www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 6, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သည့် စစ်သည် မိသားစုများအားသွားရောက်တွေ့ဆုံအားပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သည့် စစ်သည် မိသားစုများအားသွားရောက်တွေ့ဆုံအားပေး
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၅ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
-
-
အဆိုပါတွေ့ဆုံပွဲများသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
-
-
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုဒေသသည် လုံခြုံရေး အရ အရေးပါသည့်နယ်မြေတစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ ကာကွယ်ရေးစွမ်းရည်ရှိရန် အမြဲလေ့ကျင့်နေရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများမှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကျန်းမာရေးနှင့်လျော်ညီသောနေထိုင်၊ စားသောက်မှု၊ နေ့စဉ် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကိုမှန်မှန်ကန်ကန်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်အစိတ်အပိုင်း တစ်ရပ်ဖြစ်၍ စုစည်းညီညွတ်သည့်အင်အားရှိရန်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုရှိရန်၊ သေဖော်သေဖက်၊ တိုက်ဖော်တိုက်ဖက်၊ လုပ်ဖော် ကိုင်ဖက်များဖြစ်၍ သံယောဇဉ်တရားနှင့်ဆင့်ကဲအမိန့်နာခံမှုရှိရန် အရေးကြီးကြောင်း၊ အရည်အချင်းရှိရန် အတွက်ပညာရည်မြှင့်တင်မှုများ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုး မွေးမြူရေး၊ သက်သာချောင်ချိရေးလုပ်ငန်းများ အား မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားသည်။
-



-
ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ပြောကြားရာတွင် မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိ စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထာဝရငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲပေးထားကြောင်း၊ အမြန်ဆုံးဆွေးနွေးမှုများပြုလုပ်ကြရန်လို ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန်လိုပြီး ကတိက၀တ်များ တည်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်းလက်နက်ကိုင်အဖွဲ့အစည်း များမှအဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းကြောင့်ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးပဲ နိုင်ငံတာ်၏ ဘဏ္ဍာငွေများ မဆုံးရှုံးသင့်ဘဲဆုံးရှုံးရသည်ကိုတွေ့ရှိရကြောင်း၊လက်နက်ကိုင်ပဋိပက္ခများမရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်နေထိုင်ကြပြီး ယခုအခါဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုနိုင်ငံအဖြစ် လျှောက်လှမ်းလျှက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ အသီးသီးတွင်တိုင်းရင်းသားလူမျိုးစုတစ်ခုတည်းသာ နေထိုင်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားမျိုးစုံစုပေါင်းနေထိုင်ကြသည့်နိုင်ငံဖြစ်ကြောင်း၊ ကချင်ပြည်နယ် အတွင်း ဗမာနှင့်ရှမ်းတိုင်းရင်းသားများသည် ကချင်တိုင်းရင်းသားများထက်လူ ဦးရေပိုများနေကြောင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ရန်လိုမှုများရှိလျင် ငြိမ်းချမ်းရေး ကိုရရှိနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတိုင်းတွင် တစ်ခုတည်းသောတပ်မတော်သာရှိကြောင်း၊ မိမိတို့တပ်မတော်တွင်တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင်နေကြကြောင်း၊ ငြိမ်းချမ်းရေးအားမဖြစ်နိုင်သော တစ်ဖက်သတ်တောင်းဆို မှုများဖြင့်မစဉ်းစားဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တစ်နိုင်ငံလုံးအတွက် မျှမျှတတစဉ်းစားပြီးစည်းလုံးညီညွတ်သည့်ပြည်ထောင်စုနိုင်ငံဖြစ်ရန် အတွက် ရည်မှန်းချက်ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားတစ်ဦးချင်း၊တိုင်းရင်းသားအားလုံးအတွက်တူညီသည့်အခွင့်အရေးများပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့အရေးအတွက် တပ်မတော်ကထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကိုလွှမ်းခြုံသောအမြင်ဖြင့်စည်းကမ်းဥပဒေများနှင့် အညီဆောင်ရွက်နိုင်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အမှန်တကယ်လိုလားကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်ရာတွင် စည်းမျဉ်း စည်းကမ်းများ အတိုင်းဥပဒေနှင့်အညီဆောင်ရွက်ပြီး ပြည်သူကအားကိုးရသော တိုင်းပြည်က အားထားရသော တပ်မတော်တစ်ရပ်ဖြစ်အောင်အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းမှာကြားသည်။
-

-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊စစ်သည် မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးကတပ်နယ်မိခင်နှင့်ကလေးအသင်း အတွက် ချီးမြှင့်ငွေများ ကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများကသုတ၊ရသ၊စာအုပ်စာစောင်များ၊အားကစားပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
-
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံများတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် စစ်သည်များအားတစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်းအမျိုးသမီးကုသဆောင်တွင်တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံပြည်သူများစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားယခုထက် ပိုမိုတိုးတက်အောင်ဆောင် ရွက်နိုင်စေရန်နှင့် ရရှိနေသည့် လျှပ်စစ်ဓာတ်အားကိုအသုံးပြု၍ ကုန်ချောများထုတ်လုပ်နိုင်သည် အထိဆောင်ရွက်နိုင်ရန်အတွက်တာဝန်ရှိသူများအနေဖြင့်တိုက်တွန်းဆောင်ရွက် စေလိုသည့်အခြေအနေများ၊အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုများအား ထိန်းသိမ်း ဆောင်ရွက်စေရန်နှင့် မူးယစ်ဆေးဝါးကင်းစင်ရေး ဆောင်ရွက်ရန်လိုအပ်မှုများ၊ ဒေသခံတိုင်းရင်းသားပညာတတ်များ ပေါများစေရေး အတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးအကြံပြုပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger