www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကိုယ်ပိုင်ကျောင်း. Show all posts
Showing posts with label ကိုယ်ပိုင်ကျောင်း. Show all posts

Thursday, February 9, 2017

ကိုယ်ပိုင်အထက်တန်း ကျောင်းများ၌ ၀ိဇ္ဇာဘာသာရပ် ရွေးချယ်သော ကျောင်းသားများ နည်းပါးလာ



ရန်ကုန် ၊ ၉-၂-၂၀၁၇

ပြင်ပ၌ ဖွင့်လှစ်ထားသော ကိုယ်ပိုင် အထက်တန်းကျောင်းများ၌ ဝိဇ္ဇာဘာသာရပ် ကို ရွေးချယ် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူမှာ နည်းပါးလာကြောင်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ခုမှ ဆရာ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဦးတင်မောင်ညွန့် ထံမှ သိရသည်။

''ကျောင်းသား၊ ကျောင်းသူတွေက လက်တွေ့ လုပ်ဆောင်ရတဲ့ သိပ္ပံဘာသာတွဲ တွေကို စိတ်ဝင်စားမှု ရှိလာတာ တွေ့ရတယ်။ တချို့ ကျောင်းတွေမှာဆို သိပ္ပံဘာသာတွဲ သင်တဲ့ စာသင်ခန်း ငါးခန်းရှိပြီး ဝိဇ္ဇာဘာသာတွဲ သင်တဲ့ စာသင်ခန်းက တစ်ခန်းလောက်ပဲ ရှိတယ်။ အချိုးက အတော်ကွာခြား နေပါတယ်'' ဟု ဦးတင်မောင်ညွန့် က ပြောသည်။

ယခင်က တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပါက တက္ကသိုလ် ရွေးချယ်ရာတွင် ဘာသာတွဲနှင့် ရမှတ်အပေါ် အခြေခံလေ့ရှိပြီး ယခု နောက်ပိုင်းတွင် ဖြေလျှော့မှုများကို လုပ်ဆောင်လာကြ သော်လည်း မိဘအများစု ၏စိတ်ထဲတွင် သိပ္ပံဘာသာတွဲ ကသာ ရွေးချယ်မှု အခွင့်အလမ်း ပိုသာသည်ဟု မှားယွင်းစွာ ယူဆထား ကြသည်။

ဝိဇ္ဇာဘာသာရပ် သည်လည်း တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ လူဦးရေနှင့် ဝင်ငွေ တွက်ချက်နည်းများ၊ ရှေးမြန်မာ ရာဇဝင်များ၊ ကမ္ဘာ့နိုင်ငံများ၏ သမိုင်း အဖြစ်အပျက်များ၊ ရေမြေ သယံဇာတ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဗဟုသုတ များကို အခြေခံကာ ဖြည့်ဆည်းပေး ထားသော ဘာသာတွဲများ ဖြစ်သည့် အတွက် ပစ်ပယ်၍ မရသော ဘာသာတွဲ တစ်ခုလည်း ဖြစ်ကြောင်း ဦးတင်မောင်ညွန့် က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, September 22, 2016

ရန်ကုန်မြို့အတွင်း ကိုယ်ပိုင်ကျောင်းဖွင့်ရန် လျှောက်ထားမှုများကို ယခုလအတွင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးမှသာ ခွင့်ပြုသွားမည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသော ပုဂ္ဂလိက ကျောင်းပေါင်း ၅ဝ ကျော်ရှိပြီး ခွင့်ပြုနိုင်ရန် စစ်ဆေးရေး အဖွဲ့များက လိုက်လံ စစ်ဆေးနေပြီ  ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ကိုယ်ပိုင်ကျောင်း ဖွင့်ဖို့ ဘယ်လောက်ထိ ခွင့်ပြုမယ် ဆိုတာတော့ တိတိကျကျ မသိသေးပါဘူး။ လျှောက်ထားတဲ့ ကျောင်းပေါင်း ကတော့ ၅ဝ ကျော် ရှိပါတယ်။ ကွင်းဆင်းပြီး စစ်ဆေးရေး အဖွဲ့တွေက လိုက်လံစစ်ဆေး နေပါတယ်။ ဖွင့်ခွင့်ရမယ့် ကျောင်းတွေကိုတော့ အခုလအတွင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ခံသော ကျောင်းများကို အခြေခံပညာ ဦးစီးဌာနသို့ ဆက်လက် တင်ပြ၍ ယခုလအတွင်း တွင် ဖွင့်လှစ်ခွင့်ပြုရန် စီစဉ် ထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကိုယ်ပိုင်ကျောင်း ပေါင်း ၁၅၄ ကျောင်း ဖွင့်လှစ်ခွင့်ပြု ထားပြီး ကိုယ်ပိုင်ကျောင်း များကို ယာယီလိုင်စင် အနေဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ် သတ်မှတ်ကာ ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ချက် များနှင့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ ဖွင့်လှစ်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်က ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ကိုယ်ပိုင်ကျောင်း နည်းဥပဒေကို ပြဋ္ဌာန်းပေး ခဲ့ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Tuesday, June 21, 2016

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၁၇ ကျောင်း တိုးချဲ့ဖွင့်လှစ်



ပဲခူး ၊ ၂၁-၆-၂၀၁၆

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် ကိုယ်ပိုင်ကျောင်း ၁၇ ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ သဖြင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၄၂ ကျောင်းအထိ ရှိလာကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

''အရင်နှစ် ကတော့ ကိုယ်ပိုင်ကျောင်း ၂၅ ကျောင်းပဲ ရှိခဲ့ပါတယ်။ ကိုယ်ပိုင်ကျောင်း လျှောက်ထားသူ တွေဟာ နိုင်ငံတော်က သတ်မှတ် ပေးထားတဲ့ ကိုယ်ပိုင်ကျောင်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက် မှုရှိ၊ မရှိ လိုက်လံ စစ်ဆေးရပါတယ်'' ဟု ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ် ၂၈ မြို့နယ်၌ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၃ ကျောင်း၊ ထပ်ဆင့်သင်ကျောင်း (ဒသမတန်းနှင့် နဝမတန်း) ၂၇ ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း တစ်ကျောင်း စုစုပေါင်း ကိုယ်ပိုင်ကျောင်း ၄၂ ကျောင်းအထိ ဖွင့်လှစ် ထားကြောင်း သိရသည်။

နိုင်ငံတော်က အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း ဟု သုံးမျိုးခွင့်ပြု ပေးထားပြီး ကိုယ်ပိုင်ကျောင်း များအနေဖြင့် ကျောင်းသား အချိုးနှင့် ဆရာအချိုး ညီမျှမှုအပြင် ဘက်စုံ သင်ပေးသည့် ပညာရေးစနစ် ဖြစ်စေလိုသဖြင့် ဥပဒေ နှင့် မညီညွတ်ပါက ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း ထံမှ သိရသည်။

ကိုယ်ပိုင်ကျောင်း များ၌ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် တန်းခွဲ အဆင့်အလိုက် ခရိုင်အဆင့် မေးခွန်းများ၊ တိုင်းအဆင့် မေးခွန်းများ၊ သက်ဆိုင်ရာ မြို့နယ်များ၏ မေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပြီး ဒသမတန်းတွင် သက်ဆိုင်ရာ စာစစ်ဌာနများ၌ အစိုးရစစ် မေးခွန်းများကို ဖြေဆို ရမည်ဖြစ်သည်။ 

ကိုယ်ပိုင်ကျောင်း များကို စမ်းသပ်ကာလ တစ်နှစ်နှင့် ယာယီသက်တမ်း ကာလနှစ်နှစ် တို့တွင် သတ်မှတ် စည်းကမ်းအတိုင်း လိုက်နာသင်ကြား မှသာ ရေရှည် သင်ကြားခွင့် ရရှိမည် ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

Thursday, May 12, 2016

အစိုးရကျောင်း ၊ ကိုယ်ပိုင်ကျောင်း ပြီးတော့ . . ပညာရေးစနစ်



ရွှန်းရည်ခေါင် (ဥပဒေ)

မိုးရွာပြီးစအချိန် ဖားတွေ အော်သလို ဝိုင်းအော် နေကြတဲ့ ဒီနေ့ခေတ် အော်သံတွေ ထဲမှာ ပညာရေးစနစ် ပြုပြင်ရေး၊ ပညာရေး ဥပဒေ ပြုပြင်ရေးဆိုတဲ့ အသံတွေလဲ ပါဝင်နေတယ် လို့ အများက ပြောဆိုနေ ကြတယ်။

အခုလို အော်ဟစ် နေကြတဲ့ ပညာရေးအော်သံ တွေကို မှားတယ် လို့ မပြောနိုင် သလို မှန်တယ်လို့လဲ ဝန်ခံလို့ ဖြစ်မယ် မထင်ဘူး။ အခုလို အော်နေကြတဲ့ အသံတွေဟာ မူလအုတ်မြစ် အသံတွေ မဟုတ်ဘဲ ရေပေါ်ဆီ အသံတွေလို့ ပြောမယ်ဆိုရင် ပြောလို့ရတဲ့ အသံတွေ ဖြစ် နေလို့ပဲပေါ့။

ပညာရေးရဲ့ မူလအုတ်မြစ်ကို မြင်အောင်ကြည့်ပါ။

ပြောလောက်အောင် မကြာသေးတဲ့ လွန်ခဲ့တဲ့ အချိန်တုန်းက စာရေးသူတို့ နိုင်ငံရဲ့ပညာရေးဟာ အကွဲကွဲ အပြားပြား ဖြစ်နေခဲ့တယ်။ နိုင်ငံတော် အစိုးရရဲ့ မူအတိုင်း ပညာသင်ပေး နေကြတဲ့ နိုင်ငံတော် ကျောင်းတွေ ရှိသလို ကိုယ့်နည်း၊ ကိုယ့်ဟန်၊ ကိုယ့်မူနဲ့ သွားနေကြတဲ့ ပုဂ္ဂလိကပိုင် ကျောင်းတွေကလဲ တစ်ပြုံ တစ်ခေါင်း ရှိနေတယ်။

တစ်မြေတည်း နေ၊ တစ်ရေတည်း သောက်၊ တစ်လှေတည်း စီး၊ တစ်ခရီးတည်း သွားရမယ့် မြန်မာ့မြေမှာ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေကြတဲ့ ပုဂ္ဂလိက ကျောင်းတွေကို ဒီအတိုင်း လက်ပိုက်ကြည့် နေလို့တော့ မတော်ဘူး ဆိုပြီး ပုဂ္ဂလိက ကျောင်းမှန်သမျှ အစိုးရကျောင်း ဖြစ်စေရမယ်လို့ လမ်းခင်းပေး လိုက်တယ်။ အဲဒီလမ်းက တကယ့်ကို ကောင်းမွန်တဲ့ လမ်းပါ။ ဆင်းရဲချမ်းသာ မရွေး တစ်ပြေးညီ ပညာ သင်ယူခွင့် ရတဲ့ လမ်းကောင်း၊ လမ်းမွန်ပါ။ ပြည်သူ၊ ပြည်သားတိုင်း ကျေနပ် နှစ်သက်တဲ့ လမ်းပါ။

အခုတော့ အဲဒီ ပညာရေး လမ်းကောင်းကို ဖျက်ဆီးပစ် လိုက်ကြပြီ။ ပညာရှိ သုခမိန်ကြီး တွေရဲ့ ရွှေဉာဏ်တော် အတွေးချော် လိုက်ကြတာ လို့ပဲ ပြောရမယ် ထင်တယ်။

''အစိုးရကချည်း ထိန်းချုပ်ထားလို့ ကတော့ မြန်မာ့ ပညာရေးဟာ မြင့်လာမှာ မဟုတ်ဘူး။ နိမ့်ကျနေအုံး မှာပဲ။ ဒါကြောင့် ပုဂ္ဂလိကတွေ လက်ထဲအပ် ရမယ်။ ကိုယ်ပိုင် ကျောင်းတွေ တည်ထောင်ခွင့် ပြုရမယ်'' တဲ့။ အဲဒါဟာ ပညာရှိကြီးရဲ့ မဟာ အဓိပတိ ရွှေဉာဏ်တော် ကြီးပေါ့။ ကိုယ်ပိုင်ကျောင်း တွေ တည်ထောင် ခွင့်ပြုတာ ကောင်းတယ်ပေါ့။ ဒါနဲ့ပဲ ဒီနေ့ မြန်မာနိုင်ငံမှာ (က) အစိုးရကျောင်း (ခ) ကိုယ်ပိုင်ကျောင်း ရယ်လို့ အခြေခံပညာ နယ်ပယ်မှာ ကျောင်းနှစ်ကျောင်း ထင်ထင်ရှား ကွဲပြားသွား ပါတော့တယ်။

ကျောင်းနှစ်ကျောင်း ရဲ့အဓိက ရည်ရွယ်ချက် ကို ထုတ်နုတ်ကြည့် တဲ့အခါ (က) အစိုးရကျောင်း ရဲ့ ရည်ရွယ်ချက် က ပညာကို အခမဲ့ဝေငှ ဖို့ ဖြစ်ပြီး (ခ) ကိုယ်ပိုင်ကျောင်း ရဲ့ ရည်ရွယ်ချက် ကတော့ ပညာကို ငွေပေးမှ ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်လို့ ဆိုကြတယ်။ ရည်ရွယ်ချက် မတူတဲ့ ကျောင်းနှစ်ကျောင်း က ပေါက်ဖွား လာကြတဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်း တို့ရဲ့ စိတ်ဓာတ် တွေကလဲ မတူကွဲပြား ခြားနားကြတာ တွေဟာ မဆန်းပါဘူး လို့ဘဲ ပြောရမယ် ထင်ပါတယ်။

အနည်းငယ်မျှ ဆန်းစစ်ကြည့် ပါမယ်။ အစိုးရကျောင်း ရဲ့ရည်ရွယ်ချက်က အခမဲ့ ပညာပေးတဲ့ စနစ်ဆိုတာ အားလုံးအသိ ပါပဲ။ အခမဲ့နည်းနဲ့ ပညာ သင်ယူခွင့် ရခဲ့ကြသူတွေရဲ့ နှလုံးသား တွေထဲမှာလဲ အခမဲ့ ဆိုတာတွေ ဝင်နေကြတယ်။ သူတို့ ကိုယ်တိုင် နိုင်ငံတော် တာဝန် ထမ်းဆောင်ကြတဲ့ အခါတွေမှာလဲ အခမဲ့ စိတ်တွေ ဝင်နေကြပြီး အခမဲ့တာဝန် ထမ်းဆောင်လေ့ ရှိကြတယ်။

ကိုယ်ပိုင်ကျောင်း ရဲ့ရည်ရွယ်ချက် ကတော့ ငွေပေးမှ ပညာပေးတဲ့ စနစ် ဆိုတာလဲ အားလုံး အသိပါပဲ။ တက္ကသိုလ် ၀င်တန်း ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်ဟာ နေ့တက်ဆိုရင် ငွေကျပ် ဆယ့်လေးသိန်း၊ ဆယ့်ငါးသိန်း ပေးရတယ်။ ဘော်ဒါနေမယ် ဆိုရင်တော့ ငွေကျပ် သိန်းနှစ်ဆယ်၊ သိန်းလေးဆယ် ပေးရတယ်။ ဘော်ဒါနေသူရဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် ကလဲ ငွေကျပ် သိန်းသုံးဆယ်၊ သိန်းလေးဆယ် ရှိတယ်။ စုစုပေါင်း ကုန်ကျစရိတ်က ငွေကျပ်သိန်း ခုနစ်ဆယ်၊ သိန်းရှစ်ဆယ်၊ သိန်းကိုးဆယ်၊ သိန်းတစ်ရာ လောက် ဖြစ်သွားတယ်။ အဲဒီလောက် ငွေတွေ ကုန်ကျခံရတဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ စိတ်ထဲမှာလဲ ပညာဆိုတာ ငွေပေးမှ ရတယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်သွားကြတာ မမှားဘူးလို့ တောင် ပြောရမလို ဖြစ်နေပြီထင်တယ်။ သူတို့ကိုယ်တိုင် ငွေနဲ့ရင်းပြီးမှ ရခဲ့တဲ့ပညာပဲ။ ငွေပညာ ပဲပေါ့။ ဒါကြောင့်လဲ သူတို့ ကိုယ်တိုင် နိုင်ငံ့တာဝန် ထမ်းဆောင်ကြတဲ့ အခါ ငွေ ငွေ ငွေဆိုပြီး ငွေပြီးရင်း ငွေရှာနေကြတာ၊ ကောင်းတာ၊ မကောင်းတာ ဖယ်ထား၊ မှားတော့ မမှားဘူးနော်လို့ တချို့က ပြောနေကြတယ်လေ။

ဟိုတလောကပဲ ပြောသံ၊ ဆိုသံတွေ ကြားလိုက်ရ သေးတယ်။ အစိုးရအဖွဲ့ တစ်ခုမှာ ရာထူးရသွားတဲ့ ''ဒေါက်တာ'' ဟာ ငွေရှာတဲ့ နေရာမှာတော့ ''ရွဲကုန်သည်'' ထက်တောင် ဆိုးသေးသတဲ့။ တချို့ကလဲ ပြောကြ သေးတယ်။ 

မြန်မာနိုင်ငံမှာ ငွေရှာလို့ အကောင်းဆုံး နာမည်ကတော့ ''ဒေါက်တာ'' ဆိုတဲ့ နာမည်ပဲတဲ့။ အဲ... ''ဒေါက်တာ'' ကလဲ (က)လူပေးသူပေး ဒေါက်တာ၊ (ခ) ပညာပေး ဒေါက်တာ၊ (ဂ) ကျန်းမာပေး ဒေါက်တာ ရယ်လို့ သုံးမျိုးသုံးစား ရှိတယ်တဲ့။

ရပ်ကောင်း၊ ရွာကောင်း၊ အပေါင်းကောင်း လို့ ဟိုလူကပေး၊ ဒီလူကပေး၊ ပေးထားလို့ရတဲ့ ဒေါက်တာကိုတော့ လူပေးသူပေး ဒေါက်တာ လို့ ခေါ်တယ်။ ဒီ ဒေါက်တာတွေ ဟာ သင်္ကြန် အမြောက် ဒေါက်တာတွေ ဖြစ်ပြီး ''ဒေါက်တာလေ၊ ဒေါက်တာလော၊ ဒေါက်တာလန်''တွေ မဖြစ်အောင် တော့ ထိန်းကြရမယ် ထင်တယ်တဲ့။

ပညာရေး နယ်ပယ်မှာ စေ့စေ့စပ်စပ် လေ့လာ တတ်ကျွမ်းပြီးလို့ ပညာရေးဌာန ကပေးတဲ့ ဒေါက်တာ ကိုတော့ ပညာပေး ဒေါက်တာလို့ ခေါ်တယ်။ ဒေါက်တာကို ဗန်းပြပြီး ငွေမရှာတဲ့၊ ပညာပေးတဲ့ ဒေါက်တာ ဆိုရင်တော့ မြန်မာနိုင်ငံ အတွက် အားရှိတာပေါ့ တဲ့။

ဆေးပညာတွေ သင်ယူလို့ ဆေးပညာ ဌာနက ပေးတဲ့ ဒေါက်တာ ကိုတော့ ကျန်းမာပေး ဒေါက်တာ လို့ ခေါ်တာပေါ့။ ဒီကျန်းမာပေး ဒေါက်တာကတော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ၊ ငွေအရဆုံး ၊ လူအကြိုက်ဆုံး ဒေါက်တာလို့ ပြောရမှာပေါ့တဲ့။ ဒေါက်တာတွေ အကြောင်း ရပ်ထားပြီး ပညာရေးစနစ် အကြောင်း ဆက်ကြည့်ချင် ပါတယ်။ ဒီနေ့ ပညာရေး ကတော့ နှစ်ခြမ်းကွဲနေတာ သေချာပါပြီ။ အစိုးရ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း တွေဟာ နာမည်ကွဲ သလို ရှေ့ဆက်မယ့် ခရီးကလဲ မတူကွဲပြား ကြတာ အမှန်ပါပဲ။

ဒီအကွဲကို ပြန်ပြီး စေ့အောင် မလုပ်နိုင်သမျှ ပညာရေး စနစ်ဟာ ကောင်းမလာ နိုင်ဘူးဆိုတာ ရဲရဲတင်းတင်း ကို ပြောနိုင်ပါတယ်။ အခမဲ့ကျောင်းက ထွက်တဲ့ အခမဲ့သမား နဲ့ ငွေကျောင်းက ထွက်တဲ့ ငွေသမားနဲ့ ယှဉ်လိုက်ရင် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆိုတာ သိသာ ထင်ရှား သွားပါ လိမ့်မယ်။

ပညာရေး ဥပဒေတွေ၊ စနစ်တွေ၊ ပြဋ္ဌာန်းချက် တွေ ပြုကြ၊ ပြင်ကြ၊ ပြောင်းကြ တာတွေဟာ သူ့ခေတ်သူ့အခါ အရ ကောင်းပါတယ်။ ဒါပေမဲ့လို့ နေစရာ ထိုင်စရာ မဲ့နေကြတဲ့ ပညာရေးဝန်ထမ်း တွေအတွက် နေစရာများ စီစဉ်မပေး နိုင်သေးသမျှ ပြည့်စုံတဲ့ ပညာရေးစနစ် တော့ဖြစ်လာမယ် မထင်ဘူး။ ရှေးလူကြီးတွေ ပြောသလို အိပ်တော့ ဘူတာ၊ စားတော့ ထမင်းဆိုင်၊ သောက်တော့ ရေအိုးစင် ဆိုတာမျိုးတွေ ဖြစ်နေအုံး မှာပဲ။

ဒါကြောင့် အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး ပညာရေး ဝန်ထမ်းတွေ အတွက် နေစရာတွေ စီစဉ်ပေးကြမယ် ဆိုရင်တော့ ''သားရွှေအိုး ထမ်းလာတဲ့ ကိန်း'' လို့ပင် ဆိုနိုင်ပေအံ့။

ရတနာပုံနေ့စဉ် ၊ စာ(၈)

Tuesday, May 3, 2016

ပုဂ္ဂလိကကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းရွှေ့တက်ရောက် လိုသူများ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် လျှောက်လွှာများ စတင်ခေါ်ယူ


ရန်ကုန် ၊ ၃-၅-၂၀၁၆

အခြေခံပညာ ကျောင်းများနှင့် ပညာရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကျောင်းများသို့ နိုင်ငံတကာမှ ကျောင်းများနှင့် ပြည်တွင်း ပုဂ္ဂလိက ကျောင်းများမှ ပြောင်းရွှေ့ တက်ရောက် သင်ကြားလိုသူ များအတွက် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာများ စတင်ခေါ်ယူ နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ များသည် မိမိ တက်ရောက်ခဲ့သည့် ကျောင်းမှ ဖြေဆိုအောင်မြင် ခဲ့သည့် Level ကို ကျောင်း ထောက်ခံစာ မူရင်း သို့မဟုတ် အောင်လက်မှတ် မူရင်း၊ မွေးစာရင်း မူရင်း သို့မဟုတ် မွေးသက္ကရာဇ် ထောက်ခံချက် တစ်ခုခုဖြင့် လျှောက်ထား ရမည်ဖြစ်ပြီး ဖြေဆိုလိုသည့် အတန်းနှင့် အသက် ကိုက်ညီမှု ရှိရမည် ဖြစ်ကြောင်း သိရသည်။

အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရာတွင် ဖြေဆိုလို သူသည် မိမိ အောင်မြင်ခဲ့ ပြီးသော Level အရ တက်ရောက် သင်ကြားလိုသည့် အတန်းထက် တစ်ဆင့်နိမ့် အတန်း၏ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနမှ အတန်းအလိုက် သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်း ပါ ဘာသာရပ် များကို ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထား လိုသူသည် ဧပြီ ၂၉ ရက်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံး၌ ရုံးချိန်အတွင်း လျှောက်လွှာ များကို အခမဲ့ထုတ်ယူ နိုင်ပြီး မေ ၆ ရက် နောက်ဆုံးထား၍ လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။

အရည်အချင်း စစ်စာမေးပွဲကို သတ်မှတ် ထားသည့် စာစစ်ဌာန၌ တစ်နေ့လျှင် နှစ်ဘာသာ နှုန်းဖြင့် သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ်များ ဖြေဆိုရမည် ဖြစ်ပြီး မေလအတွင်း အောင်စာရင်း ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Wednesday, April 27, 2016

ငွေဆောင်စခန်း၌ အပန်းဖြေမည့် ဘက်စုံပညာထူးချွန် လူငယ်များတွင် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပါဝင်


ပုသိမ် ၊ ၂၇-၄-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ ငွေဆောင်စခန်းသို့ သွားရောက် အပန်းဖြေ ကြမည့် ဘက်စုံပညာ ထူးချွန်လူငယ် များတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ခွင့် ရခဲ့ကြောင်း သိရသည်။

''ဒီနှစ် ရွေးချယ်ခံရတဲ့ ထဲမှာ ကိုယ်ပိုင်ကျောင်းက ကလေးတွေ ပါဝင်တာကို တွေ့ရပါတယ်။ တချို့ ကိုယ်ပိုင်ကျောင်း တွေဆိုရင် နှစ်ယောက် လောက် ပါတာကို တွေ့ရတယ်'' ဟု ဘက်စုံပညာ ထူးချွန်လူငယ် အဖွဲ့(၂)တွင် ကြီးကြပ်သော ဆရာ ဦးပြည့်ဟိန်းကျော် က ပြောသည်။

အဆိုပါ ရွေးချယ်ခံ ရသည့် ကိုယ်ပိုင်ကျောင်း များမှာ စာပန်းအိမ်၊ CAE ၊ ကောင်းစုစံ၊ ကဝိစည်သူ၊ ပါရမီနှင့် စံတော်ဝင် စသည့် ကျောင်းများမှ ဖြစ်ကြပြီး ရန်ကုန်၊ ပြင်ဦးလွင်၊ ပဲခူး၊ စစ်ကိုင်း၊ နေပြည်တော် စသောဒေသ တို့၌ အခြေစိုက်ကာ ဖွင့်လှစ် ထားသော ကျောင်းများလည်း ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနက ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်သည့် ဘက်စုံ ပညာထူးချွန် လူငယ်စီမံကိန်း တွင် အဆိုပါ ကိုယ်ပိုင်ကျောင်း များမှလည်း ရွေးချယ်ခံခဲ့ ရခြင်းဖြစ်သည်။

အဆိုပါ ပါဝင်ခွင့်ရသည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ များမှာ စာပန်းအိမ် ကျောင်းမှ မယဉ်မင်းကျော်၊ CAE ကျောင်းမှ မောင်အောင် ကျော်ကျော် နှင့် မအိဇင်မျိုး၊ ကောင်းစုစံ ကျောင်းမှ မောင်ဝေယံ သန်းထိုက် နှင့် မအေးချမ်းဖြိုး၊ ကဝိစည်သူ ကျောင်းမှ မအိမွန်ခိုင်၊ ပါရမီကျောင်းမှ မဖြိုးသဉ္ဇာထက်၊ စံတော်ဝင် ကျောင်းမှ မမေသန့် စင်အောင် တို့ ဖြစ်ကြသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

Tuesday, April 26, 2016

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအဖြစ် ရွေးချယ်ခံရသော ကျောင်းများ စမ်းသပ်ကာလအဖြစ် တစ်နှစ်လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးမည်



ရန်ကုန် ၊ ၂၆-၄-၂၀၁၆

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အဖြစ် ရွေးချယ်ခံရသော ကျောင်းများ အနေဖြင့် စမ်းသပ်ကာလ အဖြစ် တစ်နှစ် လုပ်ကိုင်ခွင့် လိုင်စင်များကိုသာ ချထားပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက် အရ သိရသည်။

အဆိုပါ ပုဂ္ဂလိက ကျောင်းများအဖြစ် လျှောက်ထားမှုသည် ယခုနှစ်များ အတွင်း များပြားလာသည့် အတွက် သတ်မှတ် စည်း ကမ်းများ၊ စံချိန်စံနှုန်းများဖြင့် ကိုက်ညီမှုရှိသော ကိုယ်ပိုင်ကျောင်း များကိုသာ ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း၊ လာရောက် လျှောက်ထားသော ကျောင်းပေါင်း ၁ဝဝ ကျော်ရှိနေပြီး အရည်အသွေး ပြည့်မီသော ကိုယ်ပိုင်ကျောင်း များကို ကျောင်းဖွင့်ချိန် မတိုင်မီ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသူ များကို ဇန်နဝါရီလ အတွင်းက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး ရုံးများတွင် သတ်မှတ်ချက်နှင့် အညီ လျှောက်ထားခွင့်ပြု ထားပြီးဖြစ်ရာ ရွေးချယ်မှု များအား ဆောင်ရွက်နေပြီး မကြာမီ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, April 21, 2016

အသစ်ဖွင့်ခွင့်ရ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ စာရင်းကို ယခုနှစ်မေလအတွင်း ထုတ်ပြန်ကြေညာမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

အသစ် ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများစာရင်းကို ယခုနှစ် မေလအတွင်း ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသူ များကို ဇန်နဝါရီ ၁၁ ရက်မှ ၂၉ ရက်အထိ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး များ၌ သတ်မှတ်ချက် နှင့်အညီ လျှောက်ထားခွင့်ပြု ခဲ့ပြီး အရည်အသွေး ပြည့်မီသော ကျောင်းများကို စမ်းသပ်ကာလ တစ်နှစ်ဖြင့် ကိုယ်ပိုင်ကျောင်း လိုင်စင်ပေးမည် ဖြစ်သည်။

''ကျောင်းဖွင့်ချိန် မတိုင်မီ ထုတ်ပြန်ပေး နိုင်အောင် လုပ်နေပါတယ်။ လျှောက်ထားတဲ့ ကျောင်း အရေအတွက် ကတော့ ၁ဝဝ ကျော်ပါတယ်''ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကို ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းပေး ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် နည်းဥပဒေ ထပ်မံ ပြဋ္ဌာန်းပေးခဲ့ရာ လိုင်စင်များလည်း ပေးအပ် ခဲ့ပြီးဖြစ်သည်။ ၄င်း သတ်မှတ်ချက် အရ ယာယီ လိုင်စင် နှစ်နှစ်၊ ငါးနှစ် သက်တမ်းတိုး လိုင်စင်များ ချထားပေးပြီး ပညာရေး ဝန်ကြီးဌာန မှလည်း ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေးအဖွဲ့ ကိုဖွဲ့စည်းကာ စည်းကမ်းချက်များ လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် လိုင်စင်သက်တမ်း တိုးခြင်း၊ အသစ် ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိက ကျောင်းသား အဖြစ် ရပ်တည်နိုင်ရေး ဆရာဖြစ် လိုင်စင်များ ချထားပေးခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ပညာရေး ဝန်ကြီးဌာနမှ ထပ်ဆောင်း သင်ခန်းစာများ အတွက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ထပ်ဆောင်း သင်ခန်းစာများကို စိစစ်၍ သဘောထား မှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရခြင်း၊ ဝန်ကြီးဌာန ၏ သဘောထား မှတ်ချက်အား ဆက်လက် အကြောင်းကြားခြင်း၊ ကိုယ်ပိုင်ကျောင်း၏ သင်ကြားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက် များနှင့် ညီညွတ်မှုရှိ၊ မရှိ အခါ အားလျော်စွာ စစ်ဆေးစေခြင်း၊ ကိုယ်ပိုင်ကျောင်း ဆရာနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ ဆုံးဖြတ်ချက် အပေါ်အယူ ခံမှုကို အဆုံးအဖြတ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, March 1, 2016

ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက စာသင်ကျောင်းများ၌ ဆရာ ဆရာမ ၁၀၀၀၀ ကျော်ရှိ


ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁-၃-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက စာသင်ကျောင်း များ၌ ဆရာ၊ ဆရာမ အဖြစ် လုပ်ကိုင်ခွင့်ပြု ထားသူ ၁ဝဝဝဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လုပ်ကိုင်လိုပါက မှတ်ပုံတင်ရပြီး နှစ်စဉ်ဇွန်လ အတွင်း တရားဝင် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက် ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရဆိုလျှင် ဦးရေ သိန်းဂဏန်း နီးပါးရှိကြောင်း သိရသည်။

''ဇွန်လအတွင်း လက်မှတ်ပေး နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လျှောက်ထား သူတိုင်းက သတ်မှတ် အရည်အချင်း တွေနဲ့ ပြည့်မီရပါတယ်။ အသိအမှတ်ပြု လက်မှတ်က အစိမ်းရောင် ကတ်ပြား ဖြစ်ပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လျှောက်ထားသူ များသည် လုပ်သက် အနည်းဆုံး ငါးနှစ်ရှိရမည် ဖြစ်ပြီး မိမိသင်လိုသော ဘာသာရပ်နှင့် ဆိုင်သော ဘွဲ့အမျိုးအစား ဖြစ်ရမည် ဖြစ်သည်။

''မှတ်ပုံတင်ကြေး အနေနဲ့ တစ်နှစ်စာ ပေးသွင်းရပါတယ်။ မှတ်ပုံတင်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး တွေမှာ လျှောက်လွှာတင် ရပါတယ်။ အသိအမှတ်ပြု မှတ်ပုံတင်ကြေး အဖြစ် တစ်နှစ်ကို ၃ဝဝဝဝ ပေးသွင်း ရပါတယ်'' ဟု ပုဂ္ဂလိက ဆရာအဖြစ် လုပ်ကိုင်နေသူ ဆရာ ဦးနေမျိုး ကပြောသည်။

ပုဂ္ဂလိကဆရာအဖြစ် မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေး ၃ဝဝဝဝ ပေးသွင်းရပြီး သက်ဆိုင်ရာ တချို့ဘွဲ့ရ များမှာ ၄င်းတို့ တင်ပြထားသော ဘာသာရပ်ထက် တခြား ဘာသာရပ် များအား သင်ကြားနေမှု ကိုလည်း လုပ်ငန်း ကျွမ်းကျင်မှုအပေါ် မူတည်၍ နားလည်မှုယူကာ သင်ကြား နေကြကြောင်း သိရသည်။

နိုင်ငံတကာ ပညာရေးတွင် ပုဂ္ဂလိက ပညာရေးကို ဆရာများ၏ အရည်အချင်း သတ်မှတ်ရာတွင် ဘာသာရပ် အပေါ် ကျွမ်းကျင်မှု၊ အတွေ့အကြုံ ရင့်ကျက်မှု၊ ပညာရပ်များ အပေါ် လေ့လာ ဆည်းပူးမှု နှင့် အများလက်ခံ နိုင်သော နာမည်ကောင်း ရှိမှု စသည့်အချက် များဖြင့် တိုင်းတာသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ၈ ဒသမ ၇ သန်းကျော်ကို ဆရာအင်အား သုံးသိန်းကျော်ဖြင့် သင်ကြား ပေးလျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, August 5, 2015

မြန်မာနိုင်ငံ၌ ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၅-၈-၂၀၁၅

မြန်မာနိုင်ငံ၌ ပထမ ဆုံးသော ပုဂ္ဂလိက ဆေးတက္ကသိုလ် တစ်ခု ဖွင့်လှစ်နိုင်ရန် ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်း များမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် စတင်ဖွင့်လှစ် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ဆေးတက္ကသိုလ် အား အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံရှိ Victoria University College (VUC) နှင့် ပြည်ပနိုင်ငံ များမှ တက္ကသိုလ် သုံးခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ၄င်း ဆေးတက္ကသိုလ် တွင် နိုင်ငံတကာ အသိအမှတ်ပြု ဆေးပညာ ဘာသာရပ် ဘွဲ့သင်တန်းများ ဖွင့်လှစ် သင်ကြား ပို့ချရန် စီစဉ်ထားကြောင်း Victoria University College (VUC) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် Victoria University College ၌ ဆေးပညာ ဆိုင်ရာ အဆင့်မြင့် ဒီပလိုမာဘွဲ့ ပေးအပ်သည့် Higher National Diploma (HND) သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပြီး သင်တန်း ပြီးဆုံးပါက ဆေးပညာ ဆိုင်ရာ လုပ်ငန်းခွင် များတွင် အလုပ်ဝင်ရောက် လုပ်ကိုင် နိုင်ကြောင်း၊ ထို့အပြင် HND ရရှိထား သူများသည် နိုင်ငံတကာရှိ ဆေးတက္ကသိုလ် များ သို့မဟုတ် Victoria University College မှ ဖွင့်လှစ်မည့် ပုဂ္ဂလိက ဆေးတက္ကသိုလ် တို့၌ ဆေးပညာ ဆိုင်ရာ ဒီဂရီဘွဲ့ သင်တန်းများသို့ ဆက်လက် တက်ရောက် နိုင်ကြောင်း သိရသည်။

ထိုသို့ တက်ရောက် ရာတွင် HND ရရှိပြီး သူများသည် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ B.Sc(Hons.) ဘွဲ့ ရယူလိုပါက တစ်နှစ်ထပ်မံ တက်ရမည် ဖြစ်ပြီး M.B.B.S ဆေးပညာဘွဲ့ကို နောက်ထပ် လေးနှစ် ဆက်တက်၍ ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပညာရေး ဥပဒေမူကြမ်း အရ ပုဂ္ဂလိက ကျောင်းများသည် ယခင်ကထက် လုပ်ပိုင်ခွင့်များ ပိုမို ရရှိလာမည် ဖြစ်ရာ ဒီဂရီဘွဲ့ အပ်နှင်းခွင့် ရှိသော ပုဂ္ဂလိက တက္ကသိုလ် များလည်း ပိုများ လာနိုင်ကြောင်းနှင့် လက်ရှိတွင် နိုင်ငံတကာ ဆေးတက္ကသိုလ် များမှ M.B.B.S ဘွဲ့ ရရှိထားသူများကို သက်ဆိုင်ရာမှ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခိုင်းပြီး နောက် အောင်မြင်သူ များကို ဆမ လက်မှတ်များ ထုတ်ပေးကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

Wednesday, June 3, 2015

ပုဂ္ဂလိက စာသင်ကျောင်းများ ဖွင့်လှစ်မှု များပြားလာသော်လည်း အစိုးရ အခြေခံပညာ ကျောင်းများ၌သာ ကျောင်းအပ်နှံမှု များပြား



ရန်ကုန် ၊ ၃-၆-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်မှု များပြား လာသော်လည်း ကျောင်းသား မိဘများ အနေဖြင့် အခြေခံပညာ ကျောင်းများ၌သာ အပ်နှံ သင်ကြားမှု များလာကြောင်း သိရသည်။

''ဒီနှစ် ကျောင်းဖွင့် ရာသီမှာ ကျောင်းလာအပ် တဲ့ ကျောင်းသား ဦးရေဟာ ကိုးသန်းလောက် ရှိနိုင်ပါတယ်။ ပုဂ္ဂလိက ကျောင်းတွေ ဖွင့်လှစ်မှု များပြား လာပေမယ့် အခြေခံပညာ ကျောင်းတွေမှာပဲ အရင်နှစ် ကထက် အပ်နှံမှု များလာတာကို တွေ့ရပါတယ်။ ကျောင်းတက်ဖို့ မတတ်နိုင်တဲ့ ကျောင်းသား တွေ ကိုလည်း ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပြီးရင် ဇွန် ၂ ရက်ကနေ ၇ ရက်အထိ ဘာလို့ကျောင်း မအပ်နိုင်တာလဲ ဆိုတာကို ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ မိဘဆရာ အသင်းတွေ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး စားရင်း ကောက်ခံခြင်းတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လုံးဝ ကျောင်းမတက် နိုင်တဲ့ အခြေအနေမျိုး ရှိတဲ့ ကလေးတွေ ကိုတော့ တစ်မျိုး စီစဉ်ပေးမှာပါ'' ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ပုဂ္ဂလိကကျောင်း အများအပြား ဖွင့်လှစ်လာပြီး ကျောင်းအင်္ဂါရပ်နှင့် ညီညွတ် ပြည့်စုံမှု မရှိသည့် ပုဂ္ဂလိက ကျောင်းများကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ယခုနှစ်တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သည့် ပုဂ္ဂလိက ကျောင်းအများစုမှာ ဆင်ခြေဖုံး မြို့နယ်များ၌ ဖွင့်လှစ်လာမှုကို အများအပြား တွေ့ရသည်။

''ပုဂ္ဂလိက ကျောင်းတွေ ဖွင့်လှစ်လာမှု များလာတာကို တွေ့ရပေမယ့် ကျွန်မတို့ အနေနဲ့ အစိုးကျောင်း တွေမှာပဲ သားသမီးကို အပ်နှံဖို့ စိတ်ချပါတယ်။ တချို့ ပုဂ္ဂလိက ကျောင်းတွေမှာ သင်ကြားမှု ကောင်းတာကို သိရပေမယ့် ကလေးတွေကို ငယ်ငယ် ကတည်းက ထားတဲ့ အစိုးရကျောင်းရဲ့ သင်တဲ့ သင်ကြားမှု အပိုင်းနဲ့ စည်းကမ်းပိုင်း ကိုပဲ စိတ်ချပါတယ်။ ကလေးတွေ အနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ မစိမ်းဘူး။ နောက်နှစ် မှာလည်း ကလေးတွေကို အစိုးရကျောင်း မှာပဲ အပ်နှံသွားမှာပါ '' ဟု အ.ထ.က (၁) ဗဟန်း၌ ကျောင်းလာ အပ်နှံသည့် ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ရှစ်သန်းကျော် ပညာသင်ကြား ခဲ့ပြီး ယခု ပညာသင်နှစ်မှ စ၍ အခြေခံပညာ ကျောင်းများ အားလုံး၌ အခမဲ့ ပညာရေး စနစ်ဟု ကြေညာထား ခဲ့သောကြောင့် ယခင်နှစ် များကထက် ကျောင်းအပ်နှံ မှုနှုန်း မြင့်တက်လာပြီး အဆိုပါ အခမဲ့ ပညာသင်ကြားရေး စနစ်ကြောင့် ယခု ပညာသင်နှစ်တွင် မူလတန် ကျောင်းသား၊ ကျောင်းသူ ၅၇ သိန်းကျော်၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၂၈ သိန်းကျော်နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းကျော် တက်ရောက် နိုင်ဖွယ်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။

ချမ်းချမ်းကို

#Themyawadydaily

Wednesday, March 25, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားသူများပြား



ရန်ကုန် ၊ ၂၅-၃-၂၀၁၅

၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားခြင်းကို စတင် လက်ခံလျက်ရှိရာ ယခု ပညာသင်နှစ်တွင် ပြီးခဲ့သည့် ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက လာရောက် လျှောက်ထားသူ များပြားလာကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ လျှောက်ထားသူများ အနေဖြင့် ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ပါရဂူဘွဲ့  သို့မဟုတ် ပညာရေးဘွဲ့ ရရှိထားသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာ အတတ်ပညာ ပိုင်းဆိုင်ရာ ဒီပလိုမာ လက်မှတ် ရရှိသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားပြီး ပညာရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်သည့် ဆရာ အတတ်ပညာ ရက်တို သင်တန်းဆင်း လက်မှတ် ရရှိထားသူ၊ ပြည်တွင်း ပြည်ပ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာ ကျောင်းတွင် ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာ အဖြစ် အနည်းဆုံး လုပ်သက်ငါးနှစ် ရှိသူ စသည့် သတ်မှတ်ချက် တစ်ခုခုနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ကြောင်းနှင့် လျှောက်လွှာများကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး လက်ခံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်း ကျောင်းဆရာ လျှောက်ထားမှု အတွက် ဥပဒေပုဒ်မ ၁၇ နှင့် ကိုက်ညီသည့် မည်သူမဆို လျှောက်ထားနိုင်ပြီး လျှောက်ထားသူများ အနေဖြင့် အသက် ကန့်သတ်ချက် မရှိ လျှောက်ထား နိုင်ကြောင်း၊
ကိုယ်ပိုင်ကျောင်း များ၏ ကျောင်းဆရာ ဖြစ်ရန် အထက်ပါ အချက်အလက် များနှင့် ကိုက်ညီပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူတွေ့ စစ်ဆေးခြင်းများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်သည်။

ကိုယ်ပိုင်ကျောင်း များကို ၂ဝ၁၂ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၆၆ ကျောင်း ဖွင့်လှစ်ခွင့်ပြု ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီး ဌာနမှ ကိုယ်ပိုင်ကျောင်း ပေါင်း ၂ဝဝ ခန့် ဖွင့်လှစ်ခွင့်ပြု ထားကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger