www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 18, 2014

ပါကစ္စတန်နိုင်ငံမှ မပြင်နိုင်သေးသည့် ရှေးရိုးစွဲ အယူအဆ အမှားကြီးအောက်မှ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်



ကိုကိုဟန်

ပါကစ္စတန်နိုင်ငံ၌ မိသားစု၏ ဂုဏ်သိက္ခာကို အသက်ထက် ပို၍ တန်ဖိုးကြီးမားစွာ ထားလေ့ရှိကြပြီး အရှက်နှင့် လူလုပ်ကာ အသက်နှင့် လူလုပ်ခြင်း မဟုတ်ဟု ဆိုပြီး မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းအောင် နှင့် အရှက်ရအောင် လုပ်သည့် မိသားစုဝင်များ ထဲမှ ထိုသူကို လူအများ ရှေ့တွင် ဆွေမျိုးအားလုံးက ကျောက်ခဲနှင့် ဝိုင်းပေါက်၍ သေသည်အထိ အဆုံးစီရင်လေ့ ရှိသည့် ဓလေ့ဆိုးကြီး ရှိနေသည်။

ယခုလည်း ပါကစ္စတန်နိုင်ငံ လာဟိုမြို့ တရားရုံးချုပ် ရှေ့၌ ကိုယ်ဝန်သုံးလ လွယ်ထားသော အသက် ၂၅ နှစ်အရွယ် Farzana Parveen ကို သူ့မိသားစုက သူတို့သဘော မတူသည့် ကလေးငါးဦး အဖေ မုဆိုးဖို Mohammad Lqbal နှင့် လက်ထပ်ခဲ့သည့် အတွက် လူအများရှေ့တွင် မိသားစုဝင် ၂ဝ ခန့်က သူမကို ကျောက်ခဲဖြင့် ထုနှက်ကာ ဝိုင်းဝန်းသတ်ဖြတ် အဆုံးစီရင် လိုက်ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို မိသားစု ဂုဏ်သိက္ခာ အတွက် အဆုံးစီရင်ခြင်း ( Honour Killing ) ဟု ခေါ်ကြသည်။

စဉ်းစားကြည့် ပါလျှင် လူသတ်သည့် ကိစ္စ ဆိုသည်မှာ အဘယ်မှာ ဂုဏ်ရှိ ပါမည်နည်း။ ကျွန်တော်တို့ ကမ္ဘာသူ ကမ္ဘာသားတိုင်း ယဉ်ကျေးမှု ထုံးတမ်းနှင့် တိုင်းရင်းသား ရိုးရာတိုင်း၊ ကိုးကွယ်သည့် ဘာသာတိုင်း တွင် ဂုဏ်သိက္ခာကို လိုက်နာကြရမည် ဆိုသည်ကို သိကြ ပါသည်။ လူအများက မိမိတို့ ရွေးချယ်ထားသော ဘာသာတရား အဆုံးအမ အတိုင်း လိုက်နာ ကြရမည်မှာ မှန်ပါသည်။

သို့သော်လည်း ကိုယ်ဝန်သုံးလ ရှိနေသော အမျိုးသမီး တစ်ယောက်ကို မိဘများက သဘောတူသော သူနှင့် လက်မထပ်ဘဲ သူ အမှန်တကယ် ချစ်မြတ်နိုးသည့် ယောက်ျား နှင့် လက်ထပ် ရပါ့မလား ဆိုပြီး လူအများ ရှေ့တွင် သူ့ မိသားစုဝင် များက ကျောက်ခဲ နှင့် ဝိုင်းပေါက် ထုသတ် ကြခြင်းဖြစ်၍ နားမလည် နိုင်အောင် ဖြစ်ကြရသည်။ မည်သည့် ယဉ်ကျေးမှု၊ မည်သည့် ဘာသာစကား နှင့် မည်သည့် ကိုးကွယ်သည့် ဘာသာမှာ ဖြစ်ဖြစ် ကမ္ဘာပေါ်ရှိ အသိဉာဏ် ရှိသောလူများစု အတွက် ဤကိစ္စအတွက် သူတို့ စီစဉ်ခြင်းကို ဘယ်လိုမှ သဘောတူ လက်ခံစရာမရှိပါ။

ပါကစ္စတန် လူမျိုး ရှေးရိုးစွဲ သမားများ အကြားတွင် မိဘများက ကြိုတင်စီစဉ် စေ့စပ်ထားသော သူကိုသာ ယူကြရသည့် ထုံးစံရှိ ပါသည်။ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာကို ဖတ်ကြည့်ပါက တကယ်ကို ဤဓလေ့က အမှန်တကယ်ရှိ နေကြောင်း တွေ့ရမည့် အပြင် ၂ဝ၁၃ ခုနှစ် က ယင်းသို့သော အမျိုးသမီးပေါင်း ၈၆၉ ဦးမှာ ဂုဏ်သိက္ခာ အတွက် အဆုံးစီရင်ခြင်းခံခဲ့ကြ ရသည်ကို သိရှိရပေမည်။

နေ့ခင်းကြောင်တောင် လူအများ ရှေ့တွင် ဘေ့စ်ဘော တုတ်များ၊ အုတ်ခဲများဖြင့် ဝိုင်းဝန်း သတ်ဖြတ်ခြင်း များသည် မွတ်စလင် အများစု နေထိုင်ရာ ပါကစ္စတန်တွင် နှစ်စဉ် အမျိုးသမီးပေါင်း ရာနှင့်ချီ၍ ဂုဏ်သိက္ခာ အတွက် အသတ်ခံ နေရခြင်းမှာ အသစ် အဆန်းတော့ မဟုတ်တော့ပါ။

Farzana Parveen ၏ ရှေ့နေ ပြောပြချက်အရ လူအများရှေ့ မြို့လယ်ကောင် လမ်းမပေါ်တွင် ကျောက်ခဲနှင့် ပစ်ပေါက် သတ်ဖြတ် ခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ ပါသည်။ ဆွေမျိုးများက တရားရုံး နံဘေးမှာ စောင့်နေခဲ့ကြပြီး တရားဝင် လက်ထပ်ရန် တရားရုံးသို့ လာရောက်ကြသော လင်မယားနှစ်ဦး တံခါးဆီသို့ လမ်းလျှောက် လာသည်ကို မြင်သည်နှင့် မိသားစုဝင်များက သူ့ယောက်ျား လက်မှ ထို အမျိုးသမီး ကို ဝိုင်း၍ လုကြသည်။ 

သူမက ရုန်းကန် ခုခံသော်လည်း Farzana Parveen ၏ အဖေ၊ အစ်ကိုများ နှင့် အခြား ဆွေမျိုးများက စပြီးရိုက်ကြ နှက်ကြသည်။ အနားမှာရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး အုတ်ခဲများဖြင့် ပေါက်ကြသည်။ ချစ်ကြိုက်မိသည့် အတွက် အသတ်ခံရသော သူမှာ သူ့ ယောက်ျား မဟုတ်ပါ။ ကိုယ်ဝန် ရှိနေသည့် ဇနီးသည် ဖြစ်သည်။

''တကယ်တော့ ဘယ်သူတွေ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ကျွန်တော် အရေးမစိုက်ပါဘူး။ ဘယ်ဘာသာက နှစ်နှင့်ချီပြီး လက်ခံသည် ဖြစ်စေ၊ ဘာသာရေး ခေါင်းဆောင်က ခိုင်း၍ဖြစ်စေ လုပ်နေကြ ရတာမျိုးကိုသာ ပြောလိုခြင်းပါ။ သာမန်လူ အများ လက်မခံ နိုင်သော အပြုအမူနှင့် ရှေးဟောင်း ဓလေ့များမှာ ယနေ့ကမ္ဘာတွင် မရှိသင့်တော့ပြီ မဟုတ်ပါလား။ ဒါဟာ မတရားမှု သက်သက် ဖြစ်နေပြီလေ ''ဟု Farzana Parveen ၏ရှေ့နေက ဆိုသည်။

''ဒီကိစ္စမှာ သူ့သမီးကတော့ သူ့အဖေ သတ်လို့ သေသွားရပြီ။ ဒါကို အဖေဖြစ်သူက ကျွန်တော်တို့ သဘောမတူတဲ့ ယောက်ျား ကိုယူပြီး ကျွန်တော်တို့ မိသားစုကို စော်ကားတဲ့ ကျွန်တော့် သမီးကို ကျွန်တော် သတ်လိုက် တယ်ဗျာ။ ကျွန်တော်တို့ ဝမ်းမနည်းပါဘူး'' ဟု ပြောသည်ကို စုံစမ်း စစ်ဆေးရေး ရဲတစ်ဦး ကတစ်ဆင့် ပြန်လည် ပြောပြ၍ သိရသည်။

ဤဓလေ့နှင့် ပတ်သက်၍ ပြောရလျှင် အချို့ နိုင်ငံများ တွင်လည်း အသတ်ခံ ရမည့်သူကို မြေကြီးထဲ ကိုယ်တစ်ပိုင်း မြှုပ်ထားပြီးမှ ကျောက်ခဲများဖြင့် မသေမချင်း ထုသတ် ကြသည်။ ၂ဝဝ၈ ခုနှစ် Amnesty Intenational အစီရင်ခံစာတွင် ဖော်ပြချက်အရ အီရန်နိုင်ငံ၏ ရာဇဝတ်မှု ဥပဒေတွင် ပစ်ပေါက်ရမည့် ကျောက်ခဲနှင့် ပတ်သက်၍ ပြဋ္ဌာန်း ထားသည်မှာ ပစ်ပေါက်ရာတွင် အသုံးပြုမည့် ကျောက်ခဲသည် တစ်ချက် ပစ်ပေါက်ရုံဖြင့် သေမသွား နိုင်သော အရွယ်အစားမျိုး ဖြစ်ရမည် ဖြစ်သလို မထိခိုက်နိုင်သော သေးလွန်းသည့် ကျောက်ခဲလည်း မဖြစ်စေရ ဟု ဆိုထားသည်။ အီရန်နိုင်ငံ တွင်လည်း ယင်းသို့ အပြစ်ပေး ခြင်းကို ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေး ကတည်းက ရာဇဝတ်မှု ဥပဒေတွင် ပြဋ္ဌာန်း ထားခဲ့ခြင်း ဖြစ်သည်။ 

ဤသို့ ကျောက်ခဲနှင့် သေအောင် ပစ်ပေါက် အပြစ်ပေး ခြင်းကို မွတ်စလင်တို့ ပြဋ္ဌာန်း ထားလားဟု မေးလျှင် ကိုရမ်ကျမ်းစာ တွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော်လည်း အီရတ်နိုင်ငံ၊ မော်ရီတေးနီးယား နိုင်ငံ၊ ဆော်ဒီအာရေဗျ နိုင်ငံ၊ ဆိုမာလီယာ နိုင်ငံ၊ ဆူဒန်နိုင်ငံ၊ ယီမင်နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့ အပါအဝင် မွတ်စလင်တို့ နေထိုင်သော နိုင်ငံများ၌ Sheria Law အရ ထိုကဲ့သို့ အယူအဆမှား နေသော အပြစ်ဒဏ် ပေးခြင်းကို မူလ ကတည်းက အသုံးပြု နေကြောင်း တွေ့ရသည်။ ယင်းဓလေ့ကို နိုက်ဂျီးရီးယား နှင့် အင်ဒိုနီးရှား နိုင်ငံတို့ တွင်လည်း ကျင့်သုံးနေ သေးသည်။

Sheria Law အရ အပြစ်ပေး နိုင်သော ရာဇဝတ်မှု များအနက် သူတစ်ပါး မယားကို ခိုးယူ ပေါင်းသင်းမှုလည်း ပါဝင်သည်။ Amnesty Internation အစီရင်ခံစာ ၏ အဆိုအရ အမျိုးသမီးများ အနေဖြင့် သူတို့၏ အကျင့်စာရိတ္တ လုပ်ရပ်ကိုသာ အပြစ်ပေး သည်ဟု ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးမှ ဘရူးနိုင်း ဘုရင်စူလ်တန် က ပြီးခဲ့သည့်လက Sheria Law ကို စတင် ပြဋ္ဌာန်းမည် ဆို၍ အကြီးအကျယ် စိုးရိမ်မိကြောင်း ပြောကြား ခဲ့သည်။ ပါကစ္စတန်နိုင်ငံ လာဟိုမြို့ နန်ကနား ခရိုင် ရဲတပ်ဖွဲ့က ပြောကြားရာတွင် ယင်း အသတ်ခံရသော အမှုနှင့် ပတ်သက်၍ နောက်ထပ် ဆွေမျိုးများ ဖြစ်သော လူလေးဦးကို ထပ်ဖမ်း ခဲ့ကြောင်း၊ အမျိုးသမီး၏ ဖခင်က သူသတ်ကြောင်း ဝန်ခံသည်။ သူ့အစ်ကို နှစ်ယောက် ကိုလည်း ဖမ်းမိရန် ရှာဖွေနေဆဲဟု သိရ သည်။

ထိုနေ့က ကိုယ်ဝန်သုံးလ ရှိနေသော အမျိုးသမီးနှင့် သူ့ယောက်ျား ကလေးငါးဦး ဖခင် တို့သည် တရားရုံးချုပ်၌ တရားဝင် လက်ထပ်ရန် လာရောက် ခဲ့ကြစဉ် တရားရုံး ရှေ့ဂိတ်တံခါး အနီးအရောက် တွင် ဝိုင်းဝန်း လုယက် ထုနှက် သတ်ဖြတ် ခဲ့ခြင်းဖြစ်ရာ ယောက်ျားဖြစ်သူက ဝိုင်းသတ်သူ များကို အရေးယူရန် နှင့် အရေးယူ မပေးပါက သူ့ဇနီး သေသွားသော နေရာတွင် သူ့ကိုယ်သူ မီးရှို့၍ သတ်သေ သွားမည်ဟု သတင်းထောက် များကို ပြောဆိုခဲ့သည်ဟု သိရသည်။

ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သော ဤလူ သတ်မှုသည် ဒီမိုကရေစီ လူ့အခွင့်အရေး အရ ကြည့်မည် ဆိုလျှင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကို ထိတ်လန့်ဖွယ်ရာ တွေ့မြင်ရ၍ ကမ္ဘာတွင် အံ့သြ ထိတ်လန့် သွားစေခဲ့သည်။ ဤဓလေ့သည် ပါကစ္စတန် တရားရေး စနစ်ကို အကြမ်းဖက်မှု ဖြစ်သည်ဟု ပြောဆို လာကြသည်။

ဤသို့ဖြင့် ဝန်ကြီးချုပ် ရှာရစ် ကလည်း ကျောက်ခဲနှင့် ထု၍ ယင်း လူသတ်မှုကို ပြစ်တင် ပြောကြားလိုက်ပြီး အာဏာပိုင်များကို တရားခံ များအား ပြင်းထန် ထိရောက်စွာ အရေးယူ ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။ ယခု ထို့ကဲ့သို့သော အလွန်ဝမ်းနည်း ကြေကွယ်ဖွယ်ရာ ဇာတ်လမ်းမျိုး ထပ်မံ မဖြစ်ပွား နိုင်စေရန် တစ်ကမ္ဘာလုံး၌ အဆိုပါ အပြစ်ဒဏ် ခတ်ခြင်း Honour Killing ကို ဆန့်ကျင် နေလျက် ရှိကြောင်း ဗဟုသုတ ဖြစ်ဖွယ်ရာ သိရှိနိုင်ပါရန် ရေးသား အပ်ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger