www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့  ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၁ 
-
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသည့်   တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သောတပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့ နယ်၊ မရမ်းချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၅၉ ဦးအား အဆိုပါ ကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၈၆ဦး၊ ခွဲစိတ်ရောဂါ ၄၃ဦး၊ သားဖွား / မီးယပ် ရောဂါ ၂၉ ဦး၊ ကလေး ရောဂါ ၆၆ ဦး၊ အရိုးရောဂါ ၆၂ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၃၃ ဦး၊ မျက်စိ ရောဂါ ၁၇၃ ဦးနှင့်  သွားရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိ ခွဲစိတ်လူနာ ၁၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၃ဝ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ  ၁ဝ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၁ ဦးတို့ကို  ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာ သုံးဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖုန်ကန် ရာဇီ ရေခဲတောင်ပေါ်သို့ မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်မည်

ဖုန်ကန် ရာဇီ ရေခဲတောင်ပေါ်သို့  မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်မည်
-
မိတ္ထီလာ  ဇန်နဝါရီ  ၁  
-
မိတ္ထီလာခြေလျင်နှင့်   တောင်တက်အဖွဲ့သည် ရွာငံမြို့နယ် အတွင်းရှိ အရှေ့မြင် အနောက်မြင်တောင်နှင့် ဟိုပုံးမြို့နယ် အတွင်းရှိ  မဲနယ်တောင် တောင်တက်ခရီးစဉ်နှစ်ခု တက်ရောက်ပြီးပါက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲ တောင်ပေါ်အမြင့်ပေ ၁၁၉၂ ပေသို့  တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။  ''မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ရဲ့ တစ်နှစ်တာနောက်ဆုံး တောင်တက်ခရီးစဉ်တွေအဖြစ် ရွာငံမြို့နယ်အတွင်း မှာရှိတဲ့ အရှေ့မြင် အနောက်မြင်တောင် အမြင့် ၇၇၅၂ ပေကို ဇန်နဝါရီ ၅ ရက်မှာ တက်ရောက်မှာဖြစ်ပါတယ်။ 
-
ဖေဖော်ဝါရီလထဲမှာ   ဟိုပုံးမြို့နယ် အတွင်းက မဲနယ်တောင်တန်းဒေသရှိ အမြင့်ပေ ၈ဝဝဝ ခန့်ရှိတဲ့ လွယ်မိုင်းတောင် ပေါ်ကို  တက်ရောက်မှာဖြစ်ပါတယ်။ အရှေ့မြင် အနောက်မြင်တောင်နဲ့ မဲနယ်တောင်  တောင်တက်ခရီးစဉ်နှစ်ခု တက် ရောက်ပြီးရင် ပူတာအိုမြို့နယ် အတွင်းမှာရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင် အမြင့်ပေ ၁၁၉၂ ပေကို တက်ရောက်မှာဖြစ် ပါတယ်'' ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးအတွေ့အကြုံရှိသူ ဒေါက်တာ မြတ်မင်းက ပြောသည်။ 
-
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ တောင်တက်ခရီးစဉ်များကို United Pharma ကုမ္ပဏီက ပံ့ပိုးကူညီလျက်ရှိပြီး   ဖုန်ကန် ရာဇီ ရေခဲတောင် တောင်တက်ခရီးစဉ်အတွက်လည်း အထူးပံ့ပိုးကူညီမည်ဖြစ်သည်။ မိတ္ထီလာခြေလျင် နှင့် တောင်တက်အဖွဲ့၏  အဓိကဆောင်ပုဒ်မှာ  သဘာဝ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပါ၊ တောင်တက်ခရီးစဉ်တိုင်းတွင် မိမိတို့ အဖွဲ့က  မည်သည့်အမှိုက်မျိုးကိုမှ စွန့်ပစ်ခဲ့ခြင်းမရှိစေရတို့ဖြစ်သည်။ တောင်တက် ခရီးစဉ်တိုင်းတွင် အဖွဲ့ဝင်တိုင်း အရက်သေစာ မူးယစ်သောက်စား ခြင်းမပြုရန် အဓိကတားမြစ်ထားပြီး တားမြစ်ချက်ကို မလိုက်နာပါက တောင်တက် အဖွဲ့ဝင် အဖြစ်မှ   အမြဲတမ်းထုတ်ပယ်မည်ဖြစ်သည်။ 
-
တောင်တက်ခရီးစဉ်သွားရောက်သည့်ဒေသ တိုင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက်   ဒေသခံ ပြည်သူများအား တောင်တက် အဖွဲ့ဝင် များထဲမှ ဆရာဝန်များက အခမဲ့ဆေးကုသမှုပေးခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ပြုလုပ် လျက်ရှိသည်။ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁ဝဝဝ ကျော်ရှိပြီး တောင်တက်ခရီးစဉ်များတွင် တောင်တက် အဖွဲ့ဝင် ၁၄ဝ ဦး နှင့် ၂ဝဝ ဦးဝန်းကျင်ခန့်အမြဲတမ်းလိုက်ပါတက်ရောက်ကာ ၂ဝ၁၈ ခုနှစ်တွင် ပုပ္ပားတောင်၊  ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေတောင်၊  စိန်ခနောက်မြခနောက်တောင်တို့ကို တက်ရောက်ခဲ့သည်။ 
-
၂ဝ၁၉ နှစ်ဆန်းပိုင်းတွင်  အရှေ့မြင် အနောက်မြင်တောင်၊ မဲနယ်တောင်နှင့် ဖုန်ကန် ရာဇီရေခဲတောင် ခရီးစဉ်များကိုဆက်လက်တက်ရောက်သွားမည်ဖြစ်ပြီး နွေရာသီကာလတွင် တောင်တက်ခရီးစဉ်များကို ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။      
-
ချမ်းသာ (မိတ္ထီလာ)
-
#မြ၀တီနေ့စဉ်သတင်းစာ


ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
-
နေပြည်တော်  ဇန်နဝါရီ  ၁
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  အားကစားနှင့်  ကာယပညာဦးစီးဌာနကကြီးမှူး၍ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များကို ယနေ့ နံနက် ၈နာရီမှ စ၍ ယှဉ်ပြိုင်ကစားလျက်ရှိသည်။     
-
အဆိုပါဖူဆယ်ပြိုင်ပွဲ၏ ရှုံး/ထွက်ပွဲစဉ်များတွင် ဟိုတယ်နှင့်ခရီးသွားလာရေးအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင် ကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးအသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် အသင်းတို့ယှဉ်ပြိုင်ကြရာ ပြည်ထောင် စု ရှေ့နေချုပ်ရုံး အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင် ရရှိသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအသင်းနှင့် ပြည်ထဲရေး အသင်းတို့ ယှဉ်ပြိုင် ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအသင်းက ၆ ဂိုး  ၄ ဂိုးဖြင့် အနိုင်ရရှိသည်။
-
ကျန်းမာရေးနှင့် အားကစားအသင်းနှင့်  နိုင်ငံခြားရေးအသင်းတို့ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့် အားကစားအသင်းက ၁၃ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသည်။ ရှုံး/ထွက်ပွဲစဉ်များ အပြီးတွင်  ဟိုတယ်နှင့် ခရီးသွားလာရေးအသင်း၊ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအသင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားအသင်းတို့သည် ဆီမီးဖိုင်နယ် ပွဲစဉ်များသို့ တက်ရောက်သွားပြီဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ဇန်နဝါရီ  ၂ ရက်(ယနေ့)တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင်

ဝန်ကြီးဌာနပေါင်းစုံ  ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင်
-
နေပြည်တော် ဇန်နဝါရီ ၁ 
-
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ယှဉ်ပြိုင်ကြသည်။ ကွာတား ဖိုင်နယ်ပွဲစဉ်များတွင် အုပ်စု(ဃ)ဒုတိယ နယ်စပ်ရေးရာ အသင်းနှင့် အုပ်စု(က)ပထမ ကျန်းမာရေးနှင့် အားကစား အသင်းတို့  ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့်နယ်စပ်ရေးရာအသင်းကလည်းကောင်း၊ အုပ်စု(ခ)ပထမ ဗဟို ဘဏ် အသင်းနှင့် အုပ်စု(ဂ) ဒုတိယ လျှပ်စစ်နှင့် စွမ်းအင်အသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ဗဟိုဘဏ် အသင်းက လည်းကောင်း၊ အုပ်စု(ဂ)ပထမပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်းနှင့် အုပ်စု(ခ)ဒုတိယ  ပညာရေး အသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်းက လည်းကောင်း၊ အုပ်စု(ဃ)ပထမ ပြည်ထဲရေး အသင်းနှင့်အုပ်စု(က) ဒုတိယ ကာကွယ်ရေးအသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့်  ပြည်ထဲရေးအသင်းက လည်း ကောင်း အနိုင်ရရှိသည်။ 
-
ကွာတားဖိုင်နယ် ပွဲစဉ်များအပြီးတွင် နယ်စပ်ရေးရာ အသင်း၊ ဗဟိုဘဏ်အသင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်း၊ ပြည်ထဲရေး အသင်းတို့က ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ဇန်နဝါရီ ၂ ရက် (ယနေ့)တွင် ဆီမီးဖိုင်နယ် ပွဲစဉ်၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို တစ်ရက်တည်း ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။ 
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger