www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အမျိုးသားအားကစားပွဲတော်. Show all posts
Showing posts with label အမျိုးသားအားကစားပွဲတော်. Show all posts

Monday, October 8, 2018

တက္ကသိုလ်လှေလှော်အသင်း မလေးရှား တက္ကသိုလ် လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူး



ရန်ကုန် အောက်တိုဘာ ၇
-
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃ ရက်မှ ၆ ရက်ထိကျင်းပသည့် တက္ကသိုလ် လှေလှော်ပြိုင်ပွဲ (Varsity Boat Race 2018) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိခဲ့သော နိုင်ငံကိုယ်စားပြု တက္ကသိုလ်လှေလှော် အသင်းသည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
-
အဆိုပါပြိုင်ပွဲတွင် အမျိုးသား တစ်ယောက်လှော်၊ အမျိုးသမီး တစ်ယောက်လှော်၊ အမျိုးသားနှစ်ယောက်လှော်၊အမျိုးသမီးနှစ်ယောက်လှော်၊ အမျိုးသား လေးယောက်လှော်၊ အမျိုးသမီးလေးယောက်လှော်၊ အမျိုးသားရှစ်ယောက်လှော် ပြိုင်ပွဲအမျိုးအစားများ ပါဝင်ပြီး ယင်းပြိုင်ပွဲအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု တက္ကသိုလ်လှေလှော်အသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်လှော် ပြိုင်ပွဲတွင် ပန်ပြည့်ပြည့်လွင်နှင့် နှင်းအိဝေ အောင်တို့အတွဲက ပထမ၊ မလေးရှားက ဒုတိယ၊ ဖိလစ်ပိုင်က တတိယ၊ အမျိုးသား နှစ်ယောက်လှော်ပြိုင်ပွဲတွင် မလေးရှားက ပထမ၊ ဖိလစ်ပိုင်ကဒုတိယ၊ ဆန်းမင်းထူးနှင့် အောင်သူဟိန်းတို့က တတိယ၊အမျိုးသမီး တစ်ယောက်လှော် ပြိုင်ပွဲတွင် မလေးရှားက ပထမ၊ ဟောင်ကောင်က ဒုတိယ၊ နှင်းစုဝေက တတိယ၊ အမျိုးသမီး လေးယောက်လှော်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုကို မလေးရှား၊ မေဇင်သန်း၊ ယွန်းမြတ်သွယ်၊ နန့်ငြိမ်းငြိမ်းစံနှင့် မေသင်္ကြန်တို့က တတိယ အသီးသီး ရရှိခဲ့ကြပြီး တက္ကသိုလ်လှေလှော် အသင်းသည် စုစုပေါင်း ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။
-
အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ကိုလံဘို၊ မြန်မာနှင့် အိမ်ရှင် မလေးရှားနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, January 5, 2018

နှစ် ၇ဝ ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ အားကစား မောင်မယ်ဦးရေ ၂ဝဝကျော် ပါဝင်ဆင်နွှဲ


မန္တလေးမြို့တော်ဝန်မီနီမာရသွန် ပြိုင်ပွဲ (၂ဝ၁၈) ကျင်းပနေမှုကို တွေ့ရစဉ်။

မန္တလေး ၅-၁-၂ဝ၁၈

နှစ် ၇ဝပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂ဝ၁၈) ကို ယနေ့နံနက် ၆ နာရီခွဲက မန္တလေးကျုံး တောင်ဘက်ခြမ်း ၂၆ လမ်းပေါ်ရှိ မြို့တော်စည်ပင် သာယာရေးကော်မတီ ရုံးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအမျိုးသား ၇၇ဦး၊ အမျိုးသမီးဦးရေ ၄ဝ၊ လူသစ်တန်းအမျိုးသား ၁၆၄၈ဦး၊ အမျိုးသမီး ၁ဝဝ၄ဦး၊ သက်ကြီး အားကစားသမားများ၊ နိုင်ငံခြားသားများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားများ စုစုပေါင်းပြိုင်ပွဲဝင် အားကစားမောင်မယ်ဦးရေ ၂၈ဝဝကျော်ခန့်သည် သတ်မှတ် စုရပ်နေရာတွင် ရောက်ရှိနေရာယူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က အချက်ပေး သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စုရပ်မှ ၂၆ လမ်းအတိုင်း လမ်း၈ဝ၊ ၁၂လမ်း၊ ၇၃လမ်း၊ မန္တလေးတောင်ပတ်လမ်း၊ ၁ဝလမ်း၊ ၆၂လမ်း၊ ငုရွှေဝါလမ်းအထိ ထိုမှ ၆၈လမ်းအတိုင်း ၁၃ မိုင်ခန့်သတ်မှတ် ပြေးလမ်းထိ ယှဉ်ပြိုင်ခဲ့ကြကာ မန္တလာသီရိအားကစား ကွင်းတွင် ပန်းဝင်ခဲ့ကြသည်။

ယင်းနောက် နံနက် ၉ နာရီတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး (လူသစ်တန်း)၊ အမျိုးသား (လူသစ်တန်း)၊ နှစ်သိမ့်ဆု ၂ဝမှ ၁ အထိ ဆုငွေများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် မြို့တော်ဝန်၏ ဇနီးတို့ကလည်းကောင်း၊ ပန်းဝင်သည့် နိုင်ငံခြားသားများ အတွက် အမှတ်တရဆုများ၊ သက်ကြီးအားကစားသမား ဂုဏ်ပြုဆုများ၊ အလယ်တန်းအဆင့် အားကစားသမားဂုဏ်ပြု ဆုများကို တိုင်းဒေသကြီး ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဒေါက်တာစိုးသန်း၊ ဦးမျိုးသစ်၊ ဦးမြတ်သူတို့က လည်းကာင်းဆုများ ချီးမြှင့်ကြသည်။

ဆက်လက်၍ အလွတ်တန်း (အမျိုးသား)၊ အလွတ်တန်း (အမျိုးသမီး)၊ လူသစ်တန်း (အမျိုးသား)၊ လူသစ်တန်း (အမျိုးသမီး)ပထမ၊ ဒုတိယ၊တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က ဆုငွေနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ မန္တလေးမြို့တော်ဝန် မီနီမာရသွန် ပြိုင်ပွဲတွင် လူသစ်တန်း (အမျိုးသား) ပထမဆုရ ကျော်သင်းစံ၊ ဒုတိယဆုရ ဇာနည်ထွန်း၊ တတိယဆုရ ကိုကိုနိုင်တို့ကလည်းကောင်း၊ လူသစ်တန်း (အမျိုးသမီး)ပထမဆုရ အိသက်မွန်၊ ဒုတိယဆုရ ချစ်သူဇာ၊ တတိယဆုရ ယွန်းခင်ခင်တို့ကလည်းကောင်း၊ အလွတ်တန်း (အမျိုးသား)ပထမဆုရ ဆန်းနိုင်၊ ဒုတိယဆုရဝင်းနိုင်ထွန်း၊ တတိယဆုရ သောင်းအေးတို့က လည်းကောင်း၊ အလွတ်တန်း(အမျိုးသမီး)ပထမဆုရ နီလာစန်း၊ ဒုတိယဆုရ နှင်းယုစိုး၊ တတိယဆုရ ဇင်မာချိုတို့ကလည်းကောင်း ရရှိခဲ့ကြပြီး ဆုငွေများအဖြစ် ပထမဆုငွေကျပ်သိန်း ၃ဝ၊ ဒုတိယဆုငွေကျပ် သိန်း ၂ဝနှင့် တတိယဆုငွေကျပ် ၁၅သိန်းတို့ကို ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

Monday, February 9, 2015

အမျိုးသား အားကစားပွဲတော်တွင် ရွှေတံဆိပ် ၃၃၇ ခုအပါအ၀င် ဆုတံဆိပ်ပေါင်း ၁၁၆၀ ချီးမြှင့်မည်


ရန်ကုန် ၊ ၉-၂-၂၀၁၅

ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်တွင် ကစားနည်း ၂၇ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၃၃၇ ဆု အပါအဝင် ဆုတံဆိပ်ပေါင်း ၁၁၆ဝ ချီးမြှင့်မည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

စတုတ္ထ အကြိမ်မြောက် ကျင်းပမည့် အမျိုးသား အားကစားပွဲတော် တွင် လက်ရွေးစင် အဆင့်ရှိ ကစားသမား များသည် တိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး နေပြည်တော် ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ ကစားသမား အမျိုးသား ၂၈၉၅ ဦးနှင့် အမျိုးသမီး ၁၄၆၆ ဦး စုစုပေါင်း ၄၃၆၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကစားသမား အားလုံးကို နေပြည်တော် အားကစားရွာ ၌ ထားရှိမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထ အကြိမ်မြောက် ကျင်းပမည့် အမျိုးသား အားကစားပွဲတော် တွင် ပါဝင်မည့် အားကစားနည်း များမှာပြေးခုန်ပစ်၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ အလေးမ၊ ရိုးရာခြင်းလုံး နှင့် ကာယ ကြံ့ခိုင်မှု၊ အနောက်တိုင်း လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ ဘောလုံး (အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ ဂေါက်သီးရိုက်၊ ဂျူဒို၊ ကရာတေးဒို၊ ဝူရှူး၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ ရေကူးနှင့် ဒိုင်ဗင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ သုံးမျိုးစုံအားကစားနည်း၊ စက်ဘီး နှင့် ခရစ်ကတ် ကစားနည်း တို့ ပါဝင်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသား အားကစား ပွဲတော်ကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့ သော်လည်း ယခု ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်ကို ၁၇ နှစ် ကျော်ကြာမှသာ ပြန်လည် ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇) 

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger