www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 29, 2013

ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် သမ၀ါယမဘဏ် နှင့် ဂျပန်နိုင်ငံ BTMU စာချုပ်ချုပ်ဆို



ရန်ကုန် ၊ ၂၉-၃-၂၀၁၃

Bank of Tokyo Mitsubishi UFJ (BTMU) က ဘဏ်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သမ၀ါယမဘဏ် လီမိတက် CB Bank နှင့် မဟာမိတ် ဖွဲ့သည့် နားလည်မှု စာချွန်လွှာ သဘောတူ လက်မှတ် ရေးထိုးပွဲ ကို ယမန်နေ့ ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ CB Bank CEO ဦးကျော်လင်း က အဖွင့် အမှာစကား ပြောကြားပြီး BTMU ၏ Asia and Oceania CEO ဖြစ်သူ Mr. Takami Onodera က အမှာစကား ပြောကြားသည်။ ထို့နောက် CB Bank CEO ဦးကျော်လင်း နှင့် Mr. Takami Onodera တို့သည် နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ် ရေးထိုးကြသည်။

CB Bank သည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်များအား ပြန်လည် လုပ်ကိုင်ခွင့် ပြုသည့် ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ATM စက်ကို တပ်ဆင် ခဲ့သည်။ ၄င်းဘဏ်၏ ဆန်းသစ်သည့် ကြိုးပမ်း အားထုတ်မှု ၊ ATM သုံးစွဲမှု ၊ ဘဏ်ခွဲများ နှင့် ကွန်ယက် ချိတ်ဆက်မှု များကြောင့် ကမ္ဘာ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ၄င်း၏ နိုင်ငံခြား ငွေကြေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် စတင် လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မှစပြီး ATM စက်များတွင် Master Card ၊ Visa Card နှင့် CUP Card များဖြင့်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ငွေထုတ်ပေးသည့် လုပ်ငန်းကို စတင် ခဲ့ကြောင်း သိရသည်။

BTMU သည် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ရုံးခွဲ ဖွင့်ပြီးချိန်မှ စ၍ ဂျပန်အစိုးရ၏ ODA ယန်းချေးငွေများ အတွက် နှင့် မြန်မာနိုင်ငံအား ငွေကြေး အကူအညီ ပေးရေး ကိစ္စများ အတွက် ဘဏ်ကိုယ်စားလှယ် အဖြစ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ BTMU သည် ဂျပန်နိုင်ငံတွင် နံပါတ်(၁) အကြီးဆုံး ဘဏ်တစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်း တွင် နံပါတ်(၂) အဆင့်ရှိသည့် ဘဏ်ကြီး တစ်ခုလည်း ဖြစ်သည်။ ဂျပန်ရှိ ကုမ္ပဏီများ အပြင် မြန်မာနိုင်ငံ တွင်  တည်ထောင် ရင်းနှီး မြှုပ်နှံသော ဂျပန်ကုမ္ပဏီ များအား ငွေရေးကြေးရေးး ၀န်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိသည်။

ယနေ့ ချုပ်ဆိုသည့် စာချုပ်ချုပ်ဆိုပွဲ၏ ရည်ရွယ်ချက်မှာ ဂျပန်နိုင်ငံရှိ BTMU မှ မြန်မာနိုင်ငံရှိ CB Bank အား ဘဏ်လုပ်ငန်း နည်းပညာများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် နိုင်ငံတကာ ဘဏ်သင်တန်းများ ပေးခြင်း ၊ အိုင်တီ နည်းပညာများ ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ကျွမ်းကျင် ပညာရှင်များ စေလွှတ်ပြီး ပူးပေါင်း လုပ်ကိုင် စေခြင်း ၊ ဘဏ် သတင်း အချက်အလက် များ ဖလှယ်ခြင်း ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းအား ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ခြင်းကို ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger