www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 31, 2019

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ၌ သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်၍ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ၌ သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်၍ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်
-
မုံရွာ   ဇန်နဝါရီ   ၃ဝ 
-
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲလျက်ရှိသောခရီးသည်တင် ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များချင်းတွင်းမြစ်၏ ရေနည်းကာလများဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် သွားလာမှု အဆင်ပြေစေရန် စက်ကိရိယာများ တပ်ဆင်ကာ နှစ်နှစ်ကြာခန့် စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရေလမ်းသတ်မှတ်ရေး) လက်ထောက် ညွှန်ကြားရေးမှူး   ဦးတင်အောင်ထွန်း ထံမှသိရသည်။ 
-
ချင်းတွင်းမြစ်ရေနည်းကာလတွင်သွားလာမှုအဆင်ပြေစေရန် ကုန်တင်ရေယာဉ်နှင့်လူစီးအမြန်ရေယာဉ်များ၌ တပ်ဆင်ပေးမည့် စက်ကိရိယာများမှာ  လက်ရှိရေအနက်ကို သိနိုင်သော ကိရိယာ၊ မိုးလေဝသအခြေအနေကို သိနိုင်သောကိရိယာ၊ ရေယာဉ်များ၌ခရီးသည် သို့မဟုတ် ကုန်စည်တင်ဆောင်ထားသည့် အလေးချိန်ကို သိနိုင်သော ကိရိယာ၊ ရေယာဉ်အန္တရာယ် တစ်ခုခုဖြစ်ချိန်တွင် အလိုအလျောက်အသံမြည်သော  ကိရိယာနှင့်  အကောင်းဆုံး ရေလမ်းကြောင်းကို ရွေးချယ်ပေးသော ကိရိယာများ ပါဝင်မည်ဖြစ်သည်။ 
-
အဆိုပါ စက်ကိရိယာများကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရေယာဉ်နှစ်စင်းကို လည်းကောင်း၊ မတ်လအတွင်း ရေယာဉ်သုံးစင်းကို လည်းကောင်း ကုန်တင်ရေယာဉ်နှင့်လူစီးအမြန်ရေယာဉ်များတွင်လာရောက်တပ်ဆင်ပေးကာ ရေနည်းကာလ နှစ်နှစ်ကြာ စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ''ချင်းတွင်းမြစ်အောက်ပိုင်းနဲ့ အထက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီး အကူအညီပေးမယ်လို့သိရပါတယ်။ အခုပထမဦးဆုံး အနေနဲ့  ရေကြောင်းကျပ်မှု အများဆုံးဖြစ်နေတဲ့ ချင်းတွင်းမြစ် အထက်ပိုင်း မော်လိုက်မြို့ကနေ ခန္တီးမြို့အထိ ရေလမ်းကြောင်းကို စတင်တပ်ဆင်စမ်းသပ်သွားမယ်လို့သိရပါတယ်'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်ကိရိယာများကို ရေယာဉ်များ၌ တပ်ဆင်ပြီး  ရေရှည် အသုံးပြုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီနှင့် နယ်သာလန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger