ချီးကျူးမှုလေး တစ်ခုမှသည် .. .. ..
သက်နိုင်(ပြင်ဦးလွင်)
အောင်မြင်မှုကို လူတိုင်း လူတိုင်း တောင့်တ အလိုရှိ ကြသည်။ အောင်မြင်မှု ရရှိလာလျှင် ဝမ်းသာ ဂုဏ်ယူမဆုံး နှင့် ပျော်တပြုံးပြုံး ဖြစ်ကြသည်မှာ လောက၏ ဓမ္မတာပင် ဖြစ်သည်။ အသက်အရွယ် ကြီးသောသူ ဖြစ်စေ၊ ငယ်သောသူ ဖြစ်စေ၊ လုပ်ကိုင် နေကြရသော စီးပွားရေး လုပ်ငန်းများ ကြီးမားသည် ဖြစ်စေ၊ သေးငယ်သည် ဖြစ်စေ၊ အချိန်တိုင်း၊ နေရာတိုင်းတွင် အောင်မြင် ကျော်ကြား လိုကြသည်။
လွန်ခဲ့သော ရက်က အခြေခံပညာ ကျောင်းများတွင် ကျောင်းတွင်းစစ် အတန်းတင် စာမေးပွဲ အောင်စာရင်းများ ထွက်ရှိခဲ့သည်။ ထို အောင်စာရင်းမှာ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားလျက် ရှိနေသော ကျောင်းသား၊ ကျောင်းသူ များအတွက် နောက်ထပ် အဆင့်တက် အတန်းမြှင့်တင် ပေးသည့်အတွက် အမှတ်သညာ ကမ္ပည်း တစ်ခုပင် ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း ထုတ်ပြန် ကြေညာ နေသည် ဆိုသော်လည်း ပေါ့ပေါ့ဆဆ နှင့် အမှုမဲ့ အမှတ်မဲ့ မပြုမူသင့်ပေ။
ထိုရက်က အောင်စာရင်း ထွက်သည် ဆိုသော်လည်း ကျောင်းတိုင်းတွင် ဖြေဆို ထားကြသော ကျောင်းသား၊ ကျောင်းသူ အားလုံး သွားရောက် ကြည့်ရှုကြ သည်ကို မတွေ့မြင် ရပေ။ မိဘ အုပ်ထိန်းသူများ ကိုယ်တိုင်ပင် မိမိတို့ သားသမီးများ အတွက် အလွန် အရေးကြီး အရေးပါသော လုပ်ငန်း ဆောင်တာ တစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက် ကြည့်ရှုပေးရန် သတိထားမိပုံ မပေါ် ဖြစ်ခဲ့ရသည်။ ''ကျောင်းစစ် စာမေးပွဲပဲ မအောင်မရှိ အောင်မှာမို့ သွားကြည့်ရန် မလို '' ဟု စိတ်ထဲ ထင်ထားပုံလည်း ရသည်။
တစ်ခါက ကိုယ်တိုင် တွေ့ကြုံ ခဲ့ရသော အဖြစ်အပျက် တစ်ခုတွင် နဝမတန်း စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား တစ်ယောက်ကို မိဘများက တက္ကသိုလ် ဝင်တန်း ၁ဝ တန်းစာ သင်ရန် ဘော်ဒါဆောင် တစ်ခုသို့ နွေရာသီ ကတည်းက ပို့လွှတ် အပ်နှံခဲ့သည်။ အောင်စာရင်း ထွက်သော အခါတွင်လည်း သွားရောက် ကြည့်ရှုရန် ပျက်ကွက်ခဲ့ ကြသည်။ ကျောင်းဖွင့်၍ ထို ဘော်ဒါဆောင်မှ ကျောင်းပြောင်း လက်မှတ် တောင်းယူ သောအခါမှ ကျောင်းသား မိဘများ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်ကြ ရတော့သည်။ အဘယ့်ကြောင့် ဆိုသော် ကျောင်းသို့ ကျောင်းပြောင်း လက်မှတ် သွားရောက် ထုတ်ယူသည့် အခါ ထိုကျောင်းသားမှာ နဝမတန်း စာမေးပွဲ ကျရှုံး နေသောကြောင့် ဖြစ်လေသည်။
ထိုဖြစ်စဉ်တွင် အဓိက အမှန်တကယ် နစ်နာသူ များမှာ ကျောင်းသား နှင့် ကျောင်းသား မိဘများပင် ဖြစ်သည်။ ကျောင်းသားသည် ဘော်ဒါဆောင် တွင် အခြား ကျောင်းသား၊ ကျောင်းသူများ နှင့် ၁ဝ တန်းစာကို သုံးလကျော် အတူတကွ သင်ယူ ထားပြီးပြီ။ ယခုကဲ့သို့ စာမေးပွဲ ကျရှုံး နေကြောင်း သိရသောအခါ နဝမတန်းတွင် ဆက်လက် ပညာ သင်ကြားရန် မည်သူမှ ပြောဆို ဖျောင်းဖျ၍ မရတော့ပေ။ ပညာတစ်ပိုင်း တစ်စနှင့် ကျောင်းထွက် သွားခဲ့သည်။ အစကတည်းက ကျရှုံးကြောင်း သိရှိခဲ့ရလျှင် အခြေအနေ တစ်မျိုး ပြောင်း၍ ဆက်လက် ပညာသင်ကြား နိုင်သေးသည်။ ယခုဖြင့် ကျောင်းသားမှာ ရှက်ခြင်း၊ ကြောက်ခြင်း တို့နှင့် ကျောင်းစာ သင်ယူခြင်းကို နှုတ်ဆက် ကျောခိုင်း သွားခဲ့ လေပြီ။ မိမိ၏ အသက်ကိုပင် အန္တရာယ်ပြု မသွားခြင်းက ကံကောင်း သည်ဟု ဆိုရပေမည်။
တစ်နေ့က ကျောင်းစစ် စာမေးပွဲ အောင်စာရင်း ထွက်သော နေ့တွင် မိတ်ဆွေ တစ်ဦး၏ အိမ်သို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိ သွားခဲ့သည်။ မိတ်ဆွေနှင့် စကားပြော နေစဉ် အိမ်ထဲသို့ ပဉ္စမတန်း ဖြေဆို အောင်မြင် သော ကျောင်းသူလေး တစ်ဦး အပြေးဝင် လာပြီး ဝမ်းသာ အားရဖြင့် အနီးရှိ အဒေါ်ဖြစ်သူကို ''တီတီ သမီး စာမေးပွဲ အောင်တယ်'' ဟု ဂုဏ်ယူ ဝံ့ကြွားစွာ ပြောရှာသည်။ ထိုအခါ အဒေါ် ဖြစ်သူက ''အဲဒါ ငါက ဘာလုပ် ရမှာတုန်း'' ဟူသော စကားကြောင့် ကလေးမှာ ဘာလုပ် ဘာကိုင်၍ ဘာဆက် ပြောရမှန်း မသိ ကြောင်တောင်တောင် အမ်းတမ်းတမ်း ဖြစ်သွားရသည်။
အမှန်မှာ ကလေးသည် မိမိ၏ အောင်မြင်မှု အတွက် အသိ အမှတ်ပြု ခံချင်ခြင်းပင် ဖြစ်သည်။ တစ်စုံ တစ်ယောက်က ''သမီးက ဉာဏ်ကောင်း လိုက်တာ'' ''တော်လိုက်တာ'' ဟု ချီးကျူး ပြောဆို လိုက်လျှင် ထိုကလေး သည် သည်ထက် မကသော အောင်မြင်မှု များကို အရောက် လှမ်း၍ ဆွတ်ခူးရန် ခက်ခဲ၊ ခဲယဉ်း တော့မည် မဟုတ်ပေ။ ယခုကလေး စိတ်ထဲတွင် တစ်ခုခု ဖြစ်သွား နိုင်သည်။ ''ငါ အောင်မြင်အောင် ကြိုးစားလဲ အလကား ပါပဲ'' ဟု ထင်မှတ် သွားလျှင် ထိုကလေး၏ ဘဝ သာမက တိုင်းပြည်၏ အနာဂတ်ပါ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင် ပေသည်။
မိမိသည် ဆိုင်ကယ် ပြုပြင်ရေး ဆိုင်တစ်ဆိုင် နှင့် ရင်းနှီး နေသည်။ ထိုဆိုင်တွင် ပိုင်ရှင် ဝပ်ရှော့ဆရာ နှင့်အတူ အလုပ်သင် ကလေး လေး၊ ငါးယောက်လည်း ရှိသည်။ ဆိုင်သို့ ဆိုင်ကယ် ပြုပြင်ရန် လာရောက်လျှင် ဝပ်ရှော့ ဆရာသည် အလုပ်သင် ကလေးငယ် များကို အရင်ကြည့် ခိုင်းသည်။ ''ဘာဖြစ်တာလဲ'' မေးသည်။ ပြီးမှ သူကိုယ်တိုင် စစ်ဆေး ကြည့်ရှုသည်။ ပြုပြင် ရန်လည်း ကလေးငယ် ကိုသာ ပြင်ခိုင်းသည်။ ပြုပြင်ပြီးလျှင် ထပ်မံ စစ်ဆေး ပေးသည်။ တစ်ခါတစ်ရံ မိမိက ကိုယ်တိုင် ဘာလို့ လုပ်မပေး တာလည်း ကလေးငယ် များနှင့် စိတ်ချရပါ မည်လားဟု ဝပ်ရှော့ဆရာ ကို မေးသောအခါ စိတ်ချ ရကြောင်းနှင့် ထိုသို့ မလုပ်ပါက ထိုကလေး များသည် ဆိုင်ကယ် ပြုပြင်ရေး ပညာကို တော်တော်နှင့် တတ်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောပြသည်။ အမှန် တကယ်လည်း ထိုကလေးများ ပြုပြင် ပေးလိုက်သော ဆိုင်ကယ် အစိတ်အပိုင်း များမှာလည်း ကောင်းမွန် ခဲ့သည်။
ထို့ပြင် ဝပ်ရှော့ဆရာ ၏ ထူးခြားချက် တစ်ခုမှာ ကလေးတစ်ဦး ဆိုင်ကယ် ပြုပြင်ပြီးတိုင်း သေချာစွာ ပြန်လည် စစ်ဆေး၍ ''မင်းတော်တော် ရလာပြီပဲ''၊ ''တော်တော် တတ်လာပြီ'' စသည်ဖြင့် အမြဲချီးကျူး စကား ပြောဆို ပေးသည်။ တစ်ခါတစ်ရံ ပြုပြင်ရာတွင် အဆင်မပြေမှု၊ ချို့ယွင်းမှုများ ရှိခဲ့လျှင်လည်း ထိုကလေးကို ဘယ်သော အခါမှ အပြစ် မပြောပေ။ ''မင်းလုပ်တာ ကောင်းတယ်။ ဒါပေမဲ့ ဒါလေးကို ဒီလိုလုပ် လိုက်ရင် ပိုကောင်းမယ်'' ဟု ပြောဆိုပြီး သူကိုယ်တိုင် ပြန်လည် ပြုပြင် သင်ကြား ပြသပေးသည်။ နောက်ဆုံးတွင် ထိုကလေး များသည် ဆိုင်ကယ် ပညာကို ငယ်ငယ်ရွယ်ရွယ် နှင့် ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက် သွားခဲ့ လေသည်။
ဆိုလိုသည်မှာ ငယ်ရွယ်သော ကလေးများသည် အသိပညာ၊ အတတ်ပညာ နှင့် ဗဟုသုတ ပိုင်းဆိုင်ရာများ အကြောင်း အကျိုး၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို သေချာ ဝေဖန်ပိုင်းခြား သိမြင် နိုင်သော အတွေးအခေါ် အမြော်အမြင်များ အားနည်း နေသေးသည် ဖြစ်ရာ တတ်သိ ကျွမ်းကျင်သည့် မိဘ အုပ်ထိန်းသူများ နှင့် ဆရာ၊ ဆရာမ များက ပဲ့ပြင် ထိန်းကျောင်း သွန်သင် ဆုံးမပြသမှု မှန်မှသာလျှင် လမ်းမှန်ပေါ်သို့ အလွယ်တကူ အောင်မြင်စွာ ရောက်ရှိ နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ငယ်ရွယ်သော ကလေးငယ်များ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ မိမိထံ ပြောဆို ပြသလာလျှင် ထိုကလေးငယ် လေးများကို အမှုမဲ့ အမှတ်မဲ့ ပြောဆိုပြစ်တင် မည့်အစား အသိအမှတ် ပြုသင့်သည်ကို လိုလိုလားလား ချီးကျူး အသိအမှတ် ပြုကာ ပြုပြင် ထိန်းကျောင်း ပေးလျှင် ထိုကလေးငယ် များ၏ ဘဝရှေ့ရေး တိုးတက် ကောင်းမွန် အောင်မြင် လာမည် သာမက မိမိတို့၏ အမိတိုင်းပြည်၊ နိုင်ငံတော် ကြီးပင် အနာဂတ် အရေး သာယာ လှပ လာမည်မှာ ဧကန်မလွဲ ပင် ဖြစ်ပါကြောင်း။
No comments:
Post a Comment