www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 1, 2014

လူသစ် စိတ်သစ် အကြံဉာဏ်သစ် တို့ဖြင့် နှစ်သစ်ဆီသို့


လူသစ် စိတ်သစ် အကြံဉာဏ်သစ် တို့ဖြင့် နှစ်သစ်ဆီသို့

သတ္တ လောကကြီး အတွင်း၌ မှီတင်း နေထိုင် ကြကုန်သော လူသား အပေါင်းတို့သည် မွေးဖွား သည်မှ အစပြု၍ ရက် ၊ လ ၊ နှစ် ဟူသော ကာလ အပိုင်းအခြား များကို ကျော်ဖြတ်ကာ ရက်ကို လစား ၊ လကို နှစ်စား တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်ခဲ့ ရပေသည်။ ထို့အတူ လူတို့၏ အသက်များ သည်လည်း ကြီးပြင်း ရင့်ရော် လာခဲ့ကြရ ပေသည်။

ယနေ့သည် ၂ဝ၁၃ ခုနှစ်တည်း ဟူသော ကာလ အပိုင်းအခြား တစ်ခု ကုန်လွန်ခဲ့ လေပြီ။ ၂ဝ၁၄ ခုနှစ်တည်း ဟူသော နှစ်သစ် ကာလ အပိုင်းအခြား တစ်ခုအတွင်း စတင် ဖြတ်သန်း နေကြ ရပြီဖြစ်သည်။ တစ်နည်း အားဖြင့် နှစ်ဟောင်း တစ်နှစ် ကုန်ဆုံး သောကြောင့် နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိ ပြီဖြစ်၍ ကျွန်ုပ်တို့သည် ဘဝ သက်တမ်း၌ ခရီး တစ်ထောက် လွန်ခဲ့ပြီး နောက်ထပ် ခရီးစတင် ထွက်ခွာ ခဲ့ကြလေပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ဟောင်း၌ မည်သူမဆို ကိုယ်စီ ကိုယ်စီ မိမိတို့ သက်ဆိုင်ရာ ကြည်နူး ဖွယ်ရာများ ၊ ဝမ်းမြောက် ဖွယ်ရာများ ၊ စိတ်ပျက် ဖွယ်ရာများ ၊ လွမ်းဆွေး ဖွယ်ရာများ ၊ ပူပင်သောက ရောက်ဖွယ်ရာ များဖြင့် ဆိုး ၊ ကောင်း နှစ်ရပ်တို့ကို အနည်း ၊ အများ အားဖြင့် သော် လည်းကောင်း ၊ အချို့ အဆိုးချည်း သော် လည်းကောင်း ၊ အကောင်းချည်း သော် လည်းကောင်း တွေ့ကြုံ ခဲ့ကြရ ပေလိမ့်မည်။

ထို့ပြင် စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး စသည့် လုပ်ငန်း အဝဝ တို့တွင်လည်း လောဘ ၊ ဒေါသ ၊ မောဟ များဖြင့် ရုန်းကန် လှုပ်ရှားကာ နှစ်ဟောင်းကို စွန့်ခွာ ခဲ့ကြရသည်။ ထို နှစ်ဟောင်းနှင့် ပြန်လည် ဆုံစည်းခြင်း သည်ကား မည်သည့် အခါမျှ မဖြစ်နိုင် တော့ပေ။

ထိုနှစ်ဟောင်း အတွင်း ကြုံတွေ့ ခဲ့ရသော ကောင်းကျိုး ၊ ဆိုးကျိုး တို့သည်လည်း ထိုနှစ်နှင့် အတူ ကျော်လွန် ကုန်ဆုံး သွားကြ လေပြီဖြစ်၍ မည်သည့် အခါမျှ ပြန်တွေ့ နိုင်ကြ တော့မည် မဟုတ်ပေ။ ပြီးခဲ့သောအရာများသည် ကတ္တီပါကားပိတ်ခါပြီးခဲ့ပြီဖြစ်သည်။

ဖြစ်ပျက်ခဲ့ပြီးသော အရာတို့ အပေါ်တွင် ပြန်လည် တွေးတော၍ ဝမ်းနည်း ပူဆွေး ၊ သောက ဗျာပါဒ ဖြစ်မနေဘဲ ကျွန်ုပ်တို့၏ ရှေ့မှောက်သို့ ရောက်ရှိ လာသော နှစ်သစ်တွင် လူသစ် ၊ စိတ်သစ် ၊ အကြံဉာဏ်သစ် တို့ဖြင့် လုပ်ဆောင် ဖွယ်ရာ အမှု ကိစ္စများကို ဆောင်ရွက် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူတို့သည် ဓမ္မတာ အားဖြင့် အတိတ် ကာလ၌ မနေရ ၊ ပစ္စုပ္ပန် ကာလ၌သာ နေရ၍ အနာဂတ် ကာလကိုသာ မျှော်ကြ ရမည်ဖြစ်ရာ လူသစ် ၊ စိတ်သစ် ၊ အကြံဉာဏ်သစ် တို့ဖြင့် ၂ဝ၁၄ ခုနှစ်တွင် ငါသည် မည်သို့ ကောင်းအောင် ပြုမည် ၊ ကြိုးစား အားထုတ်မည် ၊ ကျင့်ကြံ နေထိုင်မည် ဟူသော အဓိဋ္ဌာန်ဖြင့် ဘဝခရီး တိုးတက် အောင်မြင် စေရန် ကြိုးစား အားထုတ် ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။



( ၁-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger