www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 20, 2016

ဖိလစ်ပိုင်နိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး သမ္မတသစ် ၏ ကြိုးပမ်းမှု


Philippine communist rebels welcome offered Cabinet posts

( အောင်နှင်းဆီ )

အပြစ်ပေးသူ ဟု တင်စားခံ ရသည့် ဖိလစ်ပိုင် သမ္မတသစ် ရိုဒရီဂူဒူ တာတေ သည် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ရန် မျှော်မှန်းထားစဉ် ကာလရှည်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် စေရေးအတွက် ကြိုးပမ်းချက် ကို အစပြုခဲ့ပြီ ဖြစ်သည်။

ဆယ်စုနှစ်ငါးစု နီးပါး ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ် စေရန် ကွန်မြူနစ် သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ပြန်လည် စတင်မည် ဖြစ်ပြီး ယင်းမတိုင်မီ နိုင်ငံအတွင်းရှိ အကျဉ်းထောင် များ၌ ဖမ်းဆီးခံ ထားရသည့် သူပုန် အဖွဲ့ဝင်များကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ပါဝင် ခွင့်ပြုမည်ဟု သမ္မတသစ် အဖြစ် ရွေးကောက်ခံ ထားရသည့် ဒူတာတေ က ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ပြောသည်။

ထို့ပြင် ၄င်း၏ အစိုးရအဖွဲ့တွင် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) မှ ခေါင်းဆောင် များကို ဝန်ကြီးအဆင့် တာဝန်များ ထမ်းဆောင်ခွင့်ပြု နိုင်ဖွယ်ရှိသည် ဟူသော သတင်း များလည်း ထွက်ပေါ်လျက် ရှိသည်။ ထွက်ပေါ်လာသည့် သတင်းများ အရ သမ္မတသစ် သည် ၄င်း၏ အစိုးရအဖွဲ့ အတွင်း သူပုန်အဖွဲ့ မှ ခေါင်းဆောင် လေးဦးကို ဝန်ကြီးရာထူး နေရာများ ခန့်အပ်မည်ဟု သိရသည်။

အစိုးရနှင့် သူပုန်များကြား ပြီးခဲ့သည့် သုံးနှစ်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ပွဲများ ကျင်းပခဲ့ သော်လည်း နောက်ပိုင်းတွင် အစိုးရက ဖမ်းဆီးထားသည့် သူပုန် အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် သူပုန် အဖွဲ့က တစ်ဖက်သတ် တောင်းဆို ခဲ့ခြင်းကြောင့် လက်ရှိသမ္မတ ဘီနစ်နိုအကွီနို က ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း အစိုးရတပ် များနှင့် ကွန်မြူနစ် သူပုန်များကြား ဖြစ်ပွားလျက် ရှိသည့် တိုက်ခိုက်မှု များကြောင့် လူပေါင်း ၃ဝဝဝဝ ခန့် သေဆုံးခဲ့သည်။

ထို့ပြင် နိုင်ငံ၏ တောင်ပိုင်း၌ ထကြွ သောင်းကျန်း နေသည့် အဘူဆေယက်ဖ် စစ်သွေးကြွ များ၏ အန္တရာယ်ကိုလည်း ဒူတာတေ ဦးဆောင်သည့် အစိုးရသစ် အနေဖြင့် ရင်ဆိုင် ဖြေရှင်းရန် လိုအပ်နေသည်။ ယင်း စစ်သွေးကြွ အဖွဲ့သည် အရှေ့ အလယ်ပိုင်းရှိ ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်မှု ရှိပြီး ဒေသအတွင်း၌ ပြန်ပေးဆွဲခြင်း၊ ခေါင်းဖြတ်သတ် ဖြတ်ခြင်းနှင့် ခြိမ်းခြောက်၍ ငွေကြေး တောင်းခံခြင်း တို့ကို ပြုလုပ်လျက် ရှိသည်။

ဖိလစ်ပိုင် နိုင်ငံ၌ မကြာမီက ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော မဲဆွယ်ပွဲတွင် ဒူတာတေ ၏ စည်းရုံးမှုကြောင့် ဓားစာခံများ အဖြစ် ဖမ်းဆီးခံထား ရသည့် ဒါဗားအိုးစီးတီးမြို့ မှ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သား တစ်ဦးကို သူပုန်များက ပြန်လည် လွှတ်ပေးခဲ့သည်။ ယင်းအချက် သည် ဒူတာတေ ၏ စည်းရုံးမှု အောင်မြင် ကြောင်းကို သက်သေပြခဲ့ပြီး ၄င်းအနေဖြင့် သူပုန်တပ်ဖွဲ့နှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့ကြောင့် ရာဇဝတ်မှုများ ပပျောက်အောင် တိုက်ဖျက်ခြင်း သည် သမ္မတသစ် အတွက် အရေးကြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာမည့် အပြင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်သွေးကြွ များ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် တခြား လက်နက်ကိုင် တိုက်ခိုက်မှု များကို အဆုံးသတ် စေရန် ကြိုးပမ်းခြင်း သည်လည်း ဒူတာတေ အတွက် ဦးစားပေး အကောင်အထည် ဖော်ဆောင်ရမည့် အစီအစဉ် တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။ နိုင်ငံအတွင်း ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက် နိုင်ရန် ဒူတာတေ သည် သူပုန်များနှင့် စေ့စပ် ဆွေးနွေးပြီး နောက် ၄င်းတို့အနေဖြင့် လက်နက်ချမည် ဆိုပါက သူပုန်အဖွဲ့မှ ခေါင်းဆောင် များနှင့် အတူ ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်ဖွယ် ရှိသည်ဟု လေ့လာသူ တချို့က ပြောသည်။

လက်ရှိတွင် သမ္မတသစ် အဖြစ် ရွေးချယ်ခံထား ရသည့် ဒူတာတေ ၏ ကမ်းလှမ်းချက် ကို သူပုန်အဖွဲ့က ကြိုဆိုထား သောကြောင့် သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ မကျိန်ဆိုမီ အချိန်မှာပင် ဒူတာတေ ၏ ကြိုးပမ်းမှုမှာ ထိရောက်သည် ဟု ဆိုနိုင်သည်။ ဒူတာတေ သည် သမ္မတ တာဝန်ကို ဇွန် ၃ဝ ရက်တွင် ရာထူးမှ ထွက်ခွာ တော့မည့် ဘီနစ်နိုအကွီနို ထံမှ လွှဲပြောင်း ရယူမည် ဖြစ်သည်။ အသက် ၇၁ နှစ်အရွယ်ရှိ ဒူတာတေ သည် ဒါဗားအိုးစီးတီး မြို့တော်ဝန် အဖြစ် ၁၉၈၈ ခုနှစ်မှ စတင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၄င်း၏မြို့ အတွင်း၌ ရာဇဝတ်မှု တိုက်ဖျက်ရာတွင် အထူးပင် ထိရောက်လှ သောကြောင့် ၄င်းအနေဖြင့် ရာဇဝတ်မှု တိုက်ဖျက်သူ၊ မူးယစ်ဆေးဝါး  တရားမဝင် ကုန်ကူး ခြင်းကို ရပ်တန့်ပစ်သူ ဟူ၍ ကျော်ကြားသူ ဖြစ်လာခဲ့သည်။ ထို့ပြင် ၄င်းသည် နိုင်ငံအတွင်း ရာဇဝတ်မှု များကို တိုက်ဖျက်ရာတွင် ပိုမို ထိရောက်မှု ရှိစေရန် ၂ဝဝ၆ ခုနှစ်က ပိတ်ပင် ထားခဲ့သည့် သေဒဏ် ချမှတ်ခြင်းကို ပြန်လည် ကျင့်သုံးလိုသူ ဖြစ်သည်။

သို့ရာတွင် ၄င်း၏ ရာဇဝတ်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ တချို့က ဝေဖန်ထားသည်။ ဒူတာတေ သည် ရာဇဝတ်မှု နှိမ်နင်းရာတွင် အသုံးပြုသည့် တရားဥပဒေ စိုးမိုးရေး အဖွဲ့၌ ရဲတပ်ဖွဲ့ဝင် များသာမက လူသတ်သမား များနှင့် ကွန်မြူနစ်ဟောင်း များကိုပါ ငှားရမ်း အသုံးပြုသည် ဟု လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ထားသည်။

သို့သော် အဆိုပါ စွပ်စွဲချက်များကို ဒူတာတေ က ငြင်းဆိုထားခဲ့ပြီး ၄င်းအနေဖြင့် ရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ဘဲ သမ္မတ တစ်ဦးအဖြစ် နိုင်ငံအတွင်းရှိ ပြည်သူများကို ဆက်လက် ကာကွယ် ပေးသွားမည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် ဖမ်းဆီးခံ သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည့်အစီအစဉ် နှင့်စပ်လျဉ်း၍ လည်း ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ သမ္မတသစ် အနေဖြင့် သူပုန်များကို လွတ်ငြိမ်းခွင့်သာ ပြုမည် ဆိုပါက နိုင်ငံတည်ငြိမ် အေးချမ်းရေးတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရ တပ်ဖွဲ့ဝင်များ၏ အနစ်နာခံ ဆောင်ရွက်ချက် များအပေါ် မျက်နှာလွှဲရာ ရောက်မည်ဟု အထက် လွှတ်တော် အမတ်တစ်ဦး ဖြစ်သူ ပန်ဖီလိုလက်ဆန် က ထောက်ပြ ထားသည်။ ယင်းအချက် ကို ဒူတာတေ နှင့် ၄င်း၏ အကြံပေးများ အနေဖြင့် အလေးအနက်ထား သုံးသပ်ရန် လိုအပ်ကြောင်း လက်ဆန် က တောင်းဆို ထားသည်။ ထို တောင်းဆိုချက် သည် နိုင်ငံအတွင်း ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ဆန္ဒပြင်းပြ နေသည့် ဒူတာတေ ၏ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ် တချို့၌ အဟန့်အတား အဖြစ် ထွက်ပေါ် လာခဲ့သည်။

အချုပ်အားဖြင့် ဆိုရပါမူ ဖိလစ်ပိုင်နိုင်ငံ သည် ပြည်တွင်း လက်နက်ကိုင် တိုက်ခိုက်မှု များကို ၁၉၆ဝ ပြည့်နှစ် အလယ်ပိုင်းမှ စ၍ တွေ့ကြုံခဲ့ရပြီး ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ ရသည်။ တစ်ချိန်တည်း မှာပင် အဘူဆေယက်ဖ် စစ်သွေးကြွ များ၏ အကြမ်းဖက်မှု များကိုလည်း ထပ်မံရင်ဆိုင် နေရသည်။ ဖိလစ်ပိုင် အစိုးရသည် စစ်သွေးကြွ များ၏ အကြမ်းဖက်မှုကို တန်ပြန်နိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စု၏ ပံ့ပိုးမှုကို ရယူ နေရသည်။ သို့ရာတွင် မကြာမီ သမ္မတအဖြစ် တာဝန် ထမ်းဆောင် တော့မည့် ဒူတာတေ အစိုးရ အနေဖြင့် နိုင်ငံအတွင်း ကာလရှည်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ကို ရပ်တန့်အောင် လုပ်ဆောင်မည် ဟု ဆုံးဖြတ်ထား သောကြောင့် ထွက်ပေါ်လာ သည့် အဟန့်အတား များကို အစိုးရအဖွဲ့ က ကျော်လွှားနိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့် ရမည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger