www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 27, 2018

မုံရွာကြက်မွေးမြူရေး ဇုန်အတွင်း ကြက်ခြံအဟောင်း ရှစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း



မုံရွာ ၂၇-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ကျောက်စစ် ပုံတောင်ရွာရှိ ကြက်မွေးမြူရေး အထူးဇုန်အတွင်း ယနေ့မွန်းလွဲပိုင်းက ဦးမျိုးမင်းထွန်းပိုင် ကြက်ခြံဝင်းအတွင်း အမှိုက်များ ရှင်းလင်းစဉ် သနပ်ခါးပင်အပေါ်ရှိ ပျားအုံကို မီးရှို့ရာ အနီးရှိ အမှိုက်ခြောက်များမှ တစ်ဆင့် ကြက်ခြံအဟောင်း ရှစ်လုံးနှင့် လူနေအိမ်တစ်လုံး စုစုပေါင်း အဆောက်အအုံ ကိုးလုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မုံရွာကြက်မွေးမြူရေး ဇုန်အတွင်းရှိ အကွက်အမှတ် (၅၂) ပိုင်ရှင် ဦးမျိုးမင်းထွန်း၏ ကြက်ခြံဝင်းအတွင်း ယနေ့မွန်းလွဲပိုင်း ၁ နာရီမိနစ် ၄ဝ က ခြံရှင်းလုပ်သားများ ဖြစ်သော မုံရွာမြို့ အလုံတပ်မြို့ စလွန်သာရပ်ကွက်မှ ဒေါ်တင်မြင့်(ဘ) ဦးသန်းဖေ၊ ဒေါ်စန်းတင်(ဘ) ဦးသန်းဖေနှင့် နန်းတော်ဈေး ရပ်ကွက်နေ ဦးကျော်ဝင်း (ဘ) ဦးမောင်းတို့ သုံးဦးသည် ခြံရှင်းရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အနီးရှိ သနပ်ခါးပင်ပေါ်ရှိ ပျားအုံကို မီးရှို့ရာမှ အနီးဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညီညီဇော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်းကာ မီးငြိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ် ၁ဝစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ မိနစ် ၃ဝတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျားပေ ၆ဝ၊ အနံပေ ၄ဝရှိ ကြက်ခြံအဟောင်းသုံးလုံး၊ အလျားပေ ၆ဝ၊ အနံပေ ၃ဝရှိ ကြက်ခြံဟောင်း ငါးလုံးနှင့် အလျားပေ ၄ဝ၊ အနံ ၂၅ပေ ရှိ လူနေထိုင်ခြင်း မရှိသည့် အိမ်တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၄၁၂၅ဝဝ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုခဲ့သည့် ခြံရှင်းလုပ်သားများ ဖြစ်သော တင်မြင့်၊ စန်းတင်နှင့် ကျော်ဝင်းတို့ သုံးဦးကို မုံရွာမြို့ မြို့မရဲစခန်းက အရေးယူမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger