www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တောင်ကြီးတန်ဆောင်တိုင်ပွဲတော်. Show all posts
Showing posts with label တောင်ကြီးတန်ဆောင်တိုင်ပွဲတော်. Show all posts

Wednesday, September 12, 2018

တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် သရုပ်ဖော်ပုံများ၊ စာတန်းများကို တားမြစ်



တောင်ကြီး ၁၂-၉-၂ဝ၁၈

မကြာမီကျင်းပမည့် တောင်ကြီး မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မည့် အသင်းများအနေဖြင့် ပြိုင်ပွဲတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်စေမည့် သရုပ်ဖော်ပုံများ၊ စာတန်းများကို ပြိုင်ပွဲဝင်မီးပုံး ပျံများတွင် ချိတ်ဆွဲခွင့်မပြုကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်လုပ်ငန်း ကော်မတီတွဲဖက် အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပြသည်။

ယခင်နှစ်များက ယခုစည်းကမ်းချက်များ မပါဝင်သော်လည်း ယခုအခါတွင် လိုအပ်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထပ်မံထည့်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

''စည်းကမ်းချက် တွေကိုဖောက်ဖျက် တာမျိုးတွေ့ရင် ကျွန်တော်တို့ အနေနဲ့ စည်းကမ်း ဖောက်ဖျက်တဲ့ အသင်းကိုထုတ်မယ်။ လိုအပ်ရင် မီးပုံးပျံပြိုင်ပွဲ ကနေသုံးနှစ် (သို့မဟုတ်) ငါးနှစ် ဖယ်ထုတ်မယ်။ ဒီထက်ပိုပြီး လိုအပ်ရင် ဥပဒေအရပါ အရေးယူသွားမယ်။ ပြိုင်ပွဲကို အေးအေးချမ်းချမ်းပဲ ကျင်းပသွားပါမယ်။ တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲကိုဖျက်တဲ့ ဘယ်လုပ်ရပ်ကိုမှ လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ မီးပုံးပျံပြိုင်ပွဲကို အမည်းစက်ထင်မယ့် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်''ဟု ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

တောင်ကြီးမီးပုံးပျံ ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပက ခရီးသွားများကပါ ပြိုင်ပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှု ကြသည့်အတွက် စည်းကမ်းများဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ် မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက ပြောပြသည်။

''တောင်ကြီးမီးပုံး ပျံပြိုင်ပွဲက ဘယ်တုန်းကမှ မျက်နှာပျက်စရာ မဖြစ်ခဲ့ဘူး။ ဒီနှစ်လဲမဖြစ်ပါဘူး။ ပြိုင်ပွဲဝင်တိုင်း သိပါတယ်။ ပြိုင်ပွဲကို ပျက်စီးအောင် ဘယ်သူမှ လုပ်မယ်လို့ မထင်ပါဘူး''ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောပြ
သည်။

''မြန်မာနိုင်ငံက ဒီနှစ်တွေမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့လဲ သေချာ ထိန်းသိမ်းမှာပါ။ မလိုလားအပ်တဲ့ပြင်ပ ပယောဂတွေ မပါရှိအောင် စောင့်ကြည့်သွားမှာပါ။ လိုအပ်ရင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းပြီး အရေးယူမှုတွေ လုပ်ဆောင်မှာပါ''ဟု စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးက ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 11, 2018

ဒေါ်လာဈေးမြင့်တက်မှုကြောင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ယမ်းပိဿချိန်ချိတ်ဆွဲမှု လျော့ကျလာနိုင်



တောင်ကြီး ၁၁-၉-၂ဝ၁၈

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ယခုနှစ်၏ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံးပျံများ၌ ဒေါ်လာဖြင့် ဝယ်ယူရသည့် ယမ်းပိဿာချိန် ချိတ်ဆွဲမှု လျော့ကျလာနိုင်ကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် စတင်ကာဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂ဝရက်ထိ ပြိုင်ပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ပိတ်ပွဲနှင့် ဆုပေးပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ကျင်းပရာတွင် ယခုနှစ်၏ ဒေါ်လာဈေး မြင့်တက်မှု အခြေအနေများကြောင့် တစ်ဖက်နိုင်ငံမှ ဒေါ်လာဈေးအတိုင်း ဝယ်ယူရသည့် ဖောက်ခွဲရေး ယမ်းပစ္စည်းများကို မီးပုံးပျံများတွင် ချိတ်ဆွဲမှုများ လျော့ကျနိုင်ဖွယ်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

"ဒီနှစ် ဒေါ်လာဈေးက အတက်ဘက်မှာ ရောက်နေတာကြောင့် တရုတ်နိုင်ငံဘက်က ယမ်းပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလဲ ဒေါ်လာဈေး အတိုင်းဝယ်ယူ နေကြရတဲ့အတွက် အရင်နှစ်တွေ တုန်းကတော့ ယမ်းပိဿာချိန် ၃၅ ပိဿာလောက်တော့ သုံးကြပါတယ်။ ဒီနှစ်မှာတော့ ယမ်းပစ္စည်းတွေ ဈေးကြီးပေး ဝယ်နေရတော့ ယမ်းပိဿာချိတ်ဆွဲမှု လျော့နိုင်ပါတယ်။ ပြိုင်ပွဲဝင်မီးပုံးပျံ အရေအတွက်ကတော့ အရင်နှစ်လိုပဲဖြစ်မှာပါ။ လျော့ကျမယ့် အခြေအနေမရှိပါဘူး"ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးသန်းဇော်က ပြောပြသည်။

လက်ရှိတွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရက ဦးစီးကာ ဆပ်ကော်မတီပေါင်း ၁၅ ခုခန့်ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ပြိုင်ပွဲဝင်မည့် ရိုးရာမီးပုံးပျံ ဝါသနာရှင်များ အနေဖြင့်လည်း မီးပုံးပျံလုပ်ငန်းများ စတင်ဆောင်ရွက် နေကြပြီဖြစ်ကာ လက်ရှိ အခြေအနေအရ ပြိုင်ပွဲဝင်မည့် မီးပုံးပျံ အလုံးရေ ၆ဝ ခန့်ထိရှိနေကြောင်း ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Monday, October 30, 2017

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့ပိုင်းတင်သည့်အရုပ်များ ပိုမိုဆန်းပြားလာ



တောင်ကြီး ၃၀-၁၀-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်တွင်း၊ပြည်ပ ခရီးသွားများနှင့် မြန်မာနိုင်ငံအနှံ့မှ လာရောက်လည်ပတ် ကြသူများနှင့် စည်ကားလျက် ရှိပြီး ညပိုင်းတွင် ညမီးကြီး၊ စိန်နားပန်တို့ လွှတ်တင်ကြပြီး နေ့လယ်ပိုင်းတွင် နေ့ပိုင်းလွှတ်တင်သည့် မီးပုံးပျံအရုပ်များမှာ တစ်နှစ်ထက်တစ်နှစ် ဆန်းပြားလာကြောင်း တွေ့ရသည်။

အဆိုပါပွဲတော်သို့ လာရောက် လည်ပတ်ကြသော ပြည်တွင်း၊ပြည်ပ ခရီးသွားများနှင့် မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးများသည် တတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ တန်ဆောင်တိုင်ကွင်း၌ လွှတ်တင်မှုကို လာရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ နေ့လွှတ်အရုပ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆန်းပြားလာပြီး အရုပ်များမှာ ကမ္ဘာ့လိပ်ပုံ၊ သစ်ကုလားအုတ်ပုံ၊ ဂူအန်းငှက်ပုံ၊ ကြက်တူရွေးပုံ၊ ဆင်၊ယုန်၊ ကျွဲ၊ ကွန်ဖူးပန်ဒါပုံ၊ ဓားခုတ်ကောင်ပုံ၊ ဖော်ကွဲငှက်ပုံ၊ ရေမြင်း၊ကြက်၊ ငှက်နီ၊ ခို စသည့်အကောင် မျိုးစုံအရုပ်များနှင့် ကြံ့သုံးကောင်တွဲ၊ ရှဥ့်ကြွက်သုံးကောင်တွဲ၊ သိန်းငှက်သုံးကောင်၊ သင်းကွဲသုံးကောင်တွဲ စသည်တို့ကို မိမိတို့ဥာဏ်ရည်များဖြင့် ဆီစိမ်စက္ကူ၊ ရှမ်းစက္ကူတို့ဖြင့် တစ်နှစ်ထက် တစ်နှစ် မရိုးအောင် မီးပုံးပညာရှင်များက အချိုးအစား မှန်အောင်ချိုး၍ မိမိတို့ပြုလုပ်လိုသည့် အကောင်၏ အရောင်အဆင်းများကို ခြယ်သပြုလုပ်ကြကြောင်း သိရသည်။

ရိုးရာမီးပုံးနှင့် ယခုကဲ့သို့ တိရစ္ဆာန်ပုံမီးပုံး ပြုလုပ်ရာတွင် အရွယ်အစားပေါ်မူတည်ပြီး ဆီစိမ်စက္ကူ အချပ်ရေ ၄ဝဝမှ ၇ဝဝခန့်ထိ ကုန်ကာ ငွေကျပ်တန်ဖိုးမှာ အရွယ်အကြီး၊ အသေးပေါ်မူတည်၍ ငွေကျပ် ၃ဝဝဝဝမှ သုံးသိန်းခန့်ထိကုန်ကျကာ မိသားစုအလိုက်၊ သူငယ်ချင်းအစုအဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ယနေ့လွှတ်တင်သော အရုပ်များမှာ အရုပ်မျိုးစုံ ၃ဝကျော် ပါဝင်ယှဉ်ပြိုင် ကြကြောင်း အဖွဲ့လိုက် နေ့လွှတ်အရုပ်လာရောက် လွှတ်တင်သူ အဖွဲ့ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger