လူ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော လူမှောင်ခိုကူးမှု ပပျောက်ရေး
ကမ္ဘာ့နိုင်ငံ အစိုးရတို့သည် တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ တရားမဝင် သွားရောက်သူ များအား တားဆီး ကာကွယ်ရေး အတွက် နိုင်ငံအလိုက် ဆောင်ရွက် နေကြရ သကဲ့သို့ ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်း၍ လည်းကောင်း၊ ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံများ အချင်းချင်း ပူးပေါင်း၍ လည်းကောင်း ကြိုးပမ်း ဆောင်ရွက် နေကြ ရသည်။ အခြားနိုင်ငံ တစ်နိုင်ငံသို့ တရားမဝင် သွားရောက် ကြသူများတွင် လူမှောင်ခိုမှု၊ နိုင်ငံရေး ခိုလှုံခွင့် ရရှိရေး ကြိုးပမ်း သူများ၊ ပြစ်မှု ကျူးလွန်ပြီး နယ်စပ် ဖြတ်ကျော် တိမ်းရှောင် သူများနှင့် အခြားနည်း သွားရောက် လိုသူများ ဟူ၍ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တွင် တစ်ဖက် နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ရန် ထွက်ခွာလာသူ ၁၁ ဦးအား အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ဧပြီ ၂၁ ရက်က စစ်ဆေး တွေ့ရှိရ သဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု မှ အချိန်မီ တားဆီးပြီး ၄င်းတို့ နေရပ်သို့ ပြန်လည် စေလွှတ်ပေး ခဲ့သည်။
အခြား ဖြစ်စဉ် တစ်ခုမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်မှ အမျိုးသမီး တစ်ဦးသည် ရှမ်းပြည်နယ် ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဌာနေရုံး တစ်ရုံးတွင် အလုပ် ရမည်ဟု ဆိုသဖြင့် အသိမိတ်ဆွေ တစ်ဦးနှင့် အတူ ၂ဝ၁၂ ခုနှစ်တွင် လားရှိုးသို့ လိုက်သွား ခဲ့သည်။ လားရှိုးသို့ ရောက်သော် တစ်ဖက် နိုင်ငံသို့ အလည်သွားရန် လိုက်ပါ သွားခဲ့ရာ အမ်းဟွေးမြို့ သို့ ရောက်သော် တရုတ်ငွေ ယွမ် ၅၆ဝဝဝ ဖြင့် ရောင်းစားခံ ခဲ့ရသည်။ ဘာသာစကား အခက်အခဲ ကြောင့် မြန်မာနိုင်ငံရှိ မိဘများထံ အဆက်အသွယ် မပြုလုပ် နိုင်ခဲ့ဘဲ ၂ဝ၁၄ ခုနှစ် မတ်လ ရောက်မှ တရုတ်စကား အနည်းငယ် ပြောတတ် လာသဖြင့် မြန်မာ နိုင်ငံသို့ ဖုန်းခေါ်ဆို သည့် နည်းလမ်း သိရှိရပြီး မိဘများနှင့် ဆက်သွယ် နိုင်ခဲ့သည်။ မိခင် ဖြစ်သူက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထံ အကူအညီ တောင်းပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ တရုတ်နိုင်ငံရှိ နှစ်နိုင်ငံ ဆက်ဆံရေးမှူး မစ္စတာ လီကျင်မြင့် မှတစ်ဆင့် မိန်းတိန် ရဲစခန်းသို့ ဆက်သွယ်၍ ဧပြီ ၁၉ ရက်တွင် လူမှောင်ခို ကူးခံရသူ အမျိုးသမီးအား ပြန်လည် ခေါ်ယူ နိုင်ခဲ့သည်။
ဤဖြစ်စဉ်မှာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ အတွင်းတွင် လူမှောင်ခို ကူးခံရသူ အမျိုးသမီးသည် လားရှိုးတွင် အလုပ်အကိုင် ကောင်း ရရှိမည်ဟု စည်းရုံး ခေါ်ဆောင်၍ လားရှိုးမှ တစ်ဖက်နိုင်ငံ သို့ အလည် သွားမည်ဟု ဖြားယောင်း၍ မိန်းတိန်မှ တစ်ဆင့် အမ်းဟွေးမြို့ သို့ ဆက်လက် ခေါ်ဆောင် ရောင်းစား ခံခဲ့ရကာ နောက်ဆုံး ရှန်ဟိုင်းမြို့ သို့ရောက် သွားသည်။ ရှန်ဟိုင်းတွင် တစ်နှစ်ကျော် ကြာသည့် ၂ဝ၁၄ ခုနှစ် မတ်လ အတွင်းရောက်မှ မြန်မာနိုင်ငံရှိ မိဘများထံ ပြန်လည် ဆက်သွယ် နိုင်ခဲ့ပြီး ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ လူမှောင်ခို ပြစ်မှု ကျူးလွန်သူ တို့သည် အဆင့်ဆင့် လက်လွှဲ မျက်ခြည်ဖြတ် ပို့ဆောင် ပေးသော နည်းလမ်း ကို အသုံးပြု တတ်ကြရာ ၄င်းတို့ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်၍ အရေးယူ ခံရချိန်တွင် လူမှောင်ခို ကူးခံရသော ကာယကံရှင် တို့မှာ ဘဝ တစ်သက်တာ နစ်နာခဲ့ ရပြီ ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ၏ ဆင်းရဲမှု ရာခိုင်နှုန်းမှာ ၂၆ ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲမှု ရာခိုင်နှုန်း ၁၆ ရာခိုင်နှုန်းသို့ လျှော့ချ နိုင်ရန် ပြည်သူ တစ်ဦးချင်း နှင့် အိမ်ထောင်စု အလိုက် ဝင်ငွေ တိုးတက်စေရန် အလုပ် အကိုင် အခွင့်အလမ်း ကောင်း ဖန်တီးနိုင်ရေး နိုင်ငံတော် အစိုးရက ကြိုးပမ်း ဖော်ဆောင်လျက် ရှိသည်။ တစ်ပြိုင်တည်း တွင် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း ထူထောင်ရေး အတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် နေပြီဖြစ်ရာ လူ့ ယဉ်ကျေးမှု နှင့် ဆန့်ကျင်သော လူမှောင်ခို ကူးမှု ပပျောက်ရေး ပညာပေး လုပ်ငန်းများ တွင် ပြည်သူအားလုံး ဝိုင်းဝန်း ပံ့ပိုး ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment