www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 1, 2014

ဘ၀က ချစ်စရာ ကောင်းပါတယ်


ဘ၀က ချစ်စရာ ကောင်းပါတယ်

တစ်နှစ် ကုန်ဆုံးခဲ့ပါပြီ။ တစ်နှစ်ကြီး လာခဲ့ပါပြီ။ တစ်နှစ်ကုန် တစ်နှစ်ကြီးခြင်း နှင့်အတူ တိုးတက်ခြင်း ၊ ကျရှုံးခြင်း တို့လည်း ကြုံတွေ့ ခဲ့ဖူးကြ ချေပြီ။ မည်သို့ပင် ဖြစ်စေ ကုန်ဆုံးခဲ့သောကာလတို့သည် ပြန်လည် မရရှိ တာတော့ သေချာလှ ပါပြီ။ မရရှိ တော့သော အချိန်ကို သင်ခန်းစာ ယူရန်မှ တစ်ပါး အခြား မရှိပါချေ။ ထို့အတူပင် နှစ်သစ် ၊ ဘဝသစ် ၊ စိတ်သစ် နှင့် အတူ ကြံ့ခိုင်မှု အသစ် ၊ အောင်မြင်မှု အသစ်တို့ကို ရရှိအောင် ကြိုးစား ရမည် ဖြစ်ပေသည်။

ပြီးခဲ့သော နှစ်ဟောင်းကို လက်ပြ နှုတ်ဆက် လိုက်ကြပါစို့။ နှစ်သစ်ရဲ့ နိဒါန်းကို အစပျိုး လိုက်ကြပါစို့။ ဘဝဆိုသည်မှာ ခွန်အားနှင့် အစွမ်းအစ တို့ ထွက်ရာ နေရာဌာန တစ်ခုဖြစ်သည်။ တစ်နည်း အားဖြင့် ဘဝခွန်အား တို့ကို ထွက်ပေါ် လာအောင် ကိုယ်တိုင် စွမ်းဆောင်ရေး တာဝန်လေး တစ်ခုကို ပေးသင့် လှသည်။

ဆင်းရဲသည့် ဘဝကို ရသည်ဖြစ်စေ ၊ ချမ်းသာသည့် ဘဝကို ရသည် ဖြစ်စေ ရရှိနေသော ဘဝကို ပထမဦးစွာ လက်ခံ ကျေးဇူးတင် ကြရပေမည်။ ကျေးဇူးတင်ခြင်း နှင့်အတူ ရရှိ ခံယူထားသော ဘဝကို အကျိုး ရှိအောင် စွမ်းဆောင် ကြရမည်။ ခွန်အားတို့ မည်သည် ကြိုးစား အားထုတ် မှသာလျှင် ထွက်ပေါ် လာတတ် ပေသည်။ ဘဝထဲမှ ခွန်အား ရရှိရေး အတွက် ပြုလုပ် အပ်သည့် အရာနှစ်ခု သာလျှင် ရှိသည်။ ထိုအရာမှာ-

(၁) လက်ရှိဘဝကို ရဲရင့်စွာ လက်ခံခြင်း
(၂) လက်ရှိဘဝကို တိုးတက်အောင် ဆောင်ရွက်ခြင်း တို့ ဖြစ်ပေသည်။

ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည် ဖြစ်စေ လူဆိုသော ဘဝကိုရရှိ လာပြီ ဆိုပါက ဘဝကို ရင်ဆိုင်ရုံ မှတစ်ပါး အခြား မရှိချေ။ ကြိုတင် ပြောမရသည့် တိုင်အောင် ကောင်းတာ လုပ်လျှင် ကောင်းတာ ဖြစ်မည် ဆိုသည် ကိုတော့ဖြင့် ကြို၍ ပြောဆို နိုင်ပေသည်။

လူဆိုသည်မှာ တာဝန်တစ်ခု ကို ထမ်းပိုး ရွက်ဆောင် ထားရသူများ ဖြစ်ပေသည်။ ယုတ်စွအဆုံး မိမိကိုယ်ကို ပြန်ကြည့်ကာ ဝတ်စား ဆင်ယင်မှု ၊ စားသောက်မှု တို့ကို လေ့လာ နိုင်ပေသည်။ ထမင်းဖြစ်သည့် ဆန် ၊ ကိုယ်စိုက်သော ဆန်မဟုတ် ၊ ကိုယ်ဝတ်သော အထည် ကိုယ်ရက် လုပ်သော အထည်မဟုတ် သည်မှာ သေချာလှ ပေသည်။ ကိုယ်စီ ၊ ကိုယ်စီ တာဝန် ကျေပွန်မှု၏ စွမ်းအားကြောင့် ထွက်ပေါ် လာသော အရာများ ဖြစ်ပေသည်။ သို့အတွက် ကိုယ့်ကိုယ်ကိုယ် စကား တစ်ခွန်းဖြင့် သတိပေး ရမည်က '' ငါတာဝန် ကျေရမည် '' ဟူ၍ ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် အမြင်ကတ် စရာ အကောင်းဆုံး သော လူသားများမှာ အပျင်းရောဂါ စွဲနေသော လူပျင်း ၊ လူဖျင်းများ ဖြစ်ပေသည်။ လူပျင်း ၊ လူဖျင်းဟု ဆိုသလို ပြောဆိုမှုများ တွင်မတော့ ကြီးကြီး ကျယ်ကျယ် ပြောဆို တတ်မြဲ ဖြစ်ပေသည်။ ထိုသို့သော အပြုအမူကို ပြုကျင့်မိသူ များကို လူအများက လေးစားမှု မရှိပေ။ ထို့အတူ ချစ်ခင် နှစ်သက်မှု လည်းမရှိပေ။

'' လူသား ၊ ရည်ရွယ်ချက် လေးတော့ထား ''ဆိုသော စကားတစ်ခု ရှိပေသည်။ ရည်ရွယ်ချက် မရှိသော သူသည် အရူးသာသာ ဟုပင် ဆိုကြသည်။ မည်သို့ပင် ဆိုစေ လူသားဟု ခံယူပြီးပါက ရည်ရွယ်ချက် ထားကာ တစိုက်မတ်မတ် တော့ တာဝန်ကျေစွာ သွားဖို့ လိုအပ်လှ ပေသည်။ တကယ် ဖြစ်ချင်သူ အတွက် အဟုတ် လုပ်ရုံမှ တစ်ပါး အခြား မရှိပါချေ။

လူငယ်တွေ တာဝန်ကျေဖို့ လိုအပ် လှပေသည်။ ကိုယ့်တာဝန် ကိုယ်ကျေ ၊ ကိုယ့်အလုပ် ကိုယ်လုပ် ၊ ကိုယ့်အလုပ်ကို ကိုယ်တိုင် ကြိုးစားခြင်း ဆိုသော ဆေးဖြင့် ခြယ်သ ကြရပေမည်။ တိုးတက်မှုကို နှောင့်နှေး စေသော အချက်များ ထဲတွင် ဖြစ်မလာ သေးသော အရာကို စိုးရိမ် ပူပန်ခြင်း ဖြစ်ပေသည်။

တိုးတက်လို သူတိုင်း ခံယူ ထားသင့်သော ခံယူချက် တစ်ခု ရှိပေသည်။ ထိုခံယူချက်မှာ အကောင်းဆုံး ကိုလည်း မျှော်လင့်ရဲ သလို အဆိုးဆုံးကို ရင်ဆိုင်ရဲဖို့ အသင့်ပြင် ထားရန် ဆိုသော ခံယူချက် ဖြစ်ပေသည်။ ဘာတွေ ဘယ်လို ဖြစ်ဖြစ် ၊ အဓိက ကတော့ စိတ်မညစ် ၊ စိတ်မပျက်ဖို့ လိုအပ်လှ ပေသည်။ ယခုပင်လျှင် နေ့ ၊ ရက် တို့သည် တရွေ့ရွေ့ ကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်း လာပြီမို့ လူသစ် ၊ စိတ်သစ် ၊ ရည်ရွယ်ချက် အသစ် တို့ဖြင့် တက်ညီ လက်ညီ ချီတက် ကြရမည် ဖြစ်ပေသည်။ ထို့အတူပင် လူသစ် ၊ စိတ်သစ် ၊ အားအင်သစ်ဖြင့် ၊ အနှစ်ကိုရှာ ၊ အကာခွာထား တို့များ ရှေ့သို့သွား ဟု ခံယူကြ ရပေမည်။

နေ့သစ်တိုင်း ဘဝသစ်ကို ဖန်တီးခွင့် ရှိတတ် ပေသည်။ ကာလတိုင်း ကာလတိုင်းကို အကျိုးရှိအောင် အသုံးချ နိုင်ပေသည်။ ယခု ၊ ယခုဆိုသော အချိန်တို့ကို ရတနာ သဖွယ် တန်ဖိုးထား ကြရပေမည်။ စိတ်သစ် ၊ ဘဝသစ် ကို ဖန်တီးမည် ကြံတိုင်း စွန့်ပယ် သင့်သော အကျင့်ဆိုး တစ်ခုရှိနေ ပေသည်။ ထိုအရာ သည်ကား သူတစ်ပါးကို လက်ညှိုးထိုး အပြစ် ပြောဆိုခြင်း ဖြစ်ပေသည်။

စာရှုသူအဆွေ ယခုပင် စိတ်သစ် ၊ လူသစ် ခံယူလိုက် ကြပါစို့။ ကမ္ဘာ လောကကြီးကို အပြုံးနှင့် နှုတ်ဆက် ကြပါစို့။ လောကဓံ တရားကို စိန်ခေါ် လိုက်ကြပါစို့။ အနိစ္စ သဘောကို နားလည် ပေးကြပါစို့။ ယုတ်စွအဆုံး မျက်စိလေးကို ခဏမှိတ်ကာ သန့်ရှင်းသော လေကို တစ်ဝရှူရင်း လောကကြီးကို ကောင်းကျိုး ပြုရေး ကတိပေးရင်း စတင် ဆောင်ရွက် ကြပါစို့ ... လို့ အဓိဋ္ဌာန် ပြုရင်း နှစ်သစ်မှာ ချစ်စရာ ကောင်းတဲ့ဘဝ တစ်ခု ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ပါသည်။

သရက်တန်း စိုးရွှေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger