www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 26, 2016

လာမည့်ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁၀၀ နီးပါးအထိ တိုးချဲ့သင်ကြားမည်


ရန်ကုန် ၊ ၂၆-၁-၂၀၁၆

လာမည့် ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁ဝဝ နီးပါးအထိ တိုးချဲ့သင်ကြား ပေးရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

''မနှစ်က ကျောင်းသား မရှိတဲ့ တချို့မြို့နယ် တွေကို ဖြုတ်ပြီးတော့ မြို့နယ်အသစ် တွေမှာ သင်ပေးဖို့ စီစဉ်သွားမယ်။ အကျဉ်းထောင်တွေ ထဲအထိသွားပြီး သင်ကြားပေးဖို့ ဆွေးနွေးနေတာ တွေရှိတယ်။ ဒါက ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်တယ်။ ကျောင်းပြင်ပ စီမံချက်က စာတတ်မြောက်မှု ၉၅ ရာခိုင်နှုန်း ကျော်အထိ တိုးတက် လာတယ်။ နှစ်တိုင်း တက္ကသိုလ်က ကျောင်းသား တွေရော ပညာရေးက တာဝန်ရှိ သူတွေပါ အားလုံးပါဝင် ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု စီမံချက် မန်နေဂျာ ဦးထွန်းကြည် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အဖြစ် ကျောင်းမနေရ သူများနှင့် မူလတန်း မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအား သင်ကြားပေးမည် ဖြစ်သည်။

''နှစ်တိုင်း သင်ပေးလေ စာတတ်မြောက်မှု နှုန်းမြင့်လာလေပဲ။ သူတို့ စာသင်ချင် အောင်လည်း ပညာရေး ဌာနက ပံ့ပိုး ပေးသင့်တယ်။ ဥပမာ စာအုပ်၊ ဘောပင် စတာတွေ ပံ့ပိုးပေး တာမျိုးပေါ့'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး လိုက်လံ သင်ကြားပေး ခဲ့သည့် ဒုတိယနှစ် မြန်မာစာ ကျောင်းသား ကိုကျော်နိုင် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးအဖြစ် ကျောင်းမနေဖူးသည့် ကလေးများအား မူလတန်းအောက် အဆင့်နှင့် မူလတန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ ရသည့် ကလေးများ အတွက် မူလတန်း အထက် အဆင့်ဖြင့် ဇွန်လမှ စတင်၍ ရက်ပေါင်း ၂ဝ၄ ရက် သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ မူလတန်း ပညာ သင်ကြားပေး နေသည့် သတ်မှတ်နေရာသို့ မလာရောက် နိုင်သော ကလေးငယ် များအား ၄င်းတို့နေထိုင် သည့်နေရာ အထိ သွားရောက် သင်ကြားရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၂၂)

အကြွေစေ့ကင်းစင်သော လူ့အသိုက်အ၀န်းဖြစ်ရန် ၂၀၂၀ ပြည့်တွင် စတင်မည်



ဆိုးလ် ၊ ၂၆-၁-၂၀၁၆

ကိုရီးယား ဗဟိုဘဏ်သည် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း တစ်ခုသို့ အသွင်ပြောင်း နိုင်ရေးအတွက် ယခုနှစ်တွင် အကြွေစေ့များ အသုံးပြုမှုကို လျှော့ချသွား မည် ဖြစ်ကြောင်း ပြောကြားသည်။ ဗဟိုဘဏ်၏ အစီအစဉ်များ အရ ငွေသားဖြင့် ပေးချေ သူများ သည် ပြန်အမ်းငွေ များကို အကြွေစေ့များ အဖြစ် လက်ခံရမည် မဟုတ်ဘဲ ကတ်စနစ်ဖြင့် လက်ခံရရှိမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ဝမ် ၉၅ဝဝ ကျသင့်ငွေ အတွက် ဝမ် ၁ဝဝဝဝ ပေးလိုက်ပါက ဈေးရောင်းသူက ပြန်အမ်းငွေ ဝမ် ၅ဝဝ ကို ဝယ်သူ၏ ကတ်သို့ ချိတ်ဆက်ပေးပို့ ပေးမည် ဖြစ်သည်။

အကြွေစေ့များ ထုတ်လုပ်ရာတွင် တစ်နှစ်လျှင် ဝမ်ဘီလီယံ ၅ဝ ထက်မနည်း အသုံးပြု နေရကြောင်း၊ ပြည်သူများ အနေဖြင့် ၄င်းငွေ အကြွေစေ့များ လည်ပတ်ရေး အတွက် ပေးနေရသည့် ကုန်ကျစရိတ် သည် ပမာဏ အတိုင်းအတာ တစ်ခုအထိ ရှိကြောင်း ဗဟိုဘဏ် က ပြောကြားခဲ့သည်။ အကယ်၍ ယခုကဲ့သို့ ကတ်စနစ်အား ပြောင်းလဲမည် ဆိုပါက ဘဏ္ဍာရေးကဏ္ဍ ၌သာမက လူမှုအဖွဲ့ အစည်း တစ်ရပ်လုံး အနေဖြင့် မလိုလား အပ်သော ကုန်ကျစရိတ် များကို လျှော့ချ ချွေတာနိုင်မည် ဖြစ်သည်။ ဗဟိုဘဏ် အနေဖြင့် နောက်ဆုံး ရည်မှန်းချက် ဖြစ်သည့် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစား မှုမှာ အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲနိုင်ရန် အတွက်လည်း ဥပဒေအရ အခက်အခဲ များစွာ ရှိနိုင်သေးကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ဗဟိုဘဏ် အနေဖြင့် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေးကို ၂ဝ၂ဝ ခုနှစ်တွင် စတင် အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းကြောင်း လည်း ပြောကြားခဲ့သည်။

အယ်လ်နီညိုရာသီဥတုတွင် ရေလိုအပ်ချက်နည်းသည့် သက်တမ်းတိုအထွက်တိုးစပါး ရွေးချယ်စိုက်ပျိုးရန် နှင့် သောက်သုံးရေ စုဆောင်းရန် သတိပေးချက် ထုတ်ပြန်



ရန်ကုန် ၊ ၂၆-၁-၂၀၁၆

အယ်လ်နီညို ရာသီဥတုတွင် တောင်သူများ အနေဖြင့် ရေလိုအပ်ချက် နည်းသည့် သက်တမ်းတို အထွက်တိုး စပါးကို ရွေးချယ် စိုက်ပျိုးရန်နှင့် သောက်သုံးရေ စုဆောင်းရန် စသည်တို့ကို ကြိုတင်ပြင်ဆင် ထားနိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

တောင်သူများ အနေဖြင့် ရာသီဥတု ပြောင်းလဲမှုများ၊ ပူပြင်း ခြောက်သွေ့မှု များနှင့် ကိုက်ညီသည့် မျိုးစပါးများကို စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ အလေအလွင့် မရှိစေရန် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေ ရရှိရန် ခက်ခဲသည့် ဒေသများရှိ တောင်သူများ အနေဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာနများ၊ ဆည်မြောင်းဦးစီး ဌာနများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ရန် လည်း အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

ရေလိုအပ်ချက် နည်းပြီး သက်တမ်းတို အထွက်တိုးစပါး စိုက်ပျိုးခြင်းဖြင့် ရာသီဥတု ဒဏ်ခံနိုင်၍ ပိုမိုစိတ်ချ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ပြောင်းလဲလာသည့် ရာသီဥတုနှင့် အညီ စိုက်ပျိုးမည့် တောင်သူများ အနေဖြင့်လည်း မျိုးစပါးများကို ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း ရာသီဥတုနှင့် အညီ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် ဟောပြောမှုများ၊ ပညာပေးမှု များလည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အယ်လ်နီညို ရာသီဥတု၏ ပူပြင်းမှုသည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ မှစ၍ ၂ဝ၁၆ ခုနှစ် ဇွန်လပိုင်းအထိ ဖြစ်ပေါ်မည် ဖြစ်ပြီး အယ်လ်နီညို ရာသီဥတု၏ ရိုက်ခတ်မှုကြောင့် ပူပြင်း ခြောက်သွေ့ခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိမှု ခက်ခဲခြင်းများ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

ရန်ကုန်မြစ်ဝအနီး ဗီယက်နမ်ကုန်တင်သင်္ဘော နစ်မြုပ် သင်္ဘောအမှုထမ်း ၁၄ ဦးကယ်တင်နိုင်ခဲ့



ရန်ကုန် ၊ ၂၆-၁-၂ဝ၁၆

ရန်ကုန်မြစ်ဝအနီး ပင်လယ်ပြင် လမ်းသာယာမီးပြ အရှေ့တောင်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာ၌ ကျောက်ချရပ်နား ထားသော ဗီယက်နမ်နိုင်ငံမှ ကုန်တင်သင်္ဘော MV DONG THIEN PHU သည်ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်မှုကြောင့် လှိုင်းကြီး၍ ရာသီဥတု ဆိုးဝါးလာပြီး ကျောက်မျောကာ အနီးတွင် ကျောက်ချ ရပ်နားထားသည့် ဆီတင်သင်္ဘော OCEAN OSPREY နှင့်တိုက်မိပြီး နစ်မြုပ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါနစ်မြုပ်မှု ဖြစ်စဉ်တွင် ဗီယက်နမ် ကုန်တင်သင်္ဘော MV DONG THIEN PHU ကို ဆီတင် သင်္ဘော၏ ဦးပိုင်းနှင့် ထိခိုက်မိပြီး ရေဝင်နစ်မြုပ်ခဲ့ခြင်း ဖြစ်၍ မူလကျောက်ချ ထားသည့်နေရာမှ ၂ မိုင်ခန့် အကွာတွင် ဦးပိုင်း အနည်းငယ်ပေါ်သည့် အနေအထား ဖြင့် နစ်မြုပ်သွား ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် ကုန်တင်သင်္ဘော MV DONG THIEN PHU ပေါ်ပါ သင်္ဘောအမှုထမ်း ၁၄ ဦးအား ကယ်ဆယ်ရေး အဖွဲ့မှ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီယက်နမ်ကုန်တင် သင်္ဘောသည် အထွေထွေ ကုန်တင်သင်္ဘော ဖြစ်ပြီး ၂ဝဝ၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဗီယက်နမ် အလံတင်သင်္ဘော ဖြစ်သည်။ ယင်းသင်္ဘော အရှည်မှာ ၈၄ မီတာနှင့် ဗြက် ၁၃ မီတာရှိကာ သင်္ဘော နစ်မြုပ်မှုကြောင့် သင်္ဘောပေါ်တွင် ပါရှိသည့် ဘိလပ်မြေအိတ် တန်ချိန် ၃၅၁၁ တန်ဆုံးရှုံး ခဲ့ကြောင်းနှင့် ဆီတင်သင်္ဘောမှာ ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger