www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပုဂ္ဂလိကကဏ္ဍ. Show all posts
Showing posts with label ပုဂ္ဂလိကကဏ္ဍ. Show all posts

Tuesday, March 7, 2017

ကမ္ဘာ့ကျန်းမာရေးစင်တာ ဆေးရုံက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု စင်တာ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၇-၃-၂၀၁၇

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကမ္ဘာ့ကျန်းမာရေး စင်တာဆေးရုံ (World Medical Center - WMC) သည် မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရတနာမွန် အိမ်ရာ၌ ရုံးခွဲလာရောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Myanmar Investment Co., Ltd.မန်နေးဂျင်း ဒါရိုက်တာ ကိုသက်ထွန်းဦး ထံမှ သိရသည်။

ကမ္ဘာ့ကျန်းမာရေး စင်တာဆေးရုံ ၌ ပုံမှန် အထွေထွေ ရောဂါကု ဆေးရုံများ၌ ရှိသော ကျန်းမာရေးဌာန များအပြင် နှလုံးခွဲစိတ်မှု နှင့် အဏုကြည့် မှန်ပြောင်းသုံး နည်းပညာဖြင့် နှလုံး ခွဲစိတ်ခြင်း၊ ဖန်ပြွန် သန္ဓေသား စင်တာနှင့် ကလေး Chromosome ရွေးချယ်ခြင်း၊ အရေအတွက် ရွေးချယ်ခြင်း ဆိုင်ရာ အဆင့်မြင့် နည်းပညာဌာန နှင့် တခြားအထူးကု ကုထုံးနည်းပညာ များဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံရုံးခွဲ၌ ကျွမ်းကျင်ဆရာဝန် များနှင့် Pre Consulting ဝန်ဆောင်မှုများ ပေးခြင်း၊ လေယာဉ် လက်မှတ်နှင့် ဗီဇာ ကို တစ်နေရာတည်း၌ အမြန်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ် လေကြောင်း နှင့် လူနာတင်ယာဉ် (Air Ambulance) ချိတ်ဆက်နိုင်ရန် ကူညီ ဆောင်ရွက်ပေး ခြင်းနှင့် ခရီးစဉ်တွင် ဘီးတပ် ကုလားထိုင် သို့မဟုတ် အိပ်စင်ဖြင့် စီးနင်းရန် လိုအပ်သည့် လူနာများအတွက် စီစဉ်ဆောင်ရွက် ပေးပြီး ခန့်မှန်းကုန်ကျ စရိတ်များ တွက်ချက် ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, March 3, 2017

3MDG က ကျေးလက်ကျန်းမာရေးဌာန ၅၀ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းမည်



ရန်ကုန် ၊ ၃-၃-၂၀၁၇

ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်နိုင်ရေး အတွက် ကျန်းမာရေးဌာန ၅ဝ ကို မေလတွင် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုးရန်ပုံငွေ 3MDG က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။

ယင်းဌာနများကို ကလေး သေဆုံးနှုန်း လျှော့ချရန်၊ မိခင်ကျန်းမာရေး တိုးတက် ကောင်းမွန်ရန်နှင့် အိတ်ခ်ျအိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရန် ပံ့ပိုးပေးနေသော 3MDG က အမေရိကန် ဒေါ်လာ ၁၂ သန်းပံ့ပိုးကာ မြန်မာနိုင်ငံ တစ်ဝန်း၌ ကျန်းမာရေးဌာန ၈၂ ခုကို စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေလတွင် လွှဲပြောင်း ပေးအပ်မည့် ကျန်းမာရေးဌာန ၅ဝ မှာ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၁၇ ခု၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ကိုးခု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လေးခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ လေးခု၊
ကယားပြည်နယ်၌ ခြောက်ခု၊ ချင်းပြည်နယ် ၌ ငါးခု၊ ရန်ကုန်တိုင်း ဒေသကြီး၌ သုံးခု နှင့် မန္တလေးတိုင်း ဒေသကြီး၌ နှစ်ခုဖြစ်ပြီး 3MDG က လက်ရှိအချိန်ထိ မကွေးတိုင်း ဒေသကြီးရှိ ကျန်းမာရေးဌာန ၁၇ ခုနှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ၁၅ ခုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ ကျေးလက် ကျန်းမာရေးဌာန များတွင် မီးဖွားခန်း၊ အရေးပေါ် လူနာခန်းနှင့် လူနာ စောင့်ဆိုင်းခန်းများ၊ လူနာကြည့်ရှု စစ်ဆေးခန်း၊ ရေသိုလှောင်ကန်များ၊ မီးရှို့ရန်နှင့် အချင်းမြှုပ်နှံရန် မြေတွင်းများ၊ ဝန်ထမ်းများ နေထိုင်ရန် အဆောက်အအုံ၊ ဆေးသိုလှောင်ရာ အဆောက်အအုံတို့ကို ထည့်သွင်း ဆောက်လုပ်ထားပြီး အရေးပေါ် အခြေအနေများ၌ လျှပ်စစ်မီး ရရှိစေရန် ဆိုလာပြားများကို တပ်ဆင် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, December 15, 2016

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပြတိုက်ကို မင်္ဂလာဒုံမြို့နယ်တွင် တည်ဆောက်မည်


Salsali Private Museum (Dubai, United Arab Emirates)

ရန်ကုန် ၊ ၁၅-၁၂-၂၀၁၆

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပြတိုက် ဖြစ်သည့် ဇေကမ္ဘာပြတိုက် ကို ဇန်နဝါရီလ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ ဇေကမ္ဘာ ဥယျာဉ်အတွင်း ငွေကျပ် ဘီလီယံ ၂ဝ ကျော် အကုန်အကျခံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ ထံမှ သိရသည်။

''ပုဂ္ဂလိကပြတိုက် အတွက် ဥပဒေပဲ ရှိသေးတယ်။ နည်းဥပဒေ မထွက်သေးဘူး။ နိုင်ငံတော် ကလည်း ခွင့်ပြုချက် ရပြီ။ ဝန်ကြီးဌာန ကလည်း ခွင့်ပြုချက် ရပြီဆိုတော့ ဒီလကုန်ကနေ စပြီး တည်ဆောက် သွားမယ်။ ပြည်ပနိုင်ငံ အတော်များများ ကို ရောက်သွားပြီ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်း တွေကအစ ပြန်ဝယ်ပြီး ရှေးဟောင်းပစ္စည်း စုဆောင်းခွင့်ကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ကြိုတင် စုဆောင်းခွင့် တင်ပြီးမှ စုဆောင်းတာပါ'' ဟု ၄င်းက ပြောသည်။

အဆိုပါပုဂ္ဂလိက ပြတိုက်ကို မြေစတုရန်းပေ ၁၅ဝဝဝဝ ကျော်၌ တည်ဆောက် သွားမည်ဖြစ်ကာ ယင်းပြတိုက် သည် အာရှ၌ အကြီးဆုံးပြတိုက် ဖြစ်လာနိုင်သည်။ ယင်း ပြတိုက်ကို အချိန်တစ်နှစ် အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ၌ ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

အဆိုပါပြတိုက်ကို ပြင်သစ် ပညာရှင် များနှင့် ဒီဇိုင်းရေးဆွဲ ထားကာ နိုင်ငံခြား ပညာရှင်များဖြင့် Decoration ပြုလုပ် သွားမည်ဖြစ်သည်။ ပြတိုက် ထိန်းသိမ်းရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အကူအညီဖြင့် ဝန်ကြီးဌာန ၌ သင်တန်း တက်ရောက်ထား သူများနှင့် ပြည်ပ ၌ ပညာသင်ကြား ထားသူများက ထိန်းသိမ်း သွားမည်ဖြစ်သည်။

လက်ရှိတွင် ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်း ၆ဝဝဝဝ ကျော်နှင့် ခေတ် အဆက်ဆက် အသုံးပြုခဲ့သော ရှေးဟောင်း အိုးပေါင်း ၁ဝဝဝဝ ကျော် စုဆောင်း ထားရှိပြီးဖြစ်ကာ အထူးဆန်းဆုံး ဖြစ်သည့် အညာဒေသမှ ရရှိထားသော ၈ ပေ ၄ လက်မ အရွယ်ရှိ လိပ်ကိုလည်း အဆိုပါ ပြတိုက်၌ ထားရှိသွားမည် ဖြစ်သည်။ ပြတိုက်ဝင်ကြေး အဖြစ် နိုင်ငံခြား ခရီးသွား ဧည့်သည်နှင့် ပြည်တွင်း ဧည့်သည်များ အတွက် အခကြေးငွေ တစ်ခု
သတ်မှတ်ပေး သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် အခမဲ့စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, August 15, 2016

မြန်မာ-အမေရိကန် ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ပေး မြှင့်တင်မည်


ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာ-အမေရိကန် ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသော The American Innovation Roadshow Program အစည်းအဝေးတွင် American Chamber of Commerce ဥက္ကဋ္ဌ Mr.Scott Neal ၏ ပြောကြားချက် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို တင်ပို့မှု မြှင့်တင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် အရေးပါသော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အတူ အခွင့်အလမ်း ကောင်းများ ကိုလည်း ယူဆောင်လာမည် ဖြစ်ကြောင်း Mr.Scott Neal ကပြောသည်။

အဓိကအားဖြင့် ဘဏ္ဍာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ နှင့် စွမ်းအင်ကဏ္ဍ များတွင် အမေရိကန် နိုင်ငံက မြန်မာ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှု ကဏ္ဍတို့ကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမည့်အပြင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ရင်ပေါင်တန်း နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစည်းအဝေးတွင် မြန်မာ့နည်း ပညာကဏ္ဍ တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက်လာ စေရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နည်းပညာ ပံ့ပိုးမှုများကို ဖန်တီးကျင့်သုံး နိုင်ရေး စသည့် အကြောင်းအရာ များ ဆွေးနွေး ခဲ့သည်။

အဆိုပါ The American Innovation Roadshow Program အစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံများနှင့် ပစိဖိတ်ဒေသ နိုင်ငံများ ပူးပေါင်းေ ဆာင်ရွက်မှု အနေဖြင့် အမေရိကန်၏ နည်းပညာ ဆိုင်ရာ တီထွင်မှုများ မျှဝေခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား အမေရိကန် နည်းပညာ အသိုက်အဝန်း နှင့် ဆက်သွယ် ချိတ်ဆက် ပေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရများ အနေဖြင့် နည်းပညာ တီထွင်မှု များအား အထောက်အကူပြု စေမည့် ဥပဒေ မူဘောင်များ ချမှတ်နိုင်ရေး အတွက် ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။ 

(ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, June 30, 2016

နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်းစက်ရုံ များအား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

မြန်မာနိုင်ငံ အတွင်း နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း စက်ရုံများအား ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လျက် ရှိသည့် စက်ရုံများသည် ခေတ်နှင့်အညီ တိုးတက်ခြင်း မရှိသည့် အတွက် ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲ အကောင် အထည်ဖော် ရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အမျိုးအစား အများအပြား ရောင်းဝယ် သည်ထက် ကုန်ပစ္စည်း အရည် အသွေးပိုင်း ကိုသာ အဓိကထား ရမည်ဖြစ် သော်လည်း အရည်အသွေး ပိုင်းတွင် တိုးတက်မှု မရှိကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက ပိုင်အဖြစ် ပြောင်းလဲမည် ဖြစ်ပြီး ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲမည့် စက်ရုံများတွင် မည်သည့် စက်ရုံများ ပါဝင်လာမည်ကို ထုတ်ပြန် နိုင်ခြင်း မရှိသေးကြောင်း၊ ပါဝင်မည့် စက်ရုံများကို စစ်ဆေးပြီး မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာနှစ် အတွင်း စက်မှုကဏ္ဍ များတွင် ပုဂ္ဂလိကမှ ဦးဆောင်သည့် စက်မှုဖွံ့ဖြိုး တိုးတက်မှု ဖြစ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းထဲတွင် တန်ဖိုးမြင့် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်မှု လုပ်ငန်းများ အသွင် ပြောင်းရေး၊ စက်မှုလုပ်ငန်း မူဝါဒများ ချမှတ် အကောင်အထည် ဖော်နိုင်ရေး၊ စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့် သင်ကြားပေး နိုင်ရေး၊ နည်းပညာနှင့် စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုး တက်မှု ရှိလာစေရေး၊ စွမ်းအင်ကို အကျိုးရှိ စွာ အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှု စရိတ် လျော့ကျစေပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေး တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာ အားကောင်းရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်ရုံများအား ပုဂ္ဂလိက နှင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း များ၏ စာရင်းအင်း အချက်အလက် များရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် လိုအပ်သည့် နည်းပညာ များကို နိုင်ငံတကာမှ ရယူဆောင်ရွက် နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

Wednesday, March 9, 2016

ကုန်ရထားပြေးဆွဲခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် တင်ဒါ အောင်မြင်ခဲ့သည် ကုမ္ပဏီ နှစ်ခုကို ထုတ်ပြန်ကြေညာ



ရန်ကုန် ၊ ၉-၃-၂၀၁၆

မြန်မာ့မီးရထားက ကုန်ရထား ပြေးဆွဲခြင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါတင်သွင်း လျှောက်ထား လာသည့် လုပ်ငန်း ကုမ္ပဏီများမှ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီနှစ်ခုကို ထုတ်ပြန် ကြေညာပေး ခဲ့ကြောင်း အဆိုပါ ကုန်ရထား ပြေးဆွဲရန် တင်ဒါအောင် ကုမ္ပဏီများ ထုတ်ပြန် ကြေညာပွဲ အခမ်းအနား သတင်းများအရ သိရသည်။

အဆိုပါ တင်ဒါအောင် ကုမ္ပဏီများ ကြေညာပွဲ အခမ်းအနားကို ယခုနှစ် မတ် ၆ ရက်က ရန်ကုန်မြို့ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တင်ဒါအောင် ကုမ္ပဏီများ ထုတ်ပြန် ကြေညာပွဲ အခမ်းအနားတွင် မြန်မာ့မီးရထား အနေဖြင့် ကုန်တင်ရထား ပြေးဆွဲနိုင်ရန် အတွက် တင်ဒါခြောက်မျိုး ခေါ်ယူထားသည့် အနက် တင်ဒါ နှစ်ခုအတွက် ဆီလုံးရထား တင်ဒါ နှစ်မျိုးအတွက် ထုတ်ပြန်ကြေညာ ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တွင် ဆီလုံးရထား အတွက် Asia Sun Logistic ကုမ္ပဏီနှင့် Resources Group ကုမ္ပဏီ တို့က ရရှိခဲ့ပြီး မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတွက် Asia Sun Logistic ကုမ္ပဏီတို့က ရရှိခဲ့သည်။

အဆိုပါ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ တို့မှ မီးရထား စက်ခေါင်းများနှင့် တွဲများကို ဝယ်ယူပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းအတွက် မြင်းကောင်ရေ နှစ်ထောင်အား ရှိသည့် စက်ခေါင်း သုံးခေါင်း ၊ ဆီတင်တွဲ ၅ဝ၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတွက် မြင်းကောင်ရေ နှစ်ထောင်အား ရှိသည့် စက်ခေါင်း သုံးခေါင်း၊ ဆီတင်တွဲ ၄ဝ ကို ဝယ်ယူ တင်သွင်းပြီး ဆီများ သယ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

Tuesday, March 1, 2016

ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက စာသင်ကျောင်းများ၌ ဆရာ ဆရာမ ၁၀၀၀၀ ကျော်ရှိ


ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁-၃-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက စာသင်ကျောင်း များ၌ ဆရာ၊ ဆရာမ အဖြစ် လုပ်ကိုင်ခွင့်ပြု ထားသူ ၁ဝဝဝဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လုပ်ကိုင်လိုပါက မှတ်ပုံတင်ရပြီး နှစ်စဉ်ဇွန်လ အတွင်း တရားဝင် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက် ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရဆိုလျှင် ဦးရေ သိန်းဂဏန်း နီးပါးရှိကြောင်း သိရသည်။

''ဇွန်လအတွင်း လက်မှတ်ပေး နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လျှောက်ထား သူတိုင်းက သတ်မှတ် အရည်အချင်း တွေနဲ့ ပြည့်မီရပါတယ်။ အသိအမှတ်ပြု လက်မှတ်က အစိမ်းရောင် ကတ်ပြား ဖြစ်ပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂ္ဂလိက ကျောင်းဆရာ အဖြစ် လျှောက်ထားသူ များသည် လုပ်သက် အနည်းဆုံး ငါးနှစ်ရှိရမည် ဖြစ်ပြီး မိမိသင်လိုသော ဘာသာရပ်နှင့် ဆိုင်သော ဘွဲ့အမျိုးအစား ဖြစ်ရမည် ဖြစ်သည်။

''မှတ်ပုံတင်ကြေး အနေနဲ့ တစ်နှစ်စာ ပေးသွင်းရပါတယ်။ မှတ်ပုံတင်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး တွေမှာ လျှောက်လွှာတင် ရပါတယ်။ အသိအမှတ်ပြု မှတ်ပုံတင်ကြေး အဖြစ် တစ်နှစ်ကို ၃ဝဝဝဝ ပေးသွင်း ရပါတယ်'' ဟု ပုဂ္ဂလိက ဆရာအဖြစ် လုပ်ကိုင်နေသူ ဆရာ ဦးနေမျိုး ကပြောသည်။

ပုဂ္ဂလိကဆရာအဖြစ် မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေး ၃ဝဝဝဝ ပေးသွင်းရပြီး သက်ဆိုင်ရာ တချို့ဘွဲ့ရ များမှာ ၄င်းတို့ တင်ပြထားသော ဘာသာရပ်ထက် တခြား ဘာသာရပ် များအား သင်ကြားနေမှု ကိုလည်း လုပ်ငန်း ကျွမ်းကျင်မှုအပေါ် မူတည်၍ နားလည်မှုယူကာ သင်ကြား နေကြကြောင်း သိရသည်။

နိုင်ငံတကာ ပညာရေးတွင် ပုဂ္ဂလိက ပညာရေးကို ဆရာများ၏ အရည်အချင်း သတ်မှတ်ရာတွင် ဘာသာရပ် အပေါ် ကျွမ်းကျင်မှု၊ အတွေ့အကြုံ ရင့်ကျက်မှု၊ ပညာရပ်များ အပေါ် လေ့လာ ဆည်းပူးမှု နှင့် အများလက်ခံ နိုင်သော နာမည်ကောင်း ရှိမှု စသည့်အချက် များဖြင့် တိုင်းတာသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ၈ ဒသမ ၇ သန်းကျော်ကို ဆရာအင်အား သုံးသိန်းကျော်ဖြင့် သင်ကြား ပေးလျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, November 12, 2015

အများပိုင် ဘတ်စ်ကားလိုင်း ရှယ်ယာကျပ်သိန်း ၃ဝဝဝ ကျော် ရောင်းချပြီးဖြစ်


ရန်ကုန် ၊ ၁၂-၁၁-၂ဝ၁၅

ရန်ကုန်မြို့၌ မကြာမီ စတင်မည့် အများပိုင် ဘတ်စ်ကားလိုင်း ပေါ်ပေါက်ရေး အတွက် အများပြည်သူအား ရှယ်ယာများ စတင် ရောင်းချလျက်ရှိရာ လက်ရှိတွင် ကျပ်သိန်း ၃ဝဝဝ ကျော် ရောင်းချပြီး ဖြစ်ကြောင်း ဦးစီး ဆောင်ရွက်နေသူ ဒေါက်တာ မောင်အောင် က ပြောသည်။

အများပိုင် ဘတ်စ်ကားလိုင်း အတွက် အများ ပြည်သူအား ရှယ်ယာများ ရောင်းချခြင်း ကို နိုဝင်ဘာ ၃ ရက်က စတင်ရောင်းချ ခဲ့ပြီး နိုဝင်ဘာ ၁ဝ ရက်အထိ လူဦးရေ ၃ဝဝဝ ကျော်ကို စတင်ရောင်းချ ထားရာ ကျပ်သိန်း ၃ဝဝဝ ကျော်အထိ ရောင်းချထားပြီး ဖြစ်သည်။

အဆိုပါ ရှယ်ယာများ ရောင်းချခြင်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အထိ ရောင်းချသွားရန် စီစဉ်ထားပြီး ရှယ်ယာများ ဝယ်ယူရာတွင် လက်ရှိ ရန်ကုန်မြို့၌ ဘတ်စ်ကား ပိုင်ရှင်များမှ အများဆုံး စိတ်ဝင်တစား ဝယ်ယူကြကာ တချို့ စီးပွားရေး လုပ်ငန်းရှင်များ ကလည်း ဝယ်ယူကြကြောင်း သိရသည်။

ရန်ကုန် ခရီးသည်တင်ယာဉ် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာကို နိုင်ငံတော် အစိုးရမှ ၁ဝ ဘီလီယံ၊ အများပြည်သူမှ ၁၅ ဘီလီယံ စုစုပေါင်း ၂၅ ဘီလီယံဖြင့် အများပိုင် ဘတ်စ်ကားလိုင်း စတင်မည် ဖြစ်ကြောင်း သိရသည်။ ကနဦး အနေဖြင့် ဒီဇင်ဘာလတွင် အဆင့်မြင့် ဘတ်စ်ကား ၆၅ စီး စတင် ရောက်ရှိမည် ဖြစ်ကာ ယင်းကားများဖြင့် သတ်မှတ် လမ်းကြောင်းများ၌ စတင် ပြေးဆွဲရန် ရည်ရွယ် ထားကြောင်း သိရသည်။

အများပိုင် ဘတ်စ်ကားလိုင်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို လစာပေး စနစ်ဖြင့် ခန့်ထားမည် ဖြစ်ပြီး ကနဦး စမ်းသပ် လမ်းကြောင်းများ အဖြစ် ပြည်လမ်းနှင့် ကမ္ဘာ့အေး ဘုရားလမ်း တို့၌ စတင်မည် ဖြစ်သည်။ 

နောက်ပိုင်းတွင် လမ်းကြောင်း အသစ်များ အဖြစ် ရှစ်မိုင်မှ လှိုင်သာယာ၊ ဒဂုံတက္ကသိုလ် မှ ပါရမီလမ်း၊ သီလဝါ အထူးစီးပွားရေး ဇုန်မှ ဗိုလ်တထောင် ဘုရားလမ်း အထိ ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, August 5, 2015

မြန်မာနိုင်ငံ၌ ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၅-၈-၂၀၁၅

မြန်မာနိုင်ငံ၌ ပထမ ဆုံးသော ပုဂ္ဂလိက ဆေးတက္ကသိုလ် တစ်ခု ဖွင့်လှစ်နိုင်ရန် ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်း များမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် စတင်ဖွင့်လှစ် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ဆေးတက္ကသိုလ် အား အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံရှိ Victoria University College (VUC) နှင့် ပြည်ပနိုင်ငံ များမှ တက္ကသိုလ် သုံးခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ၄င်း ဆေးတက္ကသိုလ် တွင် နိုင်ငံတကာ အသိအမှတ်ပြု ဆေးပညာ ဘာသာရပ် ဘွဲ့သင်တန်းများ ဖွင့်လှစ် သင်ကြား ပို့ချရန် စီစဉ်ထားကြောင်း Victoria University College (VUC) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် Victoria University College ၌ ဆေးပညာ ဆိုင်ရာ အဆင့်မြင့် ဒီပလိုမာဘွဲ့ ပေးအပ်သည့် Higher National Diploma (HND) သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပြီး သင်တန်း ပြီးဆုံးပါက ဆေးပညာ ဆိုင်ရာ လုပ်ငန်းခွင် များတွင် အလုပ်ဝင်ရောက် လုပ်ကိုင် နိုင်ကြောင်း၊ ထို့အပြင် HND ရရှိထား သူများသည် နိုင်ငံတကာရှိ ဆေးတက္ကသိုလ် များ သို့မဟုတ် Victoria University College မှ ဖွင့်လှစ်မည့် ပုဂ္ဂလိက ဆေးတက္ကသိုလ် တို့၌ ဆေးပညာ ဆိုင်ရာ ဒီဂရီဘွဲ့ သင်တန်းများသို့ ဆက်လက် တက်ရောက် နိုင်ကြောင်း သိရသည်။

ထိုသို့ တက်ရောက် ရာတွင် HND ရရှိပြီး သူများသည် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ B.Sc(Hons.) ဘွဲ့ ရယူလိုပါက တစ်နှစ်ထပ်မံ တက်ရမည် ဖြစ်ပြီး M.B.B.S ဆေးပညာဘွဲ့ကို နောက်ထပ် လေးနှစ် ဆက်တက်၍ ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပညာရေး ဥပဒေမူကြမ်း အရ ပုဂ္ဂလိက ကျောင်းများသည် ယခင်ကထက် လုပ်ပိုင်ခွင့်များ ပိုမို ရရှိလာမည် ဖြစ်ရာ ဒီဂရီဘွဲ့ အပ်နှင်းခွင့် ရှိသော ပုဂ္ဂလိက တက္ကသိုလ် များလည်း ပိုများ လာနိုင်ကြောင်းနှင့် လက်ရှိတွင် နိုင်ငံတကာ ဆေးတက္ကသိုလ် များမှ M.B.B.S ဘွဲ့ ရရှိထားသူများကို သက်ဆိုင်ရာမှ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခိုင်းပြီး နောက် အောင်မြင်သူ များကို ဆမ လက်မှတ်များ ထုတ်ပေးကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

Friday, March 13, 2015

အကျိုးတူ ဖက်စပ်ဆောင်ရွက်မည့် အီလက်ထရွန်နစ် ထီလုပ်ငန်း ယခုလအတွင်း အကောင်အထည်ဖော်မည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အစတွင် အီလက်ထရွန်နစ် ထီလုပ်ငန်း အကောင် အထည်ဖော် နိုင်မည်ဖြစ်ြေ
ကာင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

အောင်ဘာလေ ထီလုပ်ငန်းကို အခွန်ဥပဒေနှင့် အညီ ဖြစ်စေရန်၊ ခေတ်မီ အိုင်တီ နည်းပညာသုံး ထီရောင်းချခြင်း စနစ်သို့ ပြောင်းလဲ နိုင်ရန်နှင့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူ ဖက်စပ် ဆောင်ရွက်နိုင်ရန် အစိုးရ အောင်ဘာလေ ထီဥပဒေ  ကြမ်း ကို ပြည်ထောင်စု လွှတ်တော်မှ မတ်လ တတိယပတ် အတွင်း အတည်ပြု နိုင်မည် ဟု ခန့်မှန်းထားသည့် အတွက် ယင်းကဲ့သို့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အစတွင် အီလက်ထရွန်နစ် ထီလုပ်ငန်း အကောင် အထည်ဖော် နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

အခန်း ခုနစ်ခန်း နှင့် ပုဒ်မ ၂၂ ခုပါဝင်သော အစိုးရ အောင်ဘာလေ ထီဥပဒေကြမ်း အရ အီလက်ထရွန်နစ် ထီလုပ်ငန်းကို တည်ဆဲ ဥပဒေများ အတိုင်း ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီ များမှ အစုစပ် လုပ်ငန်းဖြစ်စေ၊ အကျိုးတူ ဖြစ်စေ ပူးပေါင်း ဆောင်ရွက်ခွင့် ရမည်ဖြစ်ပြီး ထီလက်မှတ် ထုတ်ဝေခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ထီဖွင့်ပွဲ ကျင်းပခြင်း နှင့် ထီဆုငွေ ထုတ်ပေးခြင်း လုပ်ငန်းများကို နည်းပညာ အရ လုံခြုံမှု ရှိစေရန် တာဝန်ခံ ရမည် ဖြစ်ကြောင်းနှင့် လုံခြုံမှု ကျိုးပေါက် ခြင်းကြောင့် နိုင်ငံတော် နှင့် ထီကံစမ်း သူများ နစ်နာ ဆုံးရှုံးမှု ပေါ်ပေါက်ပါက ယင်း နစ်နာဆုံးရှုံးမှု အတွက် အပြည့်အဝ ပေးလျော် ရမည်ဟူသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာ၌ အီလက်ထရွန်နစ် ထီလုပ်ငန်း စနစ်ကို ကျင့်သုံးလျက် ရှိပြီး ပြည်တွင်း ပြည်ပရှိ ထီဝါသနာရှင် များအတွက် ကံစမ်းခြင်း အပြင် ငွေအားနှင့် ထီကစား လိုသူများလည်း နှစ်သက် နိုင်ကြောင်း ထီ ဝါသနာရှင် များက သုံးသပ် ထားကြကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, February 18, 2015

ကညန မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည့် နှစ်လဲယာဉ် စစ်ဆေးခြင်းလုပ်ငန်းကို ကုမ္ပဏီ အဖွဲ့အစည်း ၂၉ ခု စိတ်ဝင်စားမှုရှိ



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍဖြင့် ဆောင်ရွက်ရန် အဆိုပြုလွှာ များ ခေါ်ယူခဲ့ရာ စိတ်ဝင်စားသည့် ပုဂ္ဂလိက ကုမ္ပဏီ 

အဖွဲ့အစည်း ၂၉ ခုရှိ ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက သို့ လုပ်ကိုင်ခွင့်ပြု ပေးခဲ့ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ငန်းများ ထဲမှ တစ်ခုဖြစ်သည့် နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်းကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ အတွက် ၂ဝ၁၄ ခုနှစ်တွင် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး တင်ဒါခေါ်ယူ ရာတွင် လုပ်ကိုင်ခွင့် ရရှိပါက မည်သည့် အစီအစဉ်ဖြင့် လုပ်ကိုင် ဆောင်ရွက်မည် ဆိုသည့် အချက်အပြင် နိုင်ငံခြား ကုမ္ပဏီများ နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ တင်သွင်းရန် ကြေညာ ထားခဲ့ကြောင်း သိရသည်။

''နိုင်ငံတော်ရဲ့ စတုတ္ထအဆင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်တဲ့ နေရာမှာ ဌာနဆိုင်ရာ တွေက လုပ်ငန်း ချုပ်ကိုင်မှု တွေကို ဖြေလျှော့ပြီး ပုဂ္ဂလိက အခန်းကဏ္ဍ ( Private Sector ) ကို စနစ်တကျ တိုးမြှင့် ပြောင်းလဲပေးဖို့ နဲ့ ပြည်သူတွေ လုပ်ငန်းဆောင်ရွက် ရာမှာ အခက်အခဲ မရှိ အဆင်ပြေရေး အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်'' ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကို က ပြောသည်။

ပုဂ္ဂလိက အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက် နေသည့် PPP ( Public Private Partnership ) လုပ်ငန်းစဉ် များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လိုအပ်ကြောင်း သိရသည်။ 

နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်း ဆိုသည်မှာ နှစ်စဉ် လိုင်စင် ၀င်ရာတွင် ယာဉ်ကြံ့ခိုင်မှု ရှိ - မရှိ စစ်ဆေးခြင်း ဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှု ရှိမှသာ လိုင်စင် သက်တမ်းတိုး ပေးခြင်း ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်သည်။ အဆိုပါ စစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့်ပြု ပါက ယခင်က ကဲ့သို့ ကြန့်ကြာမှုမျိုး မရှိနိုင်ကြောင်း သိရသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရေးအတွက် လုပ်ကိုင်လိုသည့် ကုမ္ပဏီကို ဌာနမှ ရွေးချယ် သွားမည်ဖြစ်ပြီး ကနဦး ယာဉ်မှတ်ပုံတင် ခြင်းကို ကုန်းလမ်း ပို့ဆောင်ရေး (ထောက်ကြန့်) တွင် ယာဉ်ပိုင်ရှင်များ ပြောင်းလဲ လုပ်ဆောင် ရမည်ဖြစ်ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) မှ ကနဦး ယာဉ်မှတ်ပုံတင် ထုတ်ခြင်း လုပ်ငန်းကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Friday, December 19, 2014

မြစ်ကြီးနားလမ်းပိုင်း ပြေးဆွဲနေသော အမှတ် (၃၇၊ ၃၈) ရထားကို ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီက ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်


ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ ၏ မြစ်ဆုံ - မန္တလာ အထူးအမြန် ရထား

မန္တလေး ၊ ၁၉-၁၂-၂၀၁၄

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထားမှ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းပြေးဆွဲ ပေးနေသော အမှတ်(၃၇၊ ၃၈) ရထား နှင့် ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ် ရေနွေးငွေ့ စက်ခေါင်း အထူးရထား ပြေးဆွဲခြင်း လုပ်ငန်းတို့ အတွက် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားများမှ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပြေးဆွဲနေသော အမှတ်(၃၇၊ ၃၈) ရထားကို ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ မှ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှစ၍ မြစ်ဆုံ - မန္တလာ အထူး အမြန်ရထားအဖြစ် စတင် ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း ၄င်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

'' အမှတ်(၃၇၊၃၈) မြစ်ဆုံ - မန္တလာ အထူးအမြန် ရထားကို မန္တလေး ဘူတာကြီးမှ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ မှာ စတင် ထွက်ခွာပေးမှာ ဖြစ်ပါတယ်။ အဲဒီနေ့ မှာပဲ မြစ်ကြီးနား ဘူတာက နံနက် ၁၁ နာရီခွဲမှာ ဖွင့်ပွဲ အခမ်းအနား တွေနဲ့ စတင်ဖွင့်လှစ် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း တစ်လျှောက် ရပ်တန့်ပေးမယ့် ဘူတာတွေ ကတော့ ရွာထောင်ဘူတာ ၊ ရွှေဘို ၊ ကန့်ဘလူ ၊ ကောလင်း ၊ နဘား ၊ မိုးညှင်း ၊ ဟိုပင် ၊ မိုးကောင်း ၊ မြစ်ကြီးနား စတဲ့ ဘူတာတွေမှာ ရပ်တန့်မှာ ဖြစ်ပါတယ်။ ပြေးဆွဲမယ့် တွဲဆိုင်းတွေကို မြစ်ငယ်စက်ရုံ က အသစ်ထုတ်လုပ် ထားတဲ့ ABC တွဲအမျိုးအစားတွေ ဖြစ်ပြီး တွဲဆိုင်း တစ်ဆိုင်းကို ရိုးရိုးတန်း ရှစ်တွဲ၊ အထက်တန်း နှစ်တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ကုန်တင်တွဲ တစ်တွဲ စုစုပေါင်း ၁၂ တွဲပါရှိပြီး တွဲဆိုင်းနှစ်ဆိုင်း နဲ့ အစုန်၊ အဆန် ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချပေးမယ့် လက်မှတ်ခ နှုန်းထားတွေ အနေနဲ့ မန္တလေး - ရွာထောင်၊ ရိုးရိုးတန်း လက်မှတ်ခ ငွေကျပ် ၄ဝဝ ၊ အထက်တန်း လက်မှတ်ခ ငွေကျပ် ၇ဝဝ၊ အလားတူ ရွှေဘိုဘူတာ ငွေကျပ် ၁၆ဝဝ၊ ၃၁ဝဝ၊ ကန့်ဘလူ ဘူတာ ငွေကျပ် ၂၇ဝဝ၊ ၅၃ဝဝ ၊ ကောလင်း ငွေကျပ် ၃၈ဝဝ၊ ၇၄ဝဝ၊ နဘား ငွေကျပ် ၅ဝဝဝ၊ ၁ဝဝဝဝ၊ မိုးညှင်း ငွေကျပ် ၆၁ဝဝ၊ ၁၂၂ဝဝ၊ ဟိုပင် ငွေကျပ် ၆၅ဝဝ၊ ၁၂၉ဝဝ ၊ မိုးကောင်း ငွေကျပ် ၇၃ဝဝ၊ ၁၄၆ဝဝ၊ မြစ်ကြီးနား ငွေကျပ် ၈၃ဝဝ၊ ၁၆၅ဝဝ ဖြင့် ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။

ဘူတာစဉ် ထိုင်ခုံမဲ့ လက်မှတ် ရောင်းချပေးခြင်း မရှိပါဘူး။ အခက်အခဲ တစ်ခုခုကြောင့် လက်မှတ်ဝယ်ယူ မလာဘဲ ရထားပေါ် စီးနင်းလိုက်ပါ လာပါက ကျသင့် ငွေလက်မှတ်ခ နှုန်းထား အတိုင်းသာ တစ်ခါတည်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှု အပိုင်းအနေနဲ့ ရထားလက်မှတ် ရောင်းချတဲ့ ဌာနနဲ့ ကုမ္ပဏီရုံးချုပ် တွင် သုံးရက်ကြိုမှ နေ့ချင်းအထိ VIP မရှိဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ထားပြီး ခရီးသွားတွေ အတွက် ရောက်ရှိမယ့် ဘူတာ၊ ကြန့်ကြာချိန်၊ ထွက်ခွာချိန် တို့ကို အချိန်နှင့် တစ်ပြေးညီ အသိပေး ကြေညာ သွားမှာ ဖြစ်ပါတယ်။ ရထားတွဲတွေ ၂၄ နာရီ ရေ၊ မီး ရရှိရေးနဲ့ သန့်စင်ခန်း တွေကို အထူး သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ နေ့လယ် စာ ကို ရထားပေါ်မှာ ကျွေးမွေး ဧည့်ခံခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။ (၁၆၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger