www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

မြန်မာနှင့် ဗီယက်နမ်ပွဲစဉ် အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကျင်းပ

မြန်မာနှင့် ဗီယက်နမ်ပွဲစဉ် အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကျင်းပ
-
ရန်ကုန် နိုဝင်ဘာ ၁၉
-
၂ဝ၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ၏ အုပ်စု(က)ပွဲစဉ် တစ်ပွဲဖြစ်သော မြန်မာနှင့် ဗီယက်နမ် အသင်းပွဲစဉ်အတွက်  ပွဲကြို သတင်း စာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ Goal ဟိုတယ်၌ ကျင်းပသည်။
-
အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနှင့် ဗီယက်နမ်အသင်းတို့မှ နှစ်ဖက်နည်းပြများ အပါအဝင် မြန်မာအသင်းမှ နောက်ခံ ကစား သမား သိန်းသန်းဝင်းနှင့် ဗီယက်နမ်တိုက်စစ် မှူး ငုယင်ကောင်ဖောင်တို့တက်ရောက်ကြ သည်။
-
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ယခုပွဲစဉ်ကို အုပ်စုတွင်း တတိယ မြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရခြင်းဖြစ်သည်။
-
''မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ တစ်ပွဲချင်းစီမှာ သင်ခန်းစာယူပြီး ပြင်ဆင်နေပါတယ်။ ဗီယက်နမ်အသင်း ကစား ခဲ့တဲ့ပွဲ ကိုလည်း ပြန်ကြည့်ထားပြီး သေချာပြင်ဆင် ထားပါတယ်။ ဗီယက်နမ်အသင်းက စွမ်း ဆောင်ရည်ကောင်းတဲ့ အသင်းပါ။ မလေးရှား အသင်းကိုလည်း အသာစီးကစားနိုင်ခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့အတွက် မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်သလို ပရိသတ်တွေ ပွဲအပြီးမှာ အပြုံးကိုယ်စီနဲ့ အိမ်ပြန်ရမယ်လို့ ယုံကြည်ပါတယ်''ဟု နည်းပြချုပ် အန်တွမ် နီဟေးကပြောသည်။
-
မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ခြောက်ကြိမ် မြောက် တွေ့ဆုံနေခြင်းဖြစ်ပြီး  မြန်မာ အသင်းအနေဖြင့် ပြီးခဲ့သည့် ငါးကြိမ်တွင် လေးကြိမ်ရှုံးနိမ့်ကာ တစ်ကြိမ်သာ သရေကျ ခဲ့သည်။
-
''မြန်မာအသင်းနဲ့ ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အနည်းဆုံး သရေ တစ်မှတ်ရဖို့ရည်မှန်းထားပါတယ်။ မြန်မာ အသင်းက အဖွင့်ဂိုးတွေ ပေးရပေမယ့် နောက်ပိုင်းမှာ အာရုံစိုက်မှု ကောင်းကောင်းနဲ့ ကစားနိုင်တဲ့ အသင်း ဖြစ်လို့ သတိထားရင်ဆိုင် ရမှာပါ'' ဟု ဗီယက်နမ် အသင်း နည်းပြချုပ် ပတ်ဟန်ဆိုကပြောသည်။
-
မြန်မာအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရန် ယခုပွဲသည် အဓိကအရေးပါ လျက်ရှိသည်။ လက်ရှိတွင်  နှစ်သင်း စလုံးက နှစ်ပွဲစီ နိုင်ထားကာ ခြောက်မှတ်စီရရှိထားကြောင်း သိရသည်။
-
အက်စ်တီ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger