www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မောင်းသူမဲ့. Show all posts
Showing posts with label မောင်းသူမဲ့. Show all posts

Thursday, May 25, 2017

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အတွက်မောင်းသူမဲ့လေယာဉ် လေးစီး တည်ဆောက်ပေး




မိတ္ထီလာ ၂၅-၅-၂၀၁၇

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (UNFAO) နှင့် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအတွက် မောင်းသူမဲ့လေယာဉ် (Drone) လေးစီးကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မောင်းသူမဲ့ လေယာဉ်ဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီး သွားပြီဖြစ်ရာ မကြာမီပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ် (Drone) လေးစီးမှ နှစ်စီးမှာ ပန်ကာခြောက်လုံးတပ် မောင်းသူမဲ့ လေယာဉ်အမျိုးအစား ဖြစ်ပြီး ကျန်နှစ်စီးမှာ လက်ပစ်မောင်းသူ မဲ့လေယာဉ်ဖြစ်ကြောင်း၊ ပန်ကာခြောက်လုံးတပ် မောင်းသူမဲ့ လေယာဉ်သည် အလိုအလျောက် အဆင်းအတက် ပြုလုပ်နိုင်ပြီး ဆာဗေးတိုင်းတာ ချိန်တစ်ကြိမ်လျှင် ၂၈မိနစ်ကြာ တစ်နေ့ခြောက်ကြိမ် ပျံသန်းနိုင်ကြောင်း၊ ထူးခြားချက်မှာ အနီအောက်ရောင်ခြည်သုံး ကင်မရာ (NDVI) တပ်ဆင်ထားသောကြောင့် စိုက်ပျိုးသီးနှံရှင်သန် ကြီးထွားမှုကို လေ့လာသိရှိနိုင်ပြီး စိုက်ပျိုးသီးနှံများအတွက် လိုအပ်သည့်ရေဓာတ်နှင့် ရောဂါပိုးကာကွယ်ဆေးများ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ကြောင်း၊ လက်ပစ်မောင်းသူမဲ့ လေယာဉ် သည် တစ်ကြိမ်ပျံသန်းလျှင် ၄၅ မိနစ်ကြာ ပျံသန်းပြီး တစ်နေ့လျှင် (၃)ကြိမ် ပျံသန်းနိုင်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ်ဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ သဲမောင်မောင် ကပြောပြသည်။

အဆိုပါမောင်းသူမဲ့ လေယာဉ်ဌာနမှ ချင်းပြည်နယ်သဘာဝ ဘေးဒဏ်ခံဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွင်း ကောင်းကင်ဓာတ်ပုံရိုက်ယူ၍ အသုံးချမြေပုံ ထုတ်လုပ်ပေးခြင်း၊ မကွေးတိုင်းဒေသကြီး ရေကြီးနစ်မြုပ် သော ဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်း အသုံးချမြေပုံ များထုတ်လုပ်ပေးခြင်း၊ ငလျင်ဒဏ်ခံရသည့် ပုဂံ-ညောင်ဦးဒေသမှ ရှေးဟောင်းဘုရား စေတီများ သရီးဒီမြေပုံ ထုတ်လုပ်ခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်းတို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိဌာန များမှ အရာထမ်း၊ အမှုထမ်းများ၂၉ဦးအား ပထမဆုံးအကြိမ် လုပ်ငန်းအသုံးချ မောင်းသူမဲ့ လေယာဉ် (Drone) မောင်းနှင်နည်း သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, March 21, 2017

ချင်းပြည်နယ်အတွင်း ရေကြီးမြေပြိုမှုများကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုင်းတာခြင်း နှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေး



ဟားခါး ၊ ၂၁-၃-၂၀၁၇

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန နှင့် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (UNFAO) တို့ ပူးပေါင်း၍ မတ် ၁၅ ရက်မှစတင်ကာ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တွန်းဇံမြို့နယ် တို့ရှိ ရေကြီးမြေပြိုမှု များကို မောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါမောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် ရရှိလာသော အသုံးချမြေပုံ များမှတစ်ဆင့် တိကျသည့် ကွန်တိုလိုင်းများ ပါရှိသည့် မြေပုံများ ထုတ်လုပ်ပေး နိုင်ခြင်း၊ လူနေထိုင်မှု၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အချက်အလက် များကို ခွဲခြားသိရှိ ဆန်းစစ်နိုင်ခြင်း၊ လက်ရှိ မြေပြင် ပကတိအနေထား အတိုင်း Digitalize 3D မြေပုံများ ထုတ်လုပ်ပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးမှုစစ်တမ်း ကောက်ယူခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှ သိရသည်။

''ကျွန်တော်တို့ တက္ကသိုလ် သုတေသနဌာန အနေနဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ တုန်းကလဲ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်းပြီး မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ဒေသ တွေမှာ စိုက်ပျိုးဧက ပျက်စီးဆုံးရှုံးမှု စစ်တမ်းကောက်ယူ နိုင်ဖို့နဲ့ သဘာဝ ဘေးန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှု တွေပြုလုပ်နိုင်ဖို့ မောင်းသူမဲ့ လေယာဉ် အသုံးပြုပြီးတော့ ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာမှုနဲ့ အသုံးချ မြေပုံထုတ်လုပ်ပေးမှု တွေကို ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင် က ပြောပြသည်။

မောင်းသူမဲ့ လေယာဉ် သုတေသနအဖွဲ့ အနေဖြင့် ၂ဝ၁၅ ခုနှစ်ကလည်း ကလေးမြို့ ရေဘေးသင့် ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ ဆောင်ရွက်ပေးနိုင် ခဲ့သည့်အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာန အတွက် ရခိုင်ပြည်နယ် အတွင်းရှိ မင်းဘူး-အမ်း လမ်းပိုင်း တံတား တည်ဆောက်ရေး လမ်းအူကြောင်းရှာ လုပ်ငန်း အတွက်လည်းကောင်း၊ တောင်ငူမှ ဘုရားကြီးထိ ၅ဝဝ ကေဗွီအေ မဟာဓာတ်အားလိုင်း လမ်းအူကြောင်း ရှာခြင်း လုပ်ငန်းများ အတွက် လည်းကောင်း မောင်းသူမဲ့ လေယာဉ်ဖြင့် အကျိုးပြု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

Monday, September 19, 2016

ပြည်တွင်း၌ ဒရုန်းအသုံးပြုမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက် ကို ၂၀၁၇ ခုနှစ်တွင် ထွက်နိုင်ရန်စီစဉ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

မြန်မာနိုင်ငံ အတွင်း မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ် များကို အလေးချိန်နှင့် စွမ်းဆောင်မှု  အပေါ်မူတည်၍ ခွဲခြား သတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေး လုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပေးခြင်း နှင့် မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူ များကို စိစစ်ခြင်း စသည့် ဒရုန်း အသုံးပြုမှု ဆိုင်ရာ အမိန့် ထုတ်ပြန်ချက်ကို ၂ဝ၁၇ ခုနှစ်တွင် ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးအောင် ကျော်အေး ထံမှ သိရသည်။

''အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO) ရဲ့ သတ်မှတ် စံနှုန်းတွေ နဲ့အညီ ဆောင်ရွက်ဖို့ ကျန်ရှိနေသေး တာကြောင့် လာမယ့်နှစ်မှာ ထွက်ရှိနိုင်ဖို့ ခန့်မှန်း ထားပါတယ်။ လက်ရှိပြုစ ထားတဲ့ ဒရုန်း အသုံးပြုမှုဆိုင်ရာ မူကြမ်းကို နိုင်ငံတကာမှာ ရှိတဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေ ကိုအခြေခံပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုရှိအောင် ကဏ္ဍအလိုက် ရေးဆွဲပြုစု ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကနေ သဘောထားတွေ တောင်းခံထားပြီး ဖြစ်တယ်'' ဟု ဦးဖြိုးအောင်ကျော်အေး ကပြောသည်။

အဆိုပါ ဒရုန်း အသုံးပြုမှု ဆိုင်ရာ Advisory Circular (AC) မူကြမ်းတွင် အများပြည်သူ လုံခြုံ ဘေးကင်းမှုကို အထူး အလေးထား ရေးဆွဲပြီး မှတ်ပုံတင်ခြင်း အပါအဝင် ဒရုန်းအသုံးပြုမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းများ အတွက် ခွင့်ပြုချက် နှစ်မျိုးဖြင့် လုပ်ကိုင်ခွင့်ပြု သွားမည်ဖြစ်ပြီး ကောက်ခံမည့် နှုန်းထား များကိုလည်း ဌာနမှ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, July 14, 2016

အကျိုးပြုလုပ်ငန်းများနှင့် သဘာဝဘေးဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုလိုပါက အကူအညီပေးမည်



မိတ္ထီလာ ၊ ၁၄-၇-၂၀၁၆

ပြည်တွင်းရှိ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် သဘာဝ ဘေးဆိုင်ရာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြု ဆောင်ရွက် လိုကြောင်း အကူအညီ တောင်းခံလာ ပါက မည်သည့် အဖွဲ့အစည်းကို မဆို သက်ဆိုင်ရာ ခွင့်ပြုချက် များဖြင့် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မောင်းသူမဲ့ လေယာဉ်များကို ရေဘေးဖြစ်ပွား ခဲ့သောနေရာ များ၌ စစ်တမ်း ကောက်ယူခြင်း၊ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း အတွက် ဓာတ်ကြိုးများ သွယ်တန်းရာတွင် အသုံးပြုခြင်း၊ မိတ္ထီလာမြို့ရှိ မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့ တွင် အသုံးပြု ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်-မင်းဘူး-အမ်း လမ်းပိုင်း၌ တံတား တည်ဆောက်ရန် မောင်းသူမဲ့ လေယာဉ်ဖြင့် 3D ရုပ်ပုံများ ရိုက်ယူ၍ လမ်းကြောင်း ရေးဆွဲပေး သွားမည် ဖြစ်ကြောင်း စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဦးစီးဌာနမှ သိရသည်။

ထိုသို့ တိုင်းတာခြင်းများ ပြုလုပ်ရန် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ ကျောင်းသားများက ဖန်တီးထားခြင်း ဖြစ်ပြီး တံတား တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းတာခြင်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ မောင်းသူမဲ့ လေယာဉ် အသုံးပြုခြင်းကြောင့် အချိန်ကုန် သက်သာပြီး လုပ်သားအင်အား အသုံးပြုမှု ကိုလည်း လျှော့ချပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

''တံတား တည်ဆောက်ရေး လုပ်ငန်းမှာ လမ်းကြောင်း ရေးဆွဲခြင်းကို မောင်းသူမဲ့ လေယာဉ်နဲ့ ရှုထောင့် ပေါင်းစုံကနေ ရုပ်ပုံတွေ ရိုက်ကူးပြီး တိုင်းတာပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးလို့ ရလာတဲ့ပုံ တွေကို ဆော့ဖ်ဝဲလ်နဲ့ 3D ရုပ်ကြွဖန်တီးပြီး ရေးဆွဲပေး သွားမှာ ဖြစ်ပါတယ်'' ဟု စက်မှု နည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Wednesday, December 23, 2015

ရွှေတိဂုံစေတီတော်ပေါ်နှင့် ၀တ္တကမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ် နှင့် ဒရုန်းများ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်း တားမြစ်ချက်ထုတ်ပြန်



ရန်ကုန် ၊ ၂၃-၁၂-၂၀၁၅

ရွှေတိဂုံစေတီတော် ပေါ်နှင့် ဝတ္တကမြေ အတွင်း မောင်းသူမဲ့ လေယာဉ်ငယ် နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော် လုံခြုံရေးအရ ဒီဇင်ဘာ ၂၂ ရက်မှစ၍ လွှတ်တင် မောင်းနှင်ခွင့် မပြုတော့ကြောင်း သတိပေး တားမြစ်ချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ သတိပေး တားမြစ်ချက် ဆိုင်းဘုတ်များကို ရွှေတိဂုံစေတီတော် မုခ်ဦး လေးဖက်အပြင် ယာဉ်ရပ်နားကွင်း များ၌ပါ ဆိုင်းဘုတ်များ တပ်ဆင်၍ တားမြစ်ထားခြင်း ဖြစ်ပြီး အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု အန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ရသောကြောင့် တားမြစ်ခြင်း ဖြစ်ကာ ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ ဒေသန္တရ ခွင့်ပြုမိန့်ဖြင့် သတိပေး တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက ရွှေတိဂုံစေတီတော်ကို မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ခဲ့သူ တရုတ်နိုင်ငံသား တစ်ဦး၊ အမေရိကန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦး၏ လေယာဉ်ငယ်များ ကိုလည်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

''လေယာဉ်ကင်မရာ နဲ့ အမြင့်ကနေ ရိုက်တဲ့အခါ ဓာတ်ပုံတွေက ပိုလှလို့ ရိုက်တဲ့သူတွေ ရှိပေမယ့် အကြမ်းဖက် တိုက်ခိုက်ချင်တဲ့ သူတွေလည်း ပါမလာဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး အခုလို သတိပေး တားမြစ်ရခြင်း ဖြစ်ပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, November 30, 2015

အဝေးထိန်းစနစ်ဖြင့် ပျံသန်းသော လေယာဉ်ငယ်များ၏ ပထမဆုံးအကြိမ် ပျံသန်းမှုပြိုင်ပွဲကို သီလဝါကွင်း၌ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည်


ရန်ကုန် ၊ ၃ဝ-၁၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ အဝေးထိန်း စနစ်ဖြင့် ပျံသန်းသော လေယာဉ်ငယ် များ၏ ပထမဆုံးအကြိမ် ပျံသန်းမှု ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင် သီလဝါကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်မှ သိရသည်။

အဝေးထိန်း စနစ်ဖြင့် မောင်းနှင် ပျံသန်းမည့် လေယာဉ်ပျံသန်းမှု ပြိုင်ပွဲကို Beginner Level နှင့် Expert Level အဆင့်ဟူ၍ နှစ်ဆင့်ခွဲကျင်းပ သွားမည်ဖြစ်ပြီး Expert Level အဆင့်ပြိုင်ပွဲတွင် လေယာဉ်အနိမ့် ပျံသန်းခြင်း၊ လေယာဉ် ကျွမ်းထိုးခြင်း၊ သတ်မှတ်ပြေးလမ်း မှသာ အတက်အဆင်း ပြုလုပ်ခြင်း စသည်တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Beginner Level တွင် အပျော်တမ်း ဝါသနာရှင် အဆင့်သာ ဖြစ်၍ လေယာဉ် အတက်အဆင်းနှင့် လေယာဉ် ပျံသန်းခြင်း စသည်တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင် သူများကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ် သွားမည် ဖြစ်ကြောင်း လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင် သီလဝါကွင်း ၌ နံနက် ၈ နာရီတွင် စတင် ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကာ အမှတ်အများဆုံး ရရှိသူများအား ပြည်ပမှ မှာယူထားသည့် အဆင့်မြင့် အဝေးထိန်း လေယာဉ်သစ် တစ်စင်းကို ပေးအပ်မည့် အပြင် ရရှိသည့် Sponser ပေါ် မူတည်၍ ထပ်မံဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ 

''ဒီပြိုင်ပွဲ ကျင်းပရတာက ဝါသနာရှင်တွေ လေယာဉ်ငယ်တွေ ပျံသန်းရာမှာ စနစ်တကျ ပျံသန်းနိုင်ဖို့နဲ့ လေကြောင်း အခေါ်အဝေါ် တွေကိုလည်း နားလည်သိရှိ ဖို့အတွက် ဖြစ်ပါတယ်။ ပြိုင်ပွဲကို Beginner Level နဲ့ Expert Level အဆင့်ဆိုပြီး နှစ်ဆင့်ခွဲ ကျင်းပသွားမှာပါ'' ဟု လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, November 16, 2015

Google ၏မောင်းသူမဲ့ကားတစ်စီး အများပြည်သူသုံး ကားလမ်းမပေါ်တွင် အရှိန်နှေးကွေးစွာ မောင်းနှင်သဖြင့် ဖမ်းဆီးခံရ



ကယ်လီဖိုးနီးယား ၊ ၁၆-၁၁-၂၀၁၅

Google နည်းပညာ ကုမ္ပဏီသည် အလိုအလျောက် မောင်းနှင်နိုင်မည့် Google မောင်းသူမဲ့ ကားများကို စဉ်ဆက်မပြတ် စမ်းသပ် ထုတ်လုပ်ပြီး တိုးတက် ကောင်းမွန်အောင် ပြင်ဆင်လျက် ရှိသည်။

ယခုအခါတွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Google ရုံးစိုက်ရာ မောင်းတိန်းဗျူး မြို့တွင် ၄င်း မောင်းသူမဲ့ ကားတစ်စီးသည် အများပြည်သူသုံး ကားလမ်းမ ပေါ်တွင် အရှိန် နှေးကွေးစွာ မောင်းနှင်သဖြင့် အခြား ယာဉ်မောင်းများကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

'' Google ကားဟာ တစ်နာရီကို ၃၅ မိုင်နှုန်း သတ်မှတ်ထားတဲ့ ဇုန်မှာ ၂၄ မိုင်နှုန်းနဲ့ မောင်းနေတာ ဖြစ်တဲ့အတွက် သူ့နောက်မှာ ကားတွေ တန်းစီပိတ်ဆို့ ကုန်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒီကားကို လမ်းဘေး ဆွဲချဖို့ ဆုံးဖြတ်ခဲ့ပြီး အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်'' ဟု Google ကားကို ဖမ်းဆီး အရေးယူခဲ့သူ ဆိုင်ကယ်စီး ယာဉ်ကြီးကြပ်ရဲ က ပြောပြသည်။

''ဒါပေမဲ့ ဒီကားထဲကို ကြည်မိတော့မှ Google ရဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကားမှန်း သိတာပါ။ ဒါပေမဲ့ ကားက ကျွန်တော် ပြောတာကို နားလည်တဲ့အတိုင်း လမ်းဘေးကို ဆင်းပြီး ရပ်ပေးပါတယ်။ ကျွန်တော်တို့ ကလဲ သက်ဆိုင်ရာ Google ကုမ္ပဏီကို အကျိုးအကြောင်း ပြောပြပြီး သူတို့ရဲ့ ကားတွေ လမ်းမပေါ်မှာ နှေးလဲမနှေး၊ မြန်လဲမမြန်ဘဲ သတ်မှတ်ထားတဲ့ မိုင်နှုန်းအတိုင်း မောင်းနှင်စေဖို့ သတိပေး ပြောကြား ခဲ့ပါတယ်''ဟု ၄င်းက ရှင်းပြသည်။

သို့သော် Google ၏ အလိုအလျောက် မောင်းနှင်ယာဉ် များ၏ အမြင့်ဆုံး အမြန်နှုန်းမှာ ၃၅ မိုင်နှုန်း ဖြစ်သောကြောင့် ယခုဖြစ်စဉ်သည် Google ကားအမှားဟု ပြောရန် ခက်ခဲကြောင်း၊ စက်ရုံမှ ထုတ်စဉ်တွင် အဆိုပါ ကားများကို တစ်နာရီလျှင် ၂၅ မိုင်နှုန်းထက် မပိုအောင် Setting ထည့်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Google ကားများသည် နှေးအောင် ရည်ရွယ်၍ မောင်းနှင်ခြင်း မဟုတ်ကြောင်း Google မှ တာဝန်ရှိသူ များက ဖြေရှင်းချက် ထုတ်ပြန် ထားကြောင်း သိရသည်။

#Yadanarpondaily

Friday, September 18, 2015

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်များ အောင်မြင်စွာပျံသန်းနိုင်ပြီ ဖြစ်၍ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက်ပြသွား နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၈-၉-၂၀၁၅

နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မှ အောင်မြင်စွာ သုတေသနပြု ပျံသန်း နိုင်ခဲ့ပြီဖြစ် သဖြင့် အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုကာ လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီမံဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသန အဖွဲ့၏ သတင်းများ အရ သိရသည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ၊ မောင်းသူမဲ့လေယာဉ် သုတေသနအဖွဲ့မှ သုတေသနပြု လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ သုံးလခန့်ကြာမြင့် ချိန်တွင် အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မောင်းသူမဲ့ လေယာဉ် သုတေသနဌာန အနေဖြင့် ပြေးလမ်းသုံး မောင်းသူမဲ့ လေယာဉ်၊ လက်ပစ်မောင်းသူမဲ့ လေယာဉ်၊ ပန်ကာ လေးလုံးတပ် မောင်းသူမဲ့ လေယာဉ်နှင့် ပန်ကာ ရှစ်လုံးတပ် မောင်းသူမဲ့ လေယာဉ်များကို အောင်မြင်စွာ သုတေသနပြု ပျံသန်းနိုင်ခဲ့သည်။ 

ထို့ကြောင့် လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက် ပြသနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီး အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ် များကို အများပြည်သူနှင့် နိုင်ငံတော် အကျိုးပြု လုပ်ငန်းများတွင် အသုံပြု သွားမည် ဖြစ်သည်။

အဆိုပါ ဆိုလာသုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ကမ်းရိုးတန်း တစ်လျှောက် အခြေအနေများကို လှည့်လည်ကြည့်ရှု သည့်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် အသုံးပြု လုပ်ကိုင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ထို့ပြင် အန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် လုံခြုံရေး အတွက် စောင့်ကြည့်သည့် လုပ်ငန်း များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့် ကလေးမြို့ ဒေသရှိ မြစ်သာမြစ်၊ မဏိပူရ မြစ်နှင့် နေရဉ္စရာမြစ် များ၏ မြစ်ကြောင်း ပြောင်းလဲမှု အခြေအနေ များကို မောင်းသူမဲ့ လေယာဉ်ငယ် များဖြင့် ကောင်းကင် ဓာတ်ပုံရိုက်ကာ အကျိုးပြု မြေပုံများ ထုတ်လုပ် ဖြန့်ဝေရန် စီမံဆောင်ရွက် လျက်ရှိသည်။ အဆိုပါ အကျိုးပြု မြေပုံများ ထုတ်လုပ်မှု လုပ်ငန်းကို မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်များ နှင့် အခြား RS/ GIS အဖွဲ့အစည်း များဖြင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ် အမျိုးအစားများမှာ သုည ဒသမ ၈ ကီလိုဂရမ် အလေးချိန်ထိ သယ်ယူ ပျံသန်းနိုင်ပြီး တစ်စက္ကန့်လျှင် ဓာတ်ပုံ တစ်ပုံနှုန်း ရိုက်ကူးထုတ်လုပ် ပေးနိုင်ကြောင်း သိရသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များမှာ အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်ရသည့် လေယာဉ်များ ဖြစ်သည်။

ယခုအခါ ပြည်ပဈေးကွက် များမှ ဝယ်ယူကာ အပျော်တမ်း ပျံသန်းမှုများ ရှိနေသဖြင့် အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေး နှင့် ထိန်းချုပ်နိုင်ရေး အတွက် အပျော်တမ်း မောင်းသူမဲ့  လေယာဉ် ရှိသူများ အနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနသို့ လာရောက် စာရင်း ပေးသွင်းရန် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ ပျံသန်းရန် နေရာသတ်မှတ် ပေးရန်စီမံ ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

#Yadanarpondaily

Wednesday, September 16, 2015

အပျော်တမ်း မောင်းသူမဲ့လေယာဉ်များကို နေရာကန့်သတ် ချထားပေးသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ အတွက် ယခုနှစ်အတွင်း နေရာသီးသန့် ချထားပေး၍ မောင်းနှင်သွား စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းလွင် က ပြောသည်။

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များကို ယခုအခါ အလျဉ်းသင့် သလို မောင်းနှင် နေကြပြီး ပုဂ္ဂိုလ်ရေးရာ မထိခိုက်စေရေး၊ စနစ်တကျ ရှိရေးနှင့် ဘေးကင်း လုံခြုံမှုများ ရှိစေရန် နေရာသီးသန့် ချထား ပေးသွားမည်ဟု သိရသည်။

လတ်တလောတွင် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အတွက် ရန်ကုန်တွင် တစ်နေရာ၊ မန္တလေးတွင် တစ်နေရာ စီစဉ် လျာထားကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ် အမျိုးအစား ရှိပါက လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် စာရင်းရေးသွင်း ရမည်ဖြစ်ပြီး အများပြည်သူ သိစေရန် ကြေညာ ပေးသွားမည်ဟု သိရသည်။

အဆိုပါ စာရင်းသွင်းခြင်း အပိုင်းနှင့် နေရာချမှတ်မှု များကို ယခုနှစ် အတွင်း စတင် အကောင်အထည် ဖော် လုပ်ဆောင် သွားမည်ဟုသိရသည်။ မောင်းသူမဲ့ လေယာဉ်ကို အပျော်တမ်း သဘောအရ အသုံးပြုခြင်းနှင့် လုပ်ငန်းသဘော အရ အသုံးပြုခြင်း ဟူ၍ အသုံးပြုခြင်း နှစ်မျိုးရှိပြီး ယခုအခါ အပျော်တမ်း မောင်းနှင်သူများ အတွက် နေရာသီးသန့် စီစဉ်ပေးခြင်း ဖြစ်သည်။

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် အပျော်တမ်း မောင်းသူမဲ့ လေယာဉ် အသုံးပြုခြင်းကို တားမြစ်ထားမှု မရှိသော်လည်း ပျံသန်းမှု၌ စနစ်တကျ ရှိစေရေး အတွက် ထိန်းချုပ်သည့် အနေဖြင့် နေရာချမှတ် ပေးရန် စီစဉ်ရခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger