www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ငါ့သရောက်မြို့အတွင်းရှိ ပုံးရည်ကြီး လုပ်ငန်းခွင်သို့ ခရီးသွားဧည့်သည် လာရောက် လေ့လာမှုများလာ

ငါ့သရောက်မြို့အတွင်းရှိ  ပုံးရည်ကြီး လုပ်ငန်းခွင်သို့ ခရီးသွားဧည့်သည် လာရောက် လေ့လာမှုများလာ
-
ငါ့သရောက် နိုဝင်ဘာ ၂၇ 
-
မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့၌ ပုံးရည်ကြီးကို  တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချလျက်ရှိရာ  ပုံးရည်ကြီးလုပ်ငန်းကို ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များက နေ့စဉ်လာရောက် လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။
-
''ဒီကထုတ်တဲ့ပုံးရည်ကြီးကို အခြားဒေသတွေကို တင်ပို့ရောင်းချတယ်။  အခုဆိုရင် ပုံးရည်ကြီးလုပ်တဲ့ လုပ်ငန်းအဆင့်ဆင့်ကို နိုင်ငံခြားသားတွေက စိတ်ဝင်စားကြတယ်။
-
အဲဒါကြောင့် လာရောက်မှတ်တမ်းယူ လေ့လာကြတယ်'' ဟု ပုံးရည်ကြီးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ 
-
ငါ့သရောက်မြို့မှ ထုတ်လုပ်ရောင်းချသည့် ပုံးရည်ကြီးကို ပုဂံနှင့်အခြားဒေသများသို့ ဖြန့်ချိပေးလျက်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် ပုံးရည်ကြီးပြုလုပ်သည့် အဓိကကုန်ကြမ်းဖြစ်သော ပဲပိစပ်ဈေးနှုန်း ပုံမှန်အနေအထားရှိသည့် အတွက် ပုံးရည်ကြီးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိသည်။
-
ပုံးရည်ကြီးသည်  ဆေးဖက်ဝင် အစားအစာတစ်မျိုးဖြစ်ပြီး လက်ရှိတွင် ငါ့သရောက်မြို့ရှိ ပုံးရည်ကြီး လုပ်ငန်းများ၌ လုပ်ကိုင်ပုံအဆင့်ဆင့်ကို  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များက အသေးစိတ် လေ့လာကာ မှတ်တမ်း ယူလေ့ရှိသည်။
-
ပုံးရည်ကြီးချက်ရန်အတွက် ပထမဦးစွာ ပဲပိစပ်ကုန်ကြမ်းကို ပြာခြင်း၊ နေလှန်းခြင်း၊ သန့်စင်ခြင်း၊ ရေဆေးခြင်းပြုလုပ်ရသည်။ ရေဆေးပြီးပါကခြောက်နာရီမှ ခုနစ်နာရီခန့်သံဒယ်အိုး(မိုးပြဲဒယ်)များဖြင့် ကျိုချက်ပေးရသည်။ ပဲပိစပ်များ ကျိုရာမှ ပွက်လာသည့် အနေအထားတွင် ယောက်မကြီးဖြင့် မပြတ်မွှေပေးရသည်။   ပုံးရည်ကြီးလုပ်ငန်းမှာ ဓာတုပစ္စည်းကင်းသော ရိုးရာစားသောက်ကုန် လုပ်ငန်းဖြစ်သည့်အတွက် ကျိုချက်မှုတွင် ဆားခတ်၍ကျိုချက်ရသည်။ မီးအနေအထား၊ ပုံးရည်ကြီးအပြစ်အကျဲကို ကျွမ်းကျင်သူများသာ  အထူးဂရုပြုလုပ်ကိုင်စေပြီး အရည်အသွေး ကောင်းမွန်စေရန်  ပြုလုပ်ရသည်။
-
ပဲပိစပ်တစ်တင်းကိုပုံးရည်ကြီး ကျိုချက်ပါက ပုံးရည်ကြီးအကောင်းစား သုံးပိဿာကျော် ရရှိသည်။ ချဉ်လွန်ပုံးရည်၊ ချဉ်စိမ့်ပုံးရည်၊အဆိမ့်သက်သက် ပုံးရည်နှင့် ပုံးရည်အမှုန့်များ ပြုလုပ်ရောင်းချကြသည်။ လက်ရှိကာလတွင် ငါ့သရောက်မြို့ ဆည်ရွာမှ  မြနှင်းဆီ ပုံးရည်ကြီးလုပ်ငန်းသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များက  နေ့စဉ်လာရောက် လေ့လာမှု များပြားလျက်ရှိကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger