" မာန် "
ငါသာတတ်သိ ၊ နှိုင်းမရှိသို့
သတိလွတ်ကင်း ၊ အသိယွင်းဖြင့်
ဖြိုခွင့်မိုးတိုင် ၊ တက်ရောက်နိုင်ဟု
လှိုင်လှိုင်မာန ၊ ခေါင်းထောင်ကြွကာ
အာဂငါတည့် မော်ခဲ့တကား။
ဝဲယာအောက်ထက် ၊ နှိုင်းယှဉ်လျက်က
ဆက်စပ်စရာ ၊ ဖန်ဖန်ရှာမှ
သေချာစေ့င ၊ အဖြေရသည့်
လောကတံတွာ ၊ ဓမ္မတာလည်း
ခါခါမေ့လျော့ မော်ခဲ့တကား။
မအောင်မြင်မှု ၊ အောင်မြင်မှုသည်
ထုဆစ်ကိုယ်တိုင် ၊ ကြိုးစားနိုင်မှ
စွဲပိုင်ရိုးလေ ၊ သိနေပေလည်း
ဆူဝေသွေးတို့ ၊ တွန်းဆောင်ပို့သော်
တို့ထိပုတ်ခတ် ၊ တရစပ်လျှင်
မပြတ်ပစ်ရင်း မော်ခဲ့တကား။
တို့ရင်းခတ်ရင်း ၊ ထိုးစစ်ခင်းလည်း
ပစ်ခွင်းငါ့ဆီ ၊ တစ်ပြန်လည်သော်
မတည်ယောက်ယက် ၊ မူဟန်ပျက်လို့
ခံခက်လှစွာ ၊ ဒါ ... ဒါဘာလဲ
ငါ့မှာအတွေး ချော်ခဲ့တကား။
တို့လိုက်ခတ်လိုက် ၊ ထိရှလိုက်နှင့်
စရိုက်မပြင် ၊ အမိုက်မင်ရင်း
နေ၀င်ချိန်တောင် ရောက်ပြီထင့်
မောင်စိမ်းနောင် (လယ်ဝေး)
၂၀၁၄ ခုနှစ် မေလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍမှ
No comments:
Post a Comment