www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

မြဝတီနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)

မြဝတီနေ့စဉ်သတင်းစာ (၂၈-၁၂-၂၀၁၈)

-
 Download Links

Thursday, December 27, 2018

ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ

ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ထပ်မံဖော်ဆောင်မည့် ဟိုတယ်အဆောက်အအုံများ၊ ဈေးဝယ်စင်တာများနှင့် ခရီးသွားဒေသများ၌ မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြု သွားလာနိုင်စေရန် လိုအပ်ချက်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်းကာ ခွင့်ပြုချက် ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် မြို့ အလုံလမ်းရှိ Summit  Parkview  ဟိုတယ်၌ ယနေ့တွင် ကျင်းပသည့် ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ 
-
''ဒီနေ့အစည်းအဝေးက  ဟိုတယ်နဲ့ခရီးသွားလာရေး ကဏ္ဍမှာ  မသန်စွမ်းသူတွေ ခရီးသွားလာရာမှာ လွယ်ကူအဆင်ပြေစေဖို့ အဓိကဦးစားပေး ဆွေးနွေးပါတယ်။ ဟိုတယ် နဲ့ခရီးသွားလာရေး ကဏ္ဍမှာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဒေသဆိုင်ရာ ကော်မတီ တွေဖွဲ့စည်းပြီး  ဟိုတယ်တွေ  စပြီးဆောက်လုပ်ရင် မသန်စွမ်းသူတွေ သွားလာမှုအဆင် ပြေအောင်    အသုံးပြုနိုင်မယ့် လမ်းတွေ၊ အဆင့်မြင့်အဆောက်အအုံတွေနဲ့ တန်ခိုးကြီး ဘုရားတွေမှာ မသန်စွမ်းသူတွေ သွားလာနိုင်မယ့် လမ်းကြောင်းတွေကို အသစ်လုပ်မယ်။ ရှိပြီးသားတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ မရှိသေးဘူးဆိုရင် ဖြည့်စွက်ဆောင်ရွက်မယ်။နောက်ထပ် ဆောက်လုပ်မယ့် ဟိုတယ်တွေကိုလည်း  မသန်စွမ်းသူတွေ အသုံးပြုနိုင်တဲ့  သတ်မှတ်ချက်နဲ့အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးဖို့ ဆောင်ရွက်ပါမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး  ဦးနိုင်ဝင်းကပြောသည်။ 
-
အဆိုပါဆွေးနွေးပွဲ၌ မသန်စွမ်းသူများ အပေါ်ရှုမြင်နေသော ပုံစံများ၊ အတွေးအမြင်များ၊ လူသားဆန်သော အမြင်၊  ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍကို  ဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအတွက် ထည့်သွင်း ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများ၌ မသန် စွမ်းသူများ   အဆင်ပြေစေရေး အတွက်   ဖော်ဆောင်မှုများကို စံပြအဖြစ်ထည့်သွင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖော်ဆောင်ရာတွင် မသန်စွမ်းသူများအတွက်  မူဝါဒများ ထည့်သွင်းမည့် အခြေအနေများကို တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးကြသည်။ နိုင်ငံတကာ၌မသန်စွမ်းသူများ၏ အရေးကို အသိအမှတ် ပြုထားသကဲ့သို့ မြန်မာနိုင်ငံ၌လည်း မသန်စွမ်းသူများ၏အရေးကို ဥပဒေပြုရေးဆွဲပြီး အသိအမှတ်ပြုထားသည်။ 
-
အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံ သည် မသန်စွမ်းသူများ သွားလာနိုင်စေရန် ပလက်ဖောင်းများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၌ လျှောက်လမ်းများ စီမံထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာ များနှင့် အထင်ကရနေရာများ၌ မသန်စွမ်းသူများ သွားလာရာတွင် အဆင်ပြေရန် ဆောင်ရွက် ထားသော်လည်း တချို့ဟိုတယ်နှင့်ခရီးသွားကဏ္ဍများတွင် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ
-
မြစ်ကြီးနား ဒီဇင်ဘာ ၂၆ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာအုပ်စု နယ်မြေ(၅)ရှိ ဓမ္မပါရဂူရေဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရာဇမဏိစူဠနန်းဦး စေတီတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး၌  ကျင်းပသည်။ 
-
ရှေးဦးစွာဆရာတော်၊ သံဃာတော်များနှင့်   ရှင်သာမဏေများအား ဘုရားဒါယကာနှင့် ဒါယိကာမမိသားစု၊ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုကို လောင်းလှူ ပူဇော်ကြသည်။ 
-
ဆက်လက်၍  ဆွမ်းသပိတ်နှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို အဆိုပါကျောင်းတိုက်အတွင်းရှိ မနောဒယ  ဓမ္မာရုံတော်ကြီး၌ ကျင်းပရာမန္တလေးမြို့ မြစေတီကျောင်းတိုက်မှ ရွှေနီကန်ဆရာတော် အရှင်ပညာဝုဓ (နယ်လှည့်ဓမ္မကထိက) ကြွရောက်တော်မူပြီး တက်ရောက်လာသည့် အလှူရှင်များက ဆရာတော်အား သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ဆရာတော်ထံမှ  ငါးပါးသီလတော်မြတ်အား    ခံယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 
-
ဆွမ်းသပိတ်လောင်းလှူရာသို့ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက် ၃၅ တိုက်မှ ဆရာတော်၊ သံဃာတော် နှင့် သာမဏေ ၄၂၃ ပါး ကြွရောက်တော်မူပြီး စေတီတော်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ကျေးလက်ရိုးရာ မြေဝိုင်းပြဇာတ် ခင်းကျင်းကပြခြင်းများ၊ မြန်မာ့ရိုးရာ ဝိုင်းခြင်းအလှခတ်ခြင်းနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော လူစီး အမြန်ရေယာဉ်များတွင် အမှိုက်ပုံးများ တပ်ဆင် အသုံးပြုရေး စီစဉ်လျက်ရှိ

-
မုံရွာ ဒီဇင်ဘာ ၂၆ 
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ  ခန္တီးမြို့အထိ  ပြေးဆွဲလျက်ရှိသော လူစီးအမြန် ရေယာဉ်များ၌ အမှိုက်ပုံးများ တပ်ဆင်အသုံးပြုရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။ လူစီးအမြန်ရေယာဉ်များ ပြေးဆွဲရာတွင် လမ်းခရီးတစ်လျှောက် ခရီးသည်များ အနေဖြင့် မိမိအသုံးပြုသည့် အမှိုက်များကို ချင်းတွင်းမြစ်အတွင်းသို့ မစွန့်ပစ်ဘဲ အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့ပြီး ရေထုညစ်ညမ်းမှုနှင့် ချင်းတွင်းမြစ်ကြီး၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်နိုင်ရန် စီစဉ်ခြင်းဖြစ်ကာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ထားရှိပေးနိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။ 
-
ရေယာဉ်များတွင် အမှိုက်ပုံးများထားရှိပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးကို ၂ဝ၁၇ ခုနှစ်အတွင်းက စတင်လုပ်ဆောင်ခဲ့သော်လည်း ရေယာဉ်များ အနေဖြင့် ဝယ်ယူ အသုံးပြုသောအမှိုက်ပုံးများ သေးနေ၍ အမှိုက်စွန့်ပစ်ရန်မလုံလောက်ခြင်းကြောင့် အမှိုက်ပုံးအကြီးများဖြင့် ပြောင်းလဲအသုံးပြုရေး အတွက် စီစဉ်ပေးခြင်းဖြစ်သည်။ ''ချင်းတွင်းမြစ်အတွင်း  သွားလာနေတဲ့ ကုန်တင်ရေယာဉ်တွေ၊ လူစီးအမြန် ရေယာဉ်တွေ၊ ပက်လက်တွဲတွေ အမှိုက်စွန့်ပစ်မှု အနေနဲ့ ရေယာဉ်တိုင်းမှာတော့ အမှိုက်ပုံးတွေ တင်ခိုင်းထားတယ်။ 
-
အထူးသဖြင့် လူစီးအမြန် ရေယာဉ်တွေမှာပါ မြစ်အတွင်းကို အမှိုက်တွေမစွန့်ပစ်အောင်လို့ ဌာနအနေနဲ့ကလည်း အမြန်ရေယာဉ် အသင်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီး အမှိုက်ပုံးတွေကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူပြီး တင်ပေးမယ်။  ရေယာဉ်တွေပေါ်က  စွန့်ပစ်အမှိုက်တွေကို ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ မြို့တွေက ဆိပ်ကမ်းတွေ ရောက်ရင် စည်ပင်သာယာရေး အဖွဲ့တွေရဲ့ အမှိုက်ပုံးကြီးတွေ ရှိတယ်။ အဲဒီမှာ စွန့်ပစ်ဖို့ ရေယာဉ်ဝန်ထမ်းတွေကို အသိပညာပေးထားသလို အမှိုက်ကို ရေထဲမစွန့်ပစ်ဘဲ သတ်မှတ် အမှိုက်ပုံးထဲမှာ စွန့်ပစ်ရေး၊  ခရီးစဉ်မထွက်ခင်  ရေယာဉ် စစ်ဆေးမှုတွေလုပ်တဲ့ အချိန်မှာ ခရီးသည်တွေကို အသိပညာပေးတာတွေ လုပ်နေတယ်။ 
-
အမြန်ရေယာဉ် တစ်စင်းကို အမှိုက်ပုံးကြီးတစ်ပုံးတင်ပေးဖို့ အခုလောလောဆယ် စီစဉ်နေပါတယ်။နောက်ပိုင်းမှာတော့ ရေယာဉ်အရှေ့ပိုင်းမှာ တစ်ပုံးနဲ့   အနောက်ပိုင်းမှာတစ်ပုံး တင်ပေးနိုင်အောင်စီစဉ်မှာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး   ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  ဦးစီးမှူးက ပြောသည်။ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေပုဒ်မ(၃၄)တွင် ရေထုပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အန္တရာယ်ဖြစ်စေသော  ဓာတုပစ္စည်းကိုဖြစ်စေ၊ ရေနံ သို့မဟုတ် ရေနံရောထားသော ပစ္စည်းကိုဖြစ်စေ၊ အခြားအရာဝတ္ထုကိုဖြစ်စေ ပြည်တွင်းရေကြောင်း အတွင်းသို့ စွန့်ပစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပြီး ထိုသို့ဖောက်ဖျက် ကျူးလွန်ပါက အပိုဒ်(၄၄)တွင် ပုဒ်မ(၃၄)ပါတားမြစ်ချက် တစ်ရပ်ရပ်ကို   ဖောက်ဖျက်ကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထောင်ဒဏ်(၂)နှစ်ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ငါးသိန်းမှ ၂၅သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။ 
-
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်  အထက်အောက်စုန်ဆန် ပြေးဆွဲလျက်ရှိသော ရေယာဉ်များအပေါ်မှ နေ့စဉ် လူတို့အသုံးပြုပြီးသော ပလတ်စတစ် အိတ်ခွံများ၊ ဖော့ထမင်းဘူးများ၊ ရေသန့်ဘူးခွံများကို ချင်းတွင်းမြစ် အတွင်း အများဆုံးစွန့်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger