ဆိုရင်လဲ မမှားပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေ အသက်ဝင်ဖို့ လိုတယ်။ လုပ်ငန်းအသစ်တွေ ရှိဖို့လဲ လိုတယ်။ ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်အောင်လဲ ဖန်တီးပေးဖို့ လိုတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရ မှာ တာဝန်ရှိသလို ပုဂ္ဂလိက ကဏ္ဍမှာလဲ တာဝန်ရှိတယ်။

အစိုးရတိုင်း အာရုံစိုက်ရသည့်ကိစ္စ

ပုံမှန်အနေအထားကို မဖန်တီးနိုင်ရင် လူငယ်တွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ အဖြေရှာကြတာ တွေရှိလာတယ်။ အဖြေရှာတဲ့ အခါမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ အလုပ်တွေ၊ မကြံစည်သင့် တာတွေ ကြံစည် လာကြတယ်။ အဲဒီကနေ တစ်ဆင့် လူမှုရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ အများကြီးဖြစ် လာရတာပါပဲ။ မူးယစ်ဆေးဝါးကိစ္စ၊ ဒုစရိုက်ကိစ္စ၊ လူမှုရေးပြဿနာ အဆုံး၊ ဒါတွေဟာ တဖြည်းဖြည်းနဲ့ လှိုင်းတွေကြီးလာ တာပဲဖြစ်တယ်။ အဲဒီလို လှိုင်းတွေ ကို လက်ပိုက်ကြည့် နေမယ့်အစား ဘယ်လိုလုပ်မလဲ၊ လူငယ်တွေကို ဘယ်လိုစည်းရုံး ကြမလဲ စဉ်းစားစရာပါ။ အစိုးရအနေနဲ့ ဒါတွေကို ထောက်ရှုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုလာ ပြီပဲဖြစ်တယ်။ လုပ်အားကို အများကြီး သုံးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ လိုတယ်။ လုပ်သားတွေ အများကြီး ပါဝင်နိုင်တဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ လိုနေတာပဲ ဖြစ်တယ်။

ဥပမာ-ထားဝယ်၊ မြိတ်လို အောက်မြန်မာပြည် က လူငယ်တွေက တစ်ဖက်နိုင်ငံက ငါးလုပ်ငန်း တွေမှာ သွားပြီး အလုပ်လုပ် ကြတယ်။ နည်းနည်း အဆင့်မြင့်တဲ့ သူကတော့ စင်ကာပူကို သွားကြတယ်။ ဒါကဈေးကွက်ရဲ့ အနေအထားပဲ ဖြစ်တယ်။ အရေးကြီးတာ ကတော့ သူတို့တွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာပဲဖြစ်တယ်။ ဒါကြောင့်အလုပ်မဲ့ ပြဿနာဟာ စီးပွားရေး သက်သက် မဟုတ်ပါဘူး။ လူမှုရေး၊ နိုင်ငံရေး တွေအားလုံး ထိခိုက်လာမှာပဲ ဖြစ်တယ်။ ဒုစရိုက်မှုတွေကို အားပေးသလို ဖြစ်လာမှာပဲလို့ ယူဆရမှာပါ။ အလုပ်လက်မဲ့ ပြဿနာဟာ နိုင်ငံတကာ အစိုးရတိုင်း အာရုံစိုက် ရတဲ့ကိစ္စပဲ ဖြစ်တယ်။ အဓိကကတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားရမယ့် ကိစ္စ တစ်ခုလို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Friday, December 9, 2016

ပင်လယ်ငါးဖမ်းရာသီ တွင် ရေလုပ်သားရှားပါးမှု တွေ့ကြုံနေရ



ဖျာပုံ ၊ ၉-၁၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၌ ရေလုပ်သား ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရန် အခက်အခဲများ တွေ့ကြုံ နေရကြောင်း သိရသည်။

ယခုအခါ ပင်လယ် ငါးဖမ်းရာသီ ရောက်ရှိလာပြီ ဖြစ်သော်လည်း ရေလုပ်ငန်း လုပ်ကိုင်ကြသည့် လုပ်ငန်းရှင် များသည် အလုပ်သမား ရှားပါးလာ သဖြင့် ပွဲစားများမှ တစ်ဆင့် အလုပ်သမား များကို ငှားရမ်းနေကြ ရသည်။

ပင်လယ် ငါးဖမ်းသည့် လုပ်ငန်း နှစ်မျိုးရှိပြီး ဒေသအခေါ် ကျားပိုက်လုပ်ငန်း သည် ပင်လယ်ပြင်၌ ဖောင်ဖွဲ့ကာ လုပ်သားသုံးဦးဖြင့် လုပ်ကိုင်ရသည်။ ကျန်တစ်မျိုးမှာ ပင်လယ်ပြင်၌ စက်လှေဖြင့် ငါးဖမ်းခြင်း ဖြစ်ပြီး ဒေသအခေါ် ဘုံကျောင်း ငါးဖမ်းလုပ်ငန်း ဖြစ်ကာ အလုပ်သမား ဦးရေ ၂ဝ နီးပါး အသုံးပြုရကြောင်း သိရသည်။

ယခုအခါ ပင်လယ်ငါးဖမ်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြ သဖြင့် အလုပ်သမား လိုအပ်ချက်ပို၍ ကြီးမားလာပြီး အလုပ်ရှင်၊ အလုပ်သမား ဆိုင်ရာ အငြင်းပွားမှု များလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ဖျာပုံမြစ်ကမ်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ က ပြောသည်။

ယခုကဲ့သို့ ရေလုပ်သား ရှားပါးမှုနှင့် အလုပ်ရှင်၊ အလုပ်သမား ဆိုင်ရာ အငြင်းပွားမှု များကို ဖြေရှင်းနိုင်ရေး အတွက် ရေလုပ်ငန်း ရှင်များက တရားဝင် တာဝန်ယူမှု၊ တာဝန်ခံမှု များရှိသည့် အလုပ်သမား ရှာဖွေရေး လုပ်ငန်းများ ပေါ်ပေါက်လာရန် မျှော်လင့် နေကြောင်း သိရသည်။

ဖျာပုံမြို့နယ်၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင် နေကြသော လုပ်ငန်းရှင် ၂ဝဝ ကျော်ရှိပြီး ငါးဖမ်းစက်လှေ အစင်းရေ ၄ဝဝ နီးပါး ရှိကြောင်း ဖျာပုံမြစ်ကမ်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Tuesday, November 8, 2016

မုဒုံစောင်ရက်ကန်း လုပ်ငန်းများ မတိမ်ကောစေရန် စိတ်ဝင်စားသူများကို ရက်ကန်းရက်လုပ်နည်း အခမဲ့ သင်ကြားပေးမည်



မုဒုံ ၊ ၈-၁၁-၂၀၁၆

မွန်ပြည်နယ် မုဒုံမြို့နယ် အတွင်းရှိ ကျိုက်ရွဲကျေးရွာ ထွက် မုဒုံရက်ကန်း စောင်များကို လူကြိုက်များပြီး ဝယ်ယူမှုများ ရှိသော်လည်း ရက်လုပ်သူ ရှားပါး လာခြင်းကြောင့် ရက်ကန်း လုပ်ငန်းများ မတိမ်ကော စေရန်နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် စိတ်ပါဝင်စား သူများကို ၂ဝ၁၇ ခုနှစ်မှစ၍ ရက်ကန်းရက် လုပ်နည်း အခမဲ့ သင်ကြားပေး သွားမည် ဖြစ်ကြောင်း မုဒုံစောင် လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ငွေစိန် ထံမှ သိရသည်။

''ပြည်ပမှာ အလုပ်သွားလုပ်တဲ့ သူတွေများလာလို့ မုဒုံစောင်ရက်တဲ့ ရက်ကန်း လုပ်ငန်းတွေ ပပျောက်သလောက် ဖြစ်ကုန်ပြီ။ ဒီလို မတိမ်ကောရအောင် မုဒုံစောင် ရက်လုပ်တာ ကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ရက်ကန်းပညာ အခမဲ့ သင်ကြားပေးဖို့ စီစဉ်ဖြစ်တာပါ'' ဟု ဒေါ်ငွေစိန် က ပြောသည်။

လက်ရှိတွင် မုဒုံစောင်များမှာ ဈေးကွက်အတွင်း ရောင်းချရလျက် ရှိသော်လည်း ရက်လုပ်သူ နည်းပါးခြင်းကြောင့် ဝယ်ယူလိုသူ များအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။ ကျိုက်ရွဲကျေးရွာ ၌ ယခင်က ရက်ကန်းစင် ပေါင်း ၂ဝ ကျော်ရှိခဲ့ သော်လည်း ယခုအခါ ရက်ကန်းစင် သုံးစင်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် မုဒုံစောင် ရက်ကန်းလုပ်ငန်း များ ပြန်လည်တိုးပွား လာစေရေးအတွက် ရက်ကန်းသမားများ မပျောက်ပျက် စေရန် ယခုကဲ့သို့ စီစဉ်ပေးခြင်း ဖြစ်ပြီး စောင်များ ဈေးကွက် အတွင်းသို့ ဖြန့်ဖြူး နိုင်သည်အထိ
သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, July 4, 2016

တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုပြီးသူများနှင့် ဘွဲ့ကြိုကျောင်းသားများ အတွက် ပညာပေးသင်တန်းများ အခမဲ့ပို့ချပေးသွားမည်


ရန်ကုန် ၊ ၄-၇-၂၀၁၆

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီး သူများနှင့် ဘွဲ့ကြိုကျောင်းသား များအတွက် လိုအပ်မည့် ပညာပေး အစီအစဉ်များကို work.com.mm အလုပ်အကိုင် ရှာဖွေရေး website မှ ပညာရေး အတိုင်ပင်ခံ ဝန်ဆောင်မှု သင်တန်းများနှင့် ပူးပေါင်းကာ အခမဲ့ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများအား လူငယ်များအတွက် လုပ်ငန်းခွင် မဝင်မီ အရည်အချင်း ပြည့်ဝသော လူငယ်များ ဖြစ်လာစေရန် အွန်လိုင်းအလုပ်ရှာ ဝက်ဘ်ဆိုက်မှ မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း များရှာဖွေနိုင်ရန် လိုအပ်မည့် ပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြား စီစဉ်ပေးလျက် ရှိကြောင်း၊ ယင်းသင်တန်း တွင် မိမိအကြောင်း ဖော်ပြပေးသော စာကောင်း တစ်စောင် ရေးသားနည်း (cover letter) နှင့် အလုပ်အင်တာဗျူး ဖြေဆိုနည်း တို့အား သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

''ဒီလိုသင်တန်းတွေ ပြုလုပ်ပေး နေတာဟာ ပြည်တွင်း အလုပ်သမား အင်အားစု အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်သလို ကျွန်တော်တို့ရဲ့ အွန်လိုင်းအလုပ် ရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက် ဈေးကွက် အတွက်လည်း သက်ရောက်မှု ရှိနေပါတယ်။ အလုပ်အကိုင် ရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ အသိပညာ ပေးသင်တန်းတွေ ကနေ CV တစ်စောင်ရဲ့ အရေးပါပုံတွေကို အလုပ်ရှာ နေတဲ့သူတွေ ဆီ တိုက်ရိုက်ပြောပြလို့ ရတဲ့အတွက် ကုမ္ပဏီ တွေအတွက်လည်း လူတစ်ယောက်ရဲ့ အရည်အချင်းကို အကဲဖြတ်တဲ့ အခါ လွယ်ကူ သွားတော့မှာပါ''ဟု work.com.mm မှ မန်နေဂျာ Mr. Bart Van Dijk ပြောသည်။

အဆိုပါ ပညာပေး သင်တန်းများကို တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်း များနှင့် အဖွဲ့အစည်းများတွင် သင်ကြားပေးလျက် ရှိပြီး သင်တန်းပို့ချ ပေးခြင်း အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသော ကျောင်းများ၊ အဖွဲ့အစည်းများ ကိုလည်း ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Sunday, March 6, 2016

အခြေခံပညာကဏ္ဍ အတွက် ဆရာ ဆရာမ တစ်သိန်းကျော် ခန့်မည်


ရန်ကုန် ၊ ၆-၃-၂၀၁၆

အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းလျက် နိုင်ငံ့သားကောင်း ရတနာများ များစွာမွေးထုတ် ပေးနိုင်မည့်အပြင် အလုပ်အကိုင်များ ပိုမိုရရှိ လာမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်ကို သက်ဆိုင်ရာ ဒေသအလိုက် ဖြည့်ဆည်း
ပေးရေးအတွက် ညွှန်ကြားချက် အသီးသီး ကိုလည်း ထုတ်ပြန် ပေးထားသည်။

ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ယခုအခါ ကျောင်းနေနှုန်း မြင့်မားကာ စာတတ်မြောက်မှု နှုန်းထားမှာ ၉၅ ရာခိုင်နှုန်း ကျော်ရှိလာခဲ့ ပြီဖြစ်သည်။ လာမည့် ပညာသင်နှစ် တွင် ဆယ့်နှစ်တန်း ပညာရေးစနစ် စတင်တော့မည် ဖြစ်၍ ဆရာ လိုအပ်ချက် ဖြည့်ဆည်းရင်း နေ့စားလပေး ဆရာများ ဝင်ရောက် လုပ်ကိုင်ခွင့် အတွက် ဝင်ခွင့် စာမေးပွဲများ ဖြေဆိုရမည် ဖြစ်သည်။

ဝင်ခွင့် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတကို ကြိုတင် လေ့လာထားရမည် ဖြစ်ပြီး လျှောက်ထားရန် လိုအပ်သည့် အရည်အချင်း များကို သတင်းစာများတွင် အသေးစိတ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။ ဆရာ လိုအပ်ချက်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ ဆရာများ အများဆုံး လိုအပ်လျက် ရှိသည်။ ယခု ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလတန်းပြ ၂၄၃၅၉ ဦး၊ အလယ်တန်းပြ ၆၆၁၃ ဦးနှင့် အထက်တန်းပြ ၅၄၃၁ ဦး လိုအပ်ချက် များကိုလည်းဖြည့်ဆည်း ခန့်အပ်လျက် ရှိသည်။

၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မူလတန်း ပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် မူလတန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း ၁ဝ ဒသမ ၉ သန်းခေါ်ယူရန် လိုအပ်မည်ဟု ယူနက်စကို စာရင်းအင်း သိပ္ပံက ခန့်မှန်းထားသည်။ ယခုနှစ် အခြေခံပညာ ဆရာ ခန့်ထားရေးတွင် ဆရာ အပြောင်းအရွှေ့၊ ရာထူးတိုးများ ပြုလုပ်ပေးခြင်း၊ လိုအပ်လာမည့် မူလတန်းပြ ဆရာနေရာ အတွက် ဘွဲ့ရများကို နေ့စားလပေး ခန့်ထားခြင်းနှင့် ပင်စင် ယူသွားသည့် ဆရာများ၊ ဌာနနှင့် ကင်းကွာနေသည့် ဆရာများအား ကန်ထရိုက် စနစ်ဖြင့် ခန့်ထားခြင်း တို့ ဆောင်ရွက်သွားရန် ပညာရေး ဝန်ကြီးဌာနတွင် ဆွေးနွေးလျက် ရှိသည်။

အထက်တန်းပြ ဆရာ လိုအပ်ချက် ဖြည့်တင်းရန် ပညာရေး တက္ကသိုလ်မှ ပညာရေး (BE.d) ဘွဲ့ရဆရာများကို တိုက်ရိုက်ခန့်ရန်၊ ပညာရေးဘွဲ့(BE.d) စာပေးစာယူ တက်ရောက် နေသူများကို အခြေခံပညာ အလယ်တန်းပြ ဆရာများ အဖြစ် အစမ်းခန့် ထားပြီး ဘွဲ့ရပါက အမြဲခန့်သွားရန်၊ ၂ဝ၁၄ ခုနှစ်က ခန့်ထားသည့် နေ့စားလပေး ဆရာများ အနက် ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့ရရှိသည့် ဆရာများကို ခြောက်လ တစ်ကြိမ် ရာထူးတိုး ပေး၍ အထက်တန်းပြ အဖြစ် အစမ်းခန့် ထားပြီး ပညာရေးဘွဲ့ ရရှိပါက အမြဲခန့်သွား ရန်နှင့် အလယ်တန်းပြ ဆရာများ အနက် လုပ်သက် အနည်းဆုံး ၁ဝ နှစ်ရှိပြီး တာဝန် ကျရာသို့ သွားရောက် ထမ်းဆောင် နိုင်မည့် ဆရာများအား အရည်အချင်းစစ် စာမေးပွဲ ကျင်းပ၍ အစမ်းခန့် ထားရန်နှင့် ပညာရေး ဘွဲ့ရရှိပါက အမြဲ ခန့်သွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

နိုင်ငံတော်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေး အသုံးစရိတ်ကို အများဆုံး တိုးမြှင့်ချထား ပေးခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန အားလုံး စုစုပေါင်း သုံးစွဲငွေ၏ ၅ ဒသမ ၂၄ ရာခိုင်နှုန်း ကို ပညာရေး ကဏ္ဍအား ခွဲဝေပေး ခဲ့ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, December 28, 2015

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

မြန်မာနိုင်ငံရှိ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော work.com.mm မှကြီးမှူးပြီး အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပရန် စီစဉ်ထားပြီး ပြည်တွင်းရှိ အလုပ်အသစ် ရှာဖွေလုပ်ကိုင် လိုသူများနှင့် အလုပ်ပြောင်းရွှေ့ လုပ်ကိုင်လိုသူများ အတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် အရောင်း မြှင့်တင်ရေး ဝန်ထမ်းများ၊ စာရင်းကိုင်များ၊ အိုင်တီ ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲရေး ရာထူးများအပြင် တခြား အလုပ်အကိုင်များနှင့် ရာထူးနေရာများ အတွက်လည်း ကုမ္ပဏီအသီးသီးမှ လိုအပ်သော ဝန်ထမ်းများ ခေါ်ယူသွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် မိမိတို့ကြိုက် နှစ်သက်ရာ အလုပ်အကိုင်များကို တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည်။

အလုပ်လျှောက်ထား လိုသူများသည် CV ပုံစံ အလုပ်လျှောက်လွှာ၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံနှင့် လိုအပ်သော စာရွက်စာတမ်း များကို မိမိတို့နှင့်အတူ တစ်ပါတည်း ယူဆောင်လာပြီး လျှောက်ထား နိုင်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အရည်အချင်းနှင့် ကိုက်ညီသူ များကိုလည်း ပြပွဲ ကျင်းပသည့်နေ့ မှာပင် တစ်ခါတည်း လူတွေ့မေးမြန်းပြီး သင့်လျော် သူများကို စိစစ်ရွေးချယ်ကာ အလုပ်ခန့်အပ် သွားမည့် ကုမ္ပဏီများလည်း ပြပွဲတွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အလုပ်အကိုင် ပြပွဲတွင် ပြည်တွင်းမှ ကုမ္ပဏီများနှင့် ပြည်ပ အခြေစိုက် ကုမ္ပဏီပေါင်း ၃ဝ ကျော်နှင့် Save The Children ၊ WWF ကဲ့သို့သော အဖွဲ့အစည်း များမှ အလုပ်အကိုင်များ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger