www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 29, 2015

အနောက်အုပ်စုကို ခြိမ်းခြောက်ရင်း အစ္စရေးကိုပါ ပစ်မှတ်ထားလာသည့် ISIS



( ရှိန်းထက် )

ဒီဇင်ဘာ ၂၆ ရက်တွင် လူရှေ့ထွက်ခဲသော အစ္စလာမ်မစ် နိုင်ငံ ISIS ၏ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘတ်ဂ် ဒါဒီ က သူ၏ အသံဖိုင်  တစ်ခုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။

အသံဖိုင်ထဲတွင် အနောက်အုပ်စု၏ ISIS အပေါ် တိုက်ခိုက်မှု များသည် အချည်းအနှီးသာ ဖြစ်ကြောင်းနှင့် ISIS ကို အမြစ်ဖြတ် ချေမှုန်းမည်ဟု ကြွေးကြော် နေခြင်းသည် အိပ်မက်တစ်ခု သာလျှင်ဖြစ်ကြောင်း လှောင်ပြောင် ပြောဆိုခဲ့ပြီး ယခု ၄င်းတို့သည် အနောက် ဥရောပ နိုင်ငံများနှင့် အစ္စရေး တို့ကို မကြာမီ တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ခြိမ်းခြောက် ခဲ့သည်။ အမေရိကန် နှင့် အနောက်အုပ်စု သည် ၂ဝ၁၄ ခုနှစ်မှ စ၍ ISIS တို့ကို လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင် စစ်ဆင်ရေး အတွက် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ ကုန်ကျခဲ့သည်။ သို့သော်လည်း ISIS တို့ကို ထိရောက်သည့် စစ်ဆင်ရေးများ ယခုအချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ 

ISIS တို့ကသာ တစ်နေရာပြီး တစ်နေရာ သိမ်းပိုက် နိုင်ခဲ့သည်။ ထို့ကြောင့် ISIS က အနောက်အုပ်စု ၏ ထိုးစစ် ဗျူဟာများကို လှောင်ပြောင် သရော် လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အစ္စရေးသည် အစ္စလာမ် ဘာသာတို့၏ ထာဝရ ရန်သူတော်ကြီး ဖြစ်သောကြောင့် အစ္စရေးမြေတွင် မကြာမီ ဂျူးတို့ သွေးချောင်းစီး ရတော့မည်ဟု ISIS ခေါင်းဆောင်က ပြောသည်။ အစ္စရေးသည် ဟားမတ် စစ်သွေးကြွ များနှင့် ပါလက်စတိုင်း တို့ကို အစဉ်အမြဲ နှိပ်ကွပ်မှု ကလည်း ISIS တို့ကို ပြင်းထန်စွာ အမျက်ထွက် စေသည်။ ယခု ISIS က လူမျိုးတူ ပါလက်စတိုင်း တို့ဘက်မှ အစ္စရေးတို့ကို အပြတ်အသတ် တိုက်ခိုက် ပေးတော့မည် ဖြစ်သည်။

ဘတ်ဂ်ဒါဒီ ၏ ၂၄ မိနစ်ကြာ အသံဖိုင်တွင် အနောက်အုပ်စု နှင့်အစ္စရေးကို တိုက်ခိုက်နိုင်ဖို့သည် တစ်နေ့တခြား ရုပ်လုံး ပေါ်လာလျက် ရှိသည်။ မကြာမီ ရည်ရွယ်ချက် အတိုင်း ဖြစ်တော့မည်ဟု ဆိုသည့် ဘတ်ဂ်ဒါဒီ ၏ အပိုင် ခြိမ်းခြောက် စကားများက အနောက်အုပ်စုနှင့် အစ္စရေးတွင် သူတို့ ဘက်တော်သားများ အခြေချ နေနိုင်ပြီဟု ရည်ညွှန်း နေသလို ဖြစ်နေလေသည်။ ထို့ပြင် နှစ်သစ်ကူး အချိန်ကလည်း နီးလာနေပြီ ဖြစ်သည်။

ISIS တို့သည် လူအများဆုံး စည်ကားနေသည့်အချိန် များတွင် အကြမ်းဖက်မှု များကို လုပ်ဆောင် နိုင်သည်ဟု နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့များက သတိပေး ထားသည်။ ထို့ကြောင့် ခရစ္စမတ်တွင် မဖြစ်ခဲ့သော အကြမ်းဖက်မှု များကြောင့် နှစ်သစ်ကူး ကာလသည် အကြမ်းဖက်မှု ပြုလုပ်နိုင်ရန် ISIS တို့အတွက် အကောင်းဆုံးအချိန် ဖြစ်နေသည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သို့ ကူးပြောင်းမည့် ၂ဝ၁၅ ခုနှစ်၏ နှစ်သစ်ကူး အခါသမယသည် အနောက်အုပ်စု အတွက် စိုးရိမ်စိတ် များဖြင့် ဖြတ်သန်း ရတော့မည် ဖြစ်သည်။

ထို့ပြင် ယခု အမေရိကန်နှင့် အနောက် အုပ်စုတို့ အပါအဝင် ရုရှားနှင့် ၃၄ နိုင်ငံပါ သည့် အစ္စလာမ်မစ် ဆန့်ကျင်ရေး ညွန့်ပေါင်း အဖွဲ့များ ကလည်း ISIS ကို အပြင်းအထန် တိုက်ခိုက်လျက် ရှိသည်။ ၃၄ နိုင်ငံ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဆော်ဒီက ဦးဆောင်သည်။ ဆော်ဒီသည် ISIS တို့နှင့် လူမျိုးလည်းတူ၊ ဘာသာလည်း တူသည့် အစ္စလာမ်မစ် ဘုရင့်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် လူမျိုးတူ၊ ဘာသာတူသူကို တိုက်ခိုက်မည့် ဆော်ဒီကိုလည်း ISIS က အပြင်းအထန် သတိပေးထားသည်။ ISIS ထဲရှိ နိုင်ငံရပ်ခြား တိုက်ခိုက်ရေး သမား အများစုသည် ဆော်ဒီမှ ဖြစ်သည်။ ထို့ပြင် ဆော်ဒီတွင် ယခု ISIS တို့ လွှမ်းမိုးမှုက လည်း တစ်စတစ်စပိုများလာလျက်ရှိသည်။ အရှေ့ အလယ်ပိုင်းတွင် ISIS တို့ ခြေကုပ်မှု အများဆုံး ယူထားနိုင်သည့် နိုင်ငံထဲတွင် ဆော်ဒီသည် ထိပ်ဆုံးမှ ပါဝင်သည်။

ထို့ကြောင့် ဆော်ဒီကိုလည်း ISIS က အကြမ်းဖက်မည်ဟု ဆိုသည်။ သို့သော်လည်း အပြင်းအထန် ထိုးစစ်ဆင် နေသည့် နိုင်ငံတကာ အဖွဲ့များကြောင့် ISIS တို့ မည်သို့ပင် လှောင်ပြောင်စေကာမူ ယခု ISIS တို့ပိုင်နက် များဆုံးရှုံးလာလျက်ရှိသည်။ ဒီဇင်ဘာ ၂၇ ရက်တွင် အီရတ်တပ်ဖွဲ့ များက ISIS တို့ ထိန်းချုပ်ထားသည့် ရာမာဒီကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည်။

ယခုအခါ အမေရိကန်၊ ရုရှားနှင့် ညွန့်ပေါင်း အဖွဲ့များက တစ်နေ့လျှင် ဒေါ်လာသန်းချီ ဝင်နေသော ISIS တို့၏ ရေနံတွင်းများ နှင့် ရေနံသယ်ယူ ပို့ဆောင်နေသည့် ရေနံတင် ကားများကို တောက်လျှောက် ဗုံးကြဲ၍ ISIS တို့၏ ရန်ပုံငွေကို အဓိက ဖြတ်တောက် နိုင်ရန် ကြိုးပမ်း နေကြသည်။ ထို့ကြောင့် ISIS တို့ အထိနာ နေသည်က ငြင်းဆိုစရာ မရှိပေ။ သို့သော်လည်း ISIS ကွန်ရက်များ ကတော့ တဖြည်းဖြည်းနှင့် ပိုမိုကျယ်ပြန့် လာသည်။ မွတ်စလင် အများစုရှိသည့် အင်ဒိုနီးရှား ကိုလည်း ISIS တို့က အဝေးရောက် ကာလီဖိတ် ဟု တင်စားထားသည်။ အင်ဒိုနီးရှား နိုင်ငံသား အစွန်းရောက် ၅ဝဝ ကျော်သည် ISIS တို့နှင့် သွားရောက် ပူးပေါင်း ခဲ့သည်။

အနောက်အုပ်စုနှင့် ညွန့်ပေါင်းတို့က ထိုးစစ်ဆင် သော်လည်း ISIS တို့ကွန်ရက်က သေးမသွားဘဲ ကျယ်သည်ထက် ကျယ်လာလျက် ရှိသည်။ ယခု တစ်ကမ္ဘာ လုံးသည် ISIS ကွန်ရက် ဖြစ်တော့မည်။ အာရှတွင်လည်း ISIS ရှိသည်။ အာဖရိက တွင်လည်း ISIS ရှိသည်။ ဥရောပတွင် လည်း ISIS ရှိသည်။ အရှေ့ အလယ်ပိုင်း တွင်လည်း ISIS က ကြီးစိုးထားသည်။ မရှိသည့်နေရာ ဆို၍ တစ်နေရာသာ ကျန်တော့သည်။ ဤနေရာမှာ အမေရိက ဖြစ်သည်။ သို့သော် UG ဟုခေါ်သော မြေအောက် အစ္စလာမ်မစ်များ ရှိနိုင်သောကြောင့် မည်သူမျှ အမေရိကတွင် ISIS မရှိဟု အာမခံရဲသူ မရှိပေ။ ထို့ကြောင့် ISIS ၏ အန္တရာယ်သည် ထင်ထား သည်ထက် ပိုမို ကြောက်စရာ ကောင်းလာလျက် ရှိသည်။

အိုဘားမား၏ ISIS အမြစ်ဖြတ် ချေမှုန်းရေးကလည်း ထင်သလို ဖြစ်မလာ။ ပူတင်၏ ISIS ထိုးစစ်ဆင်မှု ကလည်း မထိရောက်ဘဲ ဝေဖန်ချင်စရာ ဖြစ်လာ သောကြောင့် အရှေ့ အလယ်ပိုင်းမှ ISIS ကို သုတ်သင်ရေး သည် ပါးစပ်က ပြောနေသည်ထက် အလှမ်းဝေး နေဆဲဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ကတည်းက ISIS တို့ကို တိုက်ခိုက်ခဲ့သော ထိုးစစ်များသည် ယခု ဒီဇင်ဘာလ ရောက်မှသာ ရာမာဒီ တစ်မြို့တည်း ကိုသာ အပိုင်ပြန်လည် သိမ်းပိုက်နိုင်သည်။ အစ္စလာမ်မစ် ISIS ဆန့်ကျင်ရေး၏ အောင်မြင်မှုဟု ဆိုနိုင်သော်လည်း ISIS ၏ နယ်မြေချဲ့ထွင် နိုင်မှုက ရာမာဒီကို အီရတ်တို့ အောင်မြင်မှု ထက် ပိုသာသည်။

အာဖဂန်တွင်လည်း ISIS တို့ မြို့သုံးမြို့ကို အပိုင် သိမ်းထားသည်။ ယီမင်တွင်လည်း ISIS က မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲကာ မြို့များကို အပိုင် သိမ်းထားသည်။ ထို့ကြောင့် အီရတ်၏ ရာမာဒီကို အောင်မြင်မှုသည် ISIS တို့ အောင်မြင်မှု၏ ငါးပုံတစ်ပုံ လောက်သာဖြစ်သည်။

ယခု ISIS တို့၏ ပစ်မှတ်သစ်သည် အနောက်အုပ်စု အပြင် အစ္စရေးပါ ပါဝင်လာသည်။ အစ္စရေးသည် ဂါဇာမှ ဒုံးကျည်များ မကြာခဏ အပစ်ခံရသည်။ ပါလက်စတိုင်း နှင့်လည်း အမြဲတမ်း အငြင်းပွားနေသည်။ စစ်ပွဲများလည်း မထင်လျှင် မထင်သလို ဖြစ်တတ်သည်။ နယ်စပ်စည်းမျဉ်းများ အငြင်းပွားမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းကြား အဓိက အငြင်းပွားနေရသော ကိစ္စဖြစ်သည်။ ထိုမျဉ်းများ တစ်လျှောက် နောက်တစ်ကြိမ်သာ အစ္စရေးနှင့် ပါလက်စတိုင်းကြား စစ်ဖြစ်ခဲ့ပါက ISIS တို့သည် ပါလက်စတိုင်း ဘက်မှ ပါဝင်တော့မည် ဖြစ်သည်။

အီရတ်စစ်သား ထောင်ကျော်ရှိသော အီရတ်မြို့များကို ဝင်ရောက် သိမ်းပိုက်စဉ်က ISIS နှစ်ရာခန့်ဖြင့် သိမ်းယူခဲ့ခြင်း ဖြစ်ရာ ISIS တို့၏ တိုက်ရည်ခိုက်ရည် ကလည်း ကောင်းမွန်လှသည်။

ထို့ကြောင့် ISIS အားကိုးဖြင့် ပါလက်စတိုင်းတို့ နောက်တစ်ကြိမ် ခေါင်းထောင် လာမည်ကို အစ္စရေးတို့ ကြိုတင်စဉ်းစား ရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger