www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြန်မာ- ဂျပန် ဂီတပွဲတော်သို့ တက်ရောက် အားပေး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြန်မာ- ဂျပန် ဂီတပွဲတော်သို့ တက်ရောက် အားပေး
-
နေပြည်တော် ဇန်နဝါရီ ၂၃ 
-
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတ ပညာရှင်များ ပူးပေါင်း ဖျော်ဖြေတင်ဆက်သည့် မြန်မာ- ဂျပန် ဂီတပွဲတော်ကို ယနေ့ည ၆ နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးသည်။ ဂီတပွဲတော်သို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးနှင့် ဂျပန်သံရုံးမှတာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသူများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ၊ ဂီတဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
-
ဂီတပွဲတော်တွင် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၉ဝဝဝဝ တန်ဖိုးရှိ ဂီတတူရိယာ ပစ္စည်း ၁၉ မျိုး လှူဒါန်းခဲ့သည့်ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးH.E. Mr. Ichiro Maruyama က မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးထံပေးအပ်သည်။ ယင်းနောက် မြန်မာ-ဂျပန် ဂီတပွဲတော်ကို မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများ တီးခတ်၍ စတင် ဖွင့်လှစ်ပြီး ဂီတမှူး မစ္စတာယူနိုဆူကဲ ယာမာမိုတိုနှင့် နိုင်ငံတော် သံစုံတီးဝိုင်းအဖွဲ့တို့က တေးသွားများဖြင့်ဖျော် ဖြေ တင်ဆက်ကြသည်။
-
ထို့နောက် ဂျပန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ (ရန်ကုန်)မှ မစ္စတာဆာတိုက ဂျပန်ရိုးရာတူရိယာ ပစ္စည်းများနှင့် မိတ်ဆက် ပေးသည်။ ယင်းနောက် နိုင်ငံတော် သံစုံတီးဝိုင်းမှ ဂီတ ပညာရှင်များ၊ ဂျပန်နိုင်ငံမှ ဂီတပညာရှင်များနှင့် ဂီတမိတ်အဖွဲ့မှ အနုပညာ ရှင်များက မြန်မာ- ဂျပန်ရိုးရာတေးသွားများကို တီးခတ်သီဆိုဖျော်ဖြေတင်ဆက်ကြသည်။ ဂီတပွဲတော် ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂီတမှူး မစ္စတာ ယူနိုဆူကဲ ယာမာမိုတိုအား ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
-
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စန္ဒရားပညာရှင် မစ္စကျိုကို ခိုယာမာကို ဂုဏ်ပြု ပန်းစည်း ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က ဂျပန်ရိုးရာ တူရိယာအဖွဲ့၊ ဂျပန်သံစုံဂီတ ပညာရှင်အဖွဲ့၊ ဂီတမိတ် အဖွဲ့၊ အင်းစိန်အဖွဲ့၊ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် နိုင်ငံတော် ဆိုင်းဝိုင်းကြီး တို့အား ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ကြသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး၊ နေပြည်တော် ကောင်စီဝင်များ၊ ဂီတ ပညာရှင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 
-
-
ယနေ့ ကျင်းပသည့် ဂီတပွဲတော်ကြီးကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နှင့်အတူ ဂျပန် ဖောင်ဒေးရှင်းတို့က ပူးပေါင်း ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ပြီး မြန်မာ- ဂျပန်ဂီတပွဲတော်တွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့နှင့်အတူ ဂီတမှူး မစ္စတာ ယူနိုဆူကဲယာမာမိုတိုနှင့် စန္ဒရားပညာရှင် မစ္စကျိုကိုခိုယာမာ၊ ဂျပန်ရိုးရာဂီတပညာရှင်များ၊ ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များ ပူးပေါင်းတင်ဆက် ဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger