www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

ကော့သောင်း ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာတို့၌ ထောက်ပံ့မှုများ ဆောင်ရွက်

ကော့သောင်း ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ  ရွှေတောင်ဦး ပရဟိတဂေဟာတို့၌ ထောက်ပံ့မှုများ ဆောင်ရွက်
-
ကော့သောင်း   ဇန်နဝါရီ   ၁ 
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက် ပိုင်းတွင် ကော့သောင်းမြို့ရှိ ကော့သောင်းဘိုးဘွားရိပ်သာ၌ မသန်စွမ်း ဘိုးဘွားများအပါအဝင် ဘိုးဘွား များအတွက် အလှူငွေကျပ် ၃၁ဝဝဝဝ နှင့်ခြုံစောင်များ၊ အသက် ၁ဝ၄ နှစ်ရှိအဘွားအတွက် သီးခြားထောက်ပံ့မှု များကို ပေးအပ်သည်။   
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလိဝမ်းကျေးရွာ ရွှေတောင်ဦး ပရဟိတ ဂေဟာရှိ မသန်စွမ်းကလေးများ အပါအဝင် ကလေးငယ်များ အတွက် ထောက်ပံ့ငွေများ၊ အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကို ပေးအပ်သည်။ 
-
အဆိုပါ ပရဟိတဂေဟာ၌  မွေးကင်းစနှင့် လသားအရွယ်များအပါအဝင် ရင်ခွင်မဲ့ကလေး၂၉၅ဦးကို စောင့်ရှောက် ပေး လျက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်  ရှေးဦး အရွယ် ကလေးသူငယ်များ  စနစ်တကျ ပြုစုပျိုးထောင်နိုင်ရေး၊  အစိုးရ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ပရဟိတဂေဟာဆရာတော် ဘဒ္ဒန္တဣန္ဒသာရအား လျှောက်ထား ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်
-
နေပြည်တော်  ဇန်နဝါရီ   ၁ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ တစ်ဖွဲ့သည် ကားလမ်းပေါ်ရှိ စေတောင်ရွာ၌ ခေတ္တအခြေပြုနေစဉ် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်တွင် ခေါင်းဆောင်စိစစ်ဆဲ AA အဖွဲ့အင်အား (၃ဝ)ခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ (၁ဝ) မိနစ်ခန့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး AA အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ချိန်တွင် ကျေးရွာအတွင်း၌လည်း ရွာသူ/ရွာသားများ ရှိနေပြီး ရဲတပ်ဖွဲ့၏ စနစ်တကျ ထိန်းသိမ်းကြပ်မတ်မှုကြောင့် ရွာသူ/ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုတ်ခွာသွားသည့် AA အဖွဲ့အား တပ်မတော် စစ်ကြောင်းများမှ ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။    
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၁ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ (၂၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ အကြိုပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့သိုင်း ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။ 
-
အဆိုပါတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တို၊ ပန်ကြပ်ဆီလပ်၊ ဓားတစ်လက်၊ ဓားနှစ်လက်နှင့် စွမ်းရည်ပြပြိုင်ပွဲများ ပါဝင်ပြီး အကြိုပြိုင်ပွဲများကိုတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ဇန်နဝါရီ ၈ ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၉ သင်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ အားကစားရုံများတွင် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ   ၁ 
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ 
-
ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် သင်တန်းများ၊ အားကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ ဆက်လက်ပြုလုပ်ရာသင်တန်းထူးချွန်ဆုနှင့် အားကစား ထူးချွန်ဆုရရှိသူ အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးနှင့် စိုက်ပျိုးမွေးမြူရေး အကောင်းဆုံးဆု ရရှိသူများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger