ပညာရေး နှင့် ယနေ့ခေတ် ဆရာများ၏ အခန်းကဏ္ဍ
လွမ်းခေါင် ( ရူပဗေဒ )
မြန်မာနိုင်ငံသည် ရှေးယခင် ဧကရာဇ် နိုင်ငံ ခေတ်ကပင် ပညာရေးကို ဦးစားပေး ခဲ့ပြီး မြတ်ဗုဒ္ဓ၏ ဆုံးမ သြဝါဒများ၊ ရဟန်းရှင်လူ ပညာရှင် များ၏ ပညာရေး အယူအဆ များတွင်လည်း ပညာရေးနှင့် ပတ်သက်သော အတွေးအခေါ်၊ သြဝါဒများ ပါဝင် ခဲ့သည်ကို တွေ့ရမည်။ ရှေးမြန်မာ မင်းများ လက်ထက်တွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၏ သင်ကြားမှုဖြင့် မြန်မာနိုင်ငံ၌ စာတတ်မြောက် မှုနှုန်း မြင့်မားခဲ့သည်။ အင်္ဂလိပ် ကိုလိုနီခေတ် လက်အောက်ခံ ဘဝတွင် ပညာရေး စနစ်မှာ ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားကို အထောက် အကူပြုသည့် ပညာရေး စနစ်ကို ကျင့်သုံး ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ဖွင့်လှစ် ခဲ့သဖြင့် ပညာရေးစနစ် အနေဖြင့် မြန်မာနိုင်ငံ အကျိုးအတွက် ဆောင်ရွက်ခြင်း မဟုတ်သော်လည်း မြန်မာ လူငယ်များ အတွက် ခေတ်မီ ကမ္ဘာကြီးနှင့် ခေတ်မီ အသိပညာ များကို ထိတွေ့ခွင့် ရရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အစိုးရက ''ပညာရေးမူဝါဒ'' ထုတ်ပြန် ကြေညာပြီး မသင်မနေရ မူလတန်း ပညာရေး စနစ်များ၊ ထောက်ပံ့ကြေး ပေးခြင်း စနစ်များဖြင့် ပညာရေးကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက် ခဲ့သည်။
တပ်မတော် အစိုးရ လက်ထက်တွင် အခြေခံ ပညာရေး ကဏ္ဍ လုပ်ငန်းစဉ် ဖွံ့ဖြိုး တိုးတက်မှု အတွက် လုပ်ငန်းစဉ် ၁ဝ ရပ်၊ အဆင့်မြင့် ပညာရေး ကဏ္ဍတွင် လုပ်ငန်းစဉ် ၃၆ ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ မြောက်မြားစွာ တိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့သဖြင့် သင်ယူနိုင်မှု အခွင့်အရေးများ တိုးတက် ရရှိခဲ့သည်။ သင်ယူနိုင်မှု အခွင့်အရေးများ တိုးတက် လာခြင်းနှင့် အတူ တက္ကသိုလ်၊ ကောလိပ် ကျောင်းများ၏ အရည်အသွေး မြင့်မား လာစေရေး အတွက် သင်ကြားသည့် ဘာသာရပ် များအလိုက် ချိတ်ဆက် သင်ကြား နိုင်ခြင်း၊ သုတေသန ပြုလုပ် နိုင်ခြင်း စသည့် အခြေအနေ များကို လုပ်ဆောင်လျက် ရှိသည်။
ယခု အချိန်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် ပုဂ္ဂလိကကျောင်း ပညာရေး စနစ်ကို မူဝါဒ ချမှတ်၍ ပြန်လည် ခွင့်ပြု ပေးခဲ့ခြင်းဖြင့် ပညာရေးတွင် ပြိုင်ဆိုင်မှု များ တိုးတက် လာစေပြီး ပညာရေး အရည်အသွေး မြင့်မား လာအောင် ဆောင်ရွက် ပေးလျက် ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပညာရေး မူဝါဒများတွင် နိုင်ငံတော်၏ အနာဂတ် ကို မျှော်မှန်းပြီး လူတိုင်း ပညာ သင်ယူခွင့် ရှိနိုင်ရေး၊ အခမဲ့ မသင်မနေရ ပညာရေး စနစ် ကျင့်သုံး နိုင်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အသိပညာ ပြည့်ဝရန် နှင့် ထူးချွန် ထက်မြက်ပြီး စာရိတ္တ ကောင်းမွန်သော နိုင်ငံ့ သားကောင်းများ ပေါ်ထွက် စေရေး၊ ကမ္ဘာ့အဆင့်မီ ပညာရေး ဖြစ်ရေး တို့ကို ဦးတည် ချမှတ် ထားပါသည်။
စာတတ်မြောက် မှုနှုန်း အလွန် မြင့်မားသော နိုင်ငံများတွင် အမျိုးသား တစ်ဦးချင်း ဝင်ငွေ များလည်း မြင့်မားကြောင်း တွေ့ရသည်။ မူလတန်း အဆင့် ပညာရေး ပြီးဆုံးလျှင် လူတစ်ယောက် အဖြစ် ရှင်သန် နေထိုင်သွားရန် အချက်များ ဖြစ်သည့် အရေး၊ အဖတ်၊ အတွက်နှင့် ဘဝတွက်တာ ကျွမ်းကျင်စရာ များအပြင် မျိုးချစ်စိတ်၊ နိုင်ငံချစ် စိတ်ဓာတ်များ ထည့်သွင်း ပေးနိုင်သည်။ မူလတန်း အခြေခိုင် မှသာ အလယ်တန်း၊ အထက်တန်း နှင့် အဆင့်မြင့် ပညာရပ် များကို ဆက်လက် လေ့လာ ရာတွင် အရည်အသွေး ပြည့်မီ နိုင်မည် ဖြစ်သည်။
နိုင်ငံ တစ်နိုင်ငံတွင် ပညာရေး စနစ် တစ်ခုလုံး၏ စွမ်းဆောင်ရည် နှင့် အရည်အသွေး မြင့်မားရေး အတွက် ဆောင်ရွက် ရာတွင် ဆရာ အတတ်သင် ပညာရေး တိုးတက် မြင့်မားအောင် ဆောင်ရွက်ခြင်း သည် အလွန်
အရေးကြီးသော အချက် ဖြစ်သည်။ ဆရာ၊ ဆရာမ များနှင့် ပညာရေး ဝန်ထမ်းများ သည် ချမှတ်ထားသော ပညာရေး မူဝါဒများ၊ သင်ရိုးများ၊ သင်ယူခြင်း၊ သင်ကြားခြင်း များကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် နေသူများ ဖြစ်၍ မိမိတို့၏ အရည်အသွေး ကို အထူး အလေးထား ဆောင်ရွက်ရန် လိုအပ်သည်။ ဆရာများ၏ ကျင့်ဝတ် ကောင်းမွန်မှု၊ ဘာသာရပ် ကျွမ်းကျင်မှု၊ အသိပညာ ဗဟုသုတ ပြည့်စုံမှု၊ ပညာရေး နည်းပညာ တတ်ကျွမ်းမှု နှင့် စိတ်ဓာတ် ရင့်ကျက်မှု တို့သည် ပညာရေး လောက တစ်ခုလုံး၏ အောင်မြင်မှုကို စွမ်းဆောင် ပေးနိုင် သလို တိုင်းပြည်ကို ဘက်စုံဖွံ့ဖြိုး တိုးတက် စေနိုင်သည်။ ဆရာ အရည်အချင်း မပြည့်စုံ လျှင် သို့မဟုတ် နဂိုမူလ ရှိရင်းစွဲ အရည်အချင်း ထက် ပိုမို တောက်ပြောင် တိုးတက်မှု မရှိလျှင် ဆရာ့လုပ်ငန်း သည် တိုးတက် အောင်မြင်ခြင်း မရှိနိုင် တော့ပေ။ ထိုအခါ ပညာရေး ဆုတ်ယုတ်မှုများ ဖြစ်ပေါ် လာနိုင်သလို တိုင်းပြည် အတွက်လည်း ဆုတ်ယုတ်မှု များ ဖြစ်ပေါ် လာနိုင်သည်။
ပညာ ဆိုသည်မှာ အတတ်ပညာ တစ်ခုဖြစ်ပြီး ဘဝတွင် မည်သို့ လုပ်ကိုင် နေထိုင်လျှင် မှားသည်၊ မှန်သည်၊ ကောင်းမှု၊ မကောင်းမှုကို သိမြင်ပြီး ကောင်းစွာ နေထိုင် တတ်ခြင်းကို ပညာ တတ်ခြင်းဟု ယူဆ နိုင်သည်။ ပညာ ဆိုသည့် အရာမှာ ပိုပြီး ခက်ခဲ နက်နဲလေ ပိုမို အကျိုးကျေးဇူး ရရှိလေ ဖြစ်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် သင်ခန်းစာကို မည်ကဲ့သို့ သင်ယူရမည်၊ မည်ကဲ့သို့ စဉ်းစား တွက်ချက် လေ့ကျင့် ရမည်၊ ကျောင်းသား များ၏ အကျင့်ပျက် အလေ့အကျင့်များ၊ အမှန်အမှား၊ အဆိုးအကောင်း ခွဲခြားနိုင်သည့် အတွေးအခေါ် များကို တည့်မတ် ထိန်းကျောင်း သင်ကြား ပေးရန် လိုပါသည်။ နောင် အနာဂတ်၏ သားကောင်း ရတနာ များအား စာရိတ္တ ကောင်းသူများ၊ အကျင့်ကောင်း သူများ၊ အမှားအမှန်ကို ရဲရဲတင်းတင်း ထုတ်ဖော် ပြောဆို သူများ စသည့် ပညာ၏ အနှစ်သာရ ကို ပေါ်ပေါက် စေမည့်သူများ ဖြစ်လာအောင် သင်ကြား တည့်မတ် သွန်သင် ပေးရမည်။
ပညာရေး အရည်အသွေး မြင့်မား တိုးတက် စေရန်အတွက် အခြား အရေးကြီးသည့် အချက်မှာ ဆရာများ ကို လေ့ကျင့် ပျိုးထောင် ပေးရေး၊ ကျောင်းများ၊ ဌာနများ တိုးချဲ့ ဖွင့်လှစ် ပေးနိုင်ရေး တို့ပင် ဖြစ်သည်။ ထို့ပြင်
ဆရာများ အတွက် မွမ်းမံ လေ့ကျင့်ရေး သင်တန်းများ၏ အရည်အသွေး နှင့် ထိရောက်မှု ကိုပါ တိုးတက် စေသင့် ပါသည်။ ဆရာများ၏ စွမ်းဆောင်ရည် မြင့်မား လာစေရန် အတွက် သင်တန်းများ ပေးခြင်း သာမက တာဝန်နှင့် အရည်အသွေး တိုးတက်လာမှု အပေါ် အခြေပြု၍ လူမှု စီးပွားရေး ဘဝဖူလုံမှု ရှိစေရန် အခြား နည်းလမ်းဖြင့် လူမှုဘဝ ဖူလုံရေး ဆောင်ရွက် ပေးခြင်းများကို ဆောင်ရွက် ပေးသင့် သကဲ့သို့ ဆရာများ အနေနှင့်လည်း ''အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ'' ဆိုသည့်အတိုင်း ဘက်စုံ ထူးချွန် ထက်မြက်သည့် ကျောင်းသား လူငယ်များ ဖြစ်အောင် နာသုံးနာ (စေတနာ၊ ဝါသနာ၊ ကရုဏာ) နှင့် သင်ကြား ပေးခြင်း အားဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ ကူညီ ဆောင်ရွက် ပေးသင့်ကြောင်း အကြံပြု ရေးသား လိုက်ရ ပါသည်။ ။
No comments:
Post a Comment