www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 1, 2013

အပြု နှင့် အဖျက် ခွဲခြားရန် မခက်ပါ


အပြု နှင့် အဖျက် ခွဲခြားရန် မခက်ပါ

အယ်ဒီတာ့အာဘော်
( ၁-၁၁-၂၀၁၃ )

ရခိုင်ပြည်နယ် သည် နိုင်ငံတော် ၏ အနောက်ဘက် အစွန်းပိုင်း တွင် တည်ရှိပြီး ဧရိယာ စတုရန်း မိုင်ပေါင်း ၁၄၂ဝဝ ကျယ်ဝန်း သည်။ ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ လူဦးရေ သုံးသန်းကျော် နေထိုင် လျက်ရှိသည်။

ယခင်က ရခိုင်ပြည်နယ် သည် ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီး များနှင့် ပြည်နယ်များ ကို ရခိုင်ရိုးမ တောင်တန်းကြီး က သဘာဝ အတားအဆီး အဖြစ် ရှိနေခြင်း ကြောင့် ခရီးလမ်း ဆက်သွယ်ရေး ခက်ခဲသည်။ ဘင်္ဂလား ပင်လယ်အော် အတွင်း စီးဝင်သော မြစ်ချောင်းများ ပေါများသဖြင့်  ဒေသတွင်း သွားလာရေး ခက်ခဲသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ယခင် တပ်မတော် အစိုးရက ရန်ကုန် - စစ်တွေ မော်တော်ကား လမ်းမကြီး ဖောက်လုပ် ပေးခဲ့သည်။ ကားလမ်းမကြီး တွင် ပေ ၁ဝဝဝ အထက် တံတားကြီး ပေါင်း ၁ဝ စင်းနှင့် တံတားငယ် ပေါင်း ၈ဝဝ ကျော် တည်ဆောက် ဖွင့်လှစ် ပေးခဲ့သည်။ ယခု အချိန်တွင် မော်တော်ကား လမ်း ဆက်သွယ်ရေး မှာ အဓိက ဝင်ပေါက် လမ်းမကြီး သုံးခုဖြစ်သော မင်းဘူး - ပဒါန်း - အမ်း - စစ်တွေ ကားလမ်း ၊ ပြည် - ပန်းတောင်း - တောင်ကုတ် ကားလမ်း နှင့် သံတွဲ - ဂွ - ငါးသိုင်းချောင်း ကားလမ်း တို့ဖြင့် သွားလာ ဆက်သွယ်နိုင် ပြီဖြစ်သည်။

မီးရထားကို ၂ဝဝ၉ ခုနှစ်တွင် စစ်တွေ (ပြည်တော်သာ) ဘူတာမှ ရေချမ်းပြင် ဘူတာ အထိ ၁၁ ဒသမ ၄၇ မိုင် ခရီးစတင် ပြေးဆွဲ ခဲ့သည်။ နိုင်ငံတော် အတွင်း တည်ဆောက်လျက် ရှိသော မီးရထား ကွန်ရက်နှင့် ချိတ်ဆက် သွားရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ အထိ မီးရထား လမ်း ၂၅၇ မိုင် ဖောက်လုပ် နေပြီ ဖြစ်သည်။ ယနေ့ ရခိုင်ပြည်နယ် ၏ ခရီးလမ်း ဆက်သွယ်ရေး သည် ကုန်းကြောင်း ၊ ရေ ကြောင်း နှင့် လေကြောင်း ခရီးစဉ် များဖြင့် အချိန်တို အတွင်း သွားလာ နိုင်ကြပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် ဖွံ့ ဖြိုး တိုးတက်ရေး အတွက် အခြေခံ အဆောက်အအုံ များကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အရှိန်အဟုန် ဖြင့် ဆောင်ရွက်ခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ် အထိ နှစ်ပေါင်း ၂ဝ ကြာ တည်ဆောက် ခဲ့ရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ၌ ၂ဝ၁၂ ခုနှစ် မေ ၂၈ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို အခြေခံ၍ ပြည်နယ် အတွင်း မငြိမ်သက်မှု များနှင့် အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ရသည်။ ဇွန် ၁ဝ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ် ဖြစ်စဉ် များနှင့် စပ်လျဉ်း၍ မိဘ ပြည်သူများ သို့ မေတ္တာ ရပ်ခံချက် အား ကိုယ်တိုင် ပြောကြား ခဲ့သည်။ နိုင်ငံတော် သမ္မတ က '' ဒီလို လူမျိုးကွဲ ၊ ဘာသာကွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ ၊ လက်စားချေ လိုမှုတွေနဲ့ မင်းမဲ့စရိုက် တွေကို ရှေ့တန်း တင်လျက် တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ် နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက  ပိုမို ကျယ်ပြန့် ဖြစ်ပွား စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင် ကူးပြောင်းစ သာရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး နဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ် လာစေနိုင် တာကို မိဘ ပြည်သူများ အားလုံး အထူး သတိထား ကြစေချင် ပါတယ် .. '' ဟူ၍ ထည့်သွင်း ပန်ကြား ခဲ့သည်။ ထိုနေ့မှာပင် နိုင်ငံတော် သမ္မတရုံး ၏ ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့်အမှတ် (၁/၂ဝ၁၂) ကို ထုတ် ပြန်၍ အရေးပေါ် အခြေအနေ ကြေညာခဲ့ ရသည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်လျက် ရှိသည့် အခြေအနေ များတွင် အသုံးပြုရန် မြန်မာ နိုင်ငံဘောလုံး ကလပ် အသင်းများ နှင့်အလှူရှင် များက ငွေကျပ်သိန်း ၄၂ဝဝ ကို ဇွန် ၁၃ ရက်တွင် လှူဒါန်း ခဲ့သည်။ အခင်း ဖြစ်ပွားရာ နေရာအတွင်း နေထိုင်လျက် ရှိကြသော ကျေးရွာသူ ၊ ကျေးရွာသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဆေးဝန်ထမ်း ၃၂ ဦးဖြင့် ဆောင်ရွက် ပေးခဲ့သည်။ အရေးပေါ် လူနာများအား တပ်မတော် ရဟတ်ယာဉ် များဖြင့် ပို့ဆောင်၍ ဆေးကုသ ပေးခဲ့သည်။

ရခိုင်ပြည်နယ် ပြည်နယ်အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နေပြည်တော် ၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် တုံ့ပြန် ဆောင်ရွက်ရေး စီမံချက် အတွက် ရန်ပုံငွေ လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ ၁ဝ၉ ဒသမ ၃ သန်း လိုအပ်ပြီး ယခုအချိန် အထိ လက်ရှိငွေမှာ အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၄၉ သန်း ရှိကြောင်းနှင့် ရရှိ ငွေများမှာ စီမံချက် ၁ဝ၉ ခု၌ သုံးစွဲ ထားကြောင်း သိရသည်။


သို့ဖြစ်၍ အဖျက်လွယ် သော်ငြား အပြုခက်ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ် များအား တိုင်းရင်းသား ပြည်သူ အပေါင်း သင်ခန်းစာ ယူကြရမည် ဖြစ်ပေသည်။   ။

မြ၀တီနေ့စဉ်သတင်းစာ (၁-၁၁-၂၀၁၃) သောကြာနေ့



Download Links


ဘုရင့်နောင် ခုံးကျော်တံတားကြီး ပေါ်တွင် ယမန်နေ့မှစ၍ ယာဉ်များ စမ်းသပ် မောင်းနှင်ဖြတ်သန်း ခွင့်ပြု



ရန်ကုန် ၊ ၁-၁၁-၂၀၁၃

ဘုရင့်နောင် နှစ်ထပ် ခုံးကျော် တံတားကြီး ကို ယမန်နေ့ နံနက် ၉ နာရီ ၉ မိနစ်တွင် တောင်နှင့်မြောက် တည်ဆောက် ထားသော တံတား ကြီးပေါ်၌ ယာဉ်များ စမ်းသပ် မောင်းနှင် ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။(ပုံ)

ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် FMI တို့ ပူးပေါင်း၍ ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်က စတင်၍ ပန္နက်ရိုက် မင်္ဂလာ ပြုလုပ် ခဲ့သည်။

ယမန်နေ့ ဖြတ်သန်းခွင့် ပြုလိုက်သော တောင် နှင့် မြောက် တည်ဆောက်ထား သည့် ဘုရင့်နောင် ခုံးကျော်တံတား ကြီးသည် အရှည် ၁၄၄၄ ပေ ၊ လူသွားလမ်း ၃ ပေ ၊ ယာဉ်လေးစီး အသွား အပြန် သွားလာနိုင်ပြီး ကွန်တိန်နာ ယာဉ်ကြီးများ ၊ သစ်လုံးတင် ကားကြီးများ နှင့် ခရီးသည်တင် ယာဉ်များ အဓိက သွားရာ လမ်းဖြစ်သဖြင့် တံတား ခံနိုင်ဝန် တန်ချိန် ၇၅ တန် အထိ ခံနိုင်ကြောင်း သိရသည်။

အဆိုပါ ဖြတ် ဖြတ်သန်းခွင့်ပြု ထားသော တံတားသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးများ ၊ တာဝန်ရှိ သူများ တက်ရောက်၍ တံတား နှစ်စင်း ဆုံရာ၌ တံတားပေါ် ဖြတ်သန်း သွားလာသော ယာဉ်များနှင့် ပါလာသူများ ကို အမှတ်တရ မှတ်နှာသုတ် ပ၀ါများ ချီးမြှင့် ပေးအပ် ခဲ့ကြောင်း သိရသည်။


သမိုင်း - လှိုင်သာယာ ခုံးကျော်တံတား ကိုလည်း ယခုနှစ် မကုန်မီ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ဖွင့်လှစ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သက်ဆိုင်ရာ မှ သိရှိရသည်။

လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ



တာချီလိတ် ၊ ၁-၁၁-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ သည် အောက်တိုဘာ ၃၀ ရက်က သတင်းအရ တာချီလိတ် မြို့နယ် ပါဆာကျေးရွာ အနီးတစ်ဝိုက် ရှင်းလင်း ရှာဖွေရာ ၀ါးရုံပင် အောက်ခြေရှိ မြေကြီးအောက် ၁ ပေခန့်တွင် မြွေရေခွံအိတ် နှစ်အိတ်ဖြင့် ထည့်ထားသည့် M-22 နှစ်လက် ၊ ကျည်အိမ် နှစ်ခု ၊ ၄င်းကျည် ၁၃၉ တောင့် ၊ M-21 တစ်လက် ၊ ကာဘိုင် သုံးလက် တို့အား သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger