www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

ကုန်သွယ်ဖက်နိုင်ငံများ အားလုံးနီးပါးတွင် စီးပွားရေးသံမှူးများ ခန့်အပ်ထားရှိရန် စီစဉ်နေ


ရန်ကုန် ၊ ၂၇-၄-၂ဝ၁၅

မြန်မာနိုင်ငံမှ စီးပွားရေးသံမှူး များကို နိုင်ငံတော်၏ ကုန်သွယ်ဖက် နိုင်ငံများ အားလုံးနီးပါးတွင် ခန့်အပ်ထားနိုင် စေရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်ပနိုင်ငံ များသို့ စေလွှတ်ထားသော မြန်မာနိုင်ငံမှ စီးပွားရေးသံမှူး ကိုးဦးရှိပြီး သက်ဆိုင်ရာမှ စိစစ်ရွေးချယ် ခန့်အပ်ကာ လိုအပ်သော မွမ်းမံ သင်တန်းများ သင်ကြားပို့ချ ပြီးနောက် နိုင်ငံတော်၏ ကုန်သွယ်ဖက် နိုင်ငံတချို့သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့ အနေဖြင့် ပြည်ပနိုင်ငံ များ၏ စီးပွားရေး သတင်း အချက်အလက်များ စုဆောင်းပေးခြင်း၊ ကုန်သွယ်မှု မြှင့်တင်နိုင်မည့် နည်းလမ်း ကောင်းများ ရှာဖွေစုံစမ်း ခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်လျက် ရှိသည်။

ကုန်သွယ်ဖက် နိုင်ငံများ အားလုံး၌ စီးပွားရေးသံမှူးများ ခန့်ထားနိုင်ပါက ပြည်ပ ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်မှု ရှိလာစေရန် စေ့စပ်ညှိနှိုင်း ခြင်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင် နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ ကုန်သွယ်မှု မြှင့်တင် ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံမှ စီးပွားရေးသံမှူးများ ခန့်အပ် စေလွှတ်ထားသော နိုင်ငံတို့မှာ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ပြီး နိုင်ငံတော် အနေဖြင့် လည်း ပြည်တွင်းမှ ပြည်ပသို့ ပို့ကုန် ပမာဏ တိုးမြင့်လာစေရန်၊ သွင်းကုန်ပို့ကုန် ပမာဏများ ဟန်ချက် ညီညာမျှတမှု ရှိစေရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ စည်းစနစ် တကျ မှန်ကန် မြန်ဆန်စွာ စီစဉ်ဆောင်ရွက် နိုင်စေရန် နည်းဗျူဟာများ ချမှတ်ရေးဆွဲ အကောင်အထည် ဖော်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger