www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လက်မှုပညာ. Show all posts
Showing posts with label လက်မှုပညာ. Show all posts

Monday, October 1, 2018

အမျိုးသမီး လက်ကိုင်အိတ် ရက်လုပ်ခြင်း သင်တန်းဖွင့်


ချောက် စက်တင်ဘာ ၃ဝ
-
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၆)ရပ်ကွက် ရွှေသူဌေးရပ်ရှိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ တွင်   အမျိုးသမီးလက်ကိုင်အိတ် ရက်လုပ်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ သည်။
-
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်ချိုချိုမာက သင်တန်းဖွင့် လှစ်ရခြင်း၏ရည်ရွယ်ချက်ကို  ရှင်း လင်းပြောကြားသည်။
-
ဆက်လက်၍ သင်တန်း ဆရာမ ဒေါ်စန္ဒာလွင်က အမျိုးသမီးအတွက် အားလပ်သောအချိန်တွင် မိမိတတ် ထားသော ပညာဖြင့် အားလပ်သော အချိန်ကို   တန်ဖိုးရှိစွာကုန်လွန်ပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင် ကာ အပိုဝင်ငွေရရှိကြောင်း ပြောကြားသည်။
-
ထို့နောက်   သင်တန်းဆရာမ ဒေါ်စန္ဒာလွင်က အခြေခံ လက်ကိုင် အိတ်ရက် လုပ်နည်းများကို သင်တန်း သူ ၁၅ ဦးအား လက်တွေ့ သင်ကြား ပေးကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, August 20, 2018

မြသလွန်စေတီတော်မြတ်၏ မြောက်ဘက် မဟာအတုလရံသီ တန်ဆောင်းတော်ကို မြန်မာမှုဗိသုကာ လက်ရာများဖြင့် မွမ်းမံပြင်ဆင်



မကွေး ၂ဝ-၈-၂ဝ၁၈

မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်မြောက်ဘက်ရှိ မဟာအတုလရံသီ တန်ဆောင်းတော၏ မျက်နှာကြက်များ၊ နံရံများ၊ တိုင်လုံးများကို သြဝါဒ ဆရာတော်ကြီးများ၏ မြွက်ကြားချက်နှင့် အညီအမရပူရ ခေတ်လက်ရာ၊ တကောင်း ခေတ်လက်ရာတို့ဖြင့် မွမ်းမံခြယ်သ ပြင်ဆင်လျက်ရှိကြောင်း မြသလွန်စေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ဆရာတော်ကြီးများထံ တင်ပြလျှောက်ထားပြီး အတည်ပြုထားသည့် တိုင်ပုံစံ၊ ကနုတ်ပုံစံ၊ ပန်းပုံစံများကို မန္တလေးမြို့ တမ္ပဝတီ ဦးဝင်းမောင်နှင့်အဖွဲ့က မြန်မာ့ဗိသုကာ ပညာရပ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး နဝကမ္မငွေကျပ်သိန်း ၁၁ဝဝ ကျော် အသုံးပြုလုပ်ဆောင်သွားမည် ဖြစ်သည်။

"ဒီတန်ဆောင်းတော်ကြီးက အလျား ၁ဝ၈ပေ၊ အနံပေ ၃ဝရှိပါတယ်။ ဝါတွင်းဥပုသ်သည်တွေ တစ်နေကုန် နားနေဝတ်ပြုရာ တန်ဆောင်းတော်ဖြစ်ပါတယ်။ မူလအဆောက်အအုံက ခိုင်ခံ့မှုကို အသားပေးပြီး တည်ဆောက်ထားတာပါ။ ဆရာတော်ကြီးတွေက မြန်မာမှုလေးတွေနဲ့ ပိုပြီးတော့ သင့်တော်ပါတယ်ဆိုပြီးတော့ သြဝါဒပေးလို့ လုပ်ဆောင်ဖြစ်သွားတာပါ"ဟု မြသလွန်စေတီ ဘဏ္ဍာတော်ထိန်း ဂေါပကဒုတိယဥက္ကဋ္ဌ ဦးအေးကျော်က ပြောပြသည်။

တန်ဆောင်း၏အတွင်း၊ အပြင်နေရာများအားလုံးကို မြန်မာမှုများ ထည့်သွင်းပြီး ဘုရားဖူးလာပြည်သူ များအတွက် ဘာသာရေးနယ်မြေ နှင့်တူတန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂ဝ၁၈ခုနှစ် ဇူလိုင်လပထမပတ်ထဲတွင် စတင်ဆောင်ရွက်ခဲ့ပြီး သီတင်းကျွတ်ပွဲတော် မတိုင်မီ အောက်တိုဘာ ၁၅ရက်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

စေတီတော်မြတ်၏ ရင်ပြင်တော်တွင် မှန်တိုက်ဖြစ်သည့် မဟာဝိဇယတန်ဆောင်း၊ သဘာဝလေရှူရှိုက်နိုင်သော မဟာအတုလရံသီ တန်ဆောင်းတော်၊ ရွှေဘုံသာမုနိတန်ဆောင်း၊ လျောင်းတော်မူတန်ဆောင်း၊ ဓာတ်တော်တိုက်နှင့် ပဝါရဏာ အသင်းနေရာများမှာ ဘုရားဖူးများ အေးချမ်းစွာနား နေဝတ်ပြုနိုင်သော နေရာများဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

#Themyawadydaily

Thursday, August 16, 2018

လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို လုပ်ငန်းရှင်များ၏ အကြံပြုချက်နှင့်အတူ ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်



မန္တလေး ၁၆-၈-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပန်းဆယ်မျိုးအပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ (မူကြမ်း)ကို လုပ်ငန်းရှင်များ၏ အကြံပြုချက်များနှင့်အတူ ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ လက်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပန်းဆယ်မျိုး လုပ်ငန်းရှင်များ၏ အကြံပြုချက်များနှင့် အတူနေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသို့ တင်ပြထားပြီး ၎င်းမှတစ်ဆင့် ဥပဒေ (မူကြမ်း) အတည် ဖြစ်စေရန် ပြည်သူ့လွှတ်တော်သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ပန်းဆယ်မျိုးအပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်မှုပစ္စည်း ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ပြီး လက်မှုပညာများတိုးတက် ပြန့်ပွားလာစေရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

"အခုလိုဥပဒေမူကြမ်း ပြုလုပ်ရတာကလဲ လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ပဈေးကွက်ကို ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ အခုမူကြမ်းကလဲ မန္တလေးတိုင်း ဒေသကြီးအပါအဝင် တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေက လုပ်ငန်းရှင်တွေရဲ့ အကြံပြုတင်ပြချက်တွေကို နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို တင်ပြထားပါတယ်"ဟု ၎င်းကပြောပြသည်။

မြန်မာ့လက်မှု ထည်ပစ္စည်းများကို ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရေး အတွက် နည်းပညာအသစ်များ အသုံးပြု၍ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်းဖြင့် လက်မှုပညာရှင် အချင်းချင်းပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပချေးငွေများနှင့် ပံ့ပိုးမှုများရရှိရေးကို ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုအတူ အရည်အသွေးမပြည့်မီသော လက်မှုထည်များကို အရည်အသွေးပြည့်မီလာစေရန်၊ ခေတ်မမီသော လက်မှုထည်များကို ခေတ်မီဖွံ့ဖြိုးတိုး တက်စေရန်နှင့် လက်မှုထည်ဖွံ့ဖြိုး တိုးတက်ရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, October 11, 2017

မြန်မာ့လက်မှု အနုပညာပစ္စည်း ၁၁ မျိုးကိုပေါင်းစပ်၍ အမှတ်တရလက်ဆောင် ပစ္စည်းအုပ်စုအဖြစ် ဖွံ့ ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၁၁-၁၀-၂၀၁၇

မြန်မာ့လက်မှု အနုပညာပစ္စည်း ကဏ္ဍမှလက်မှု အနုပညာပစ္စည်း ၁၁ မျိုးကိုပေါင်းစပ်၍ အမှတ်တရ လက်ဆောင်ပစ္စည်း အုပ်စုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့က ကျင်းပသည့် မြန်မာ့လက်မှု အနုပညာပစ္စည်းကဏ္ဍ၊ ပို့ကုန်မဟာ ဗျူဟာရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသတင်းများအရ သိရသည်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy -NES) ကို ဦးစားပေးကဏ္ဍခုနစ်ခု နှင့်အထောက်အကူပြုကဏ္ဍ လေးခုအပါအဝင် စုစုပေါင်းကဏ္ဍ ၁၁ခုတို့ကို ၂ဝ၁၅ခုနှစ်မှ ၂ဝ၁၉ခုနှစ်ထိငါးနှစ် စီမံကိန်းသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ အလားအလာရှိသော ကဏ္ဍအသစ် ငါးခုအဖြစ် လယ်ယာထွက်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ လက်မှု အနုပညာပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းကဏ္ဍတို့ကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာ့လက်မှုအနုပညာ အသင်းကိုလည်းဖွဲ့စည်းထား ပြီးဖြစ်၍ သစ်လက်မှုအနုပညာ ပစ္စည်းနှင့်ပန်းပု၊ ဝါး၊ကြိမ်နှင့်ဗေဒါ၊ ငွေ၊ကြေး၊ ယွန်း၊ကနုကမာ၊ ကြွေ၊မြေ၊ ကျောက်စိမ်း၊ ရွှေချည်ထိုးရိုးရာထည်ဟူသော ၁၁မျိုးကို ပေါင်းစပ်ကာအမှတ်တရ လက်ဆောင်ပစ္စည်း အုပ်စုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Friday, June 23, 2017

မြန်မာ့ရိုးရာ မှန်ပန်းချီပညာရပ် တိမ်ကောပပျောက်မသွားစေရန် တက္ကသိုလ်များတွင် သင်ကြားသင့်ဟုဆို



မန္တလေး ၂၃-၆-၂၀၁၇

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ မှန်ပန်းချီပညာရပ် တိမ်ကောပပျောက် မသွားစေရန် တက္ကသိုလ်များတွင် ဒီပလိုမာတစ်ခု အနေဖြင့်ထည့်သွင်း သင်ကြားသင့်ကြောင်း မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာ တင်နိုင်ဝင်းက ပြောပြ၍ သိရသည်။

''မှန်ပန်းချီပညာကို ပြန်လည်ဖော်ထုတ်ချင်တယ်။ ပညာရပ်ကို ဖြန့်ဖြူးချင်တယ်။ နံပါတ်တစ်အနေနဲ့ ပြည်သူလူထုကို ပြန်သိသွားဖို့နဲ့ နောက်တစ်ခုက ရှာဖွေတွေ့ရှိထားတဲ့ မှန်ပန်းချီပညာကို လက်ကျန် ပညာရှင်ကြီးတွေက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ပန်းချီဌာနမှာ ပြန်ပြီးတော့ သင်ရိုးခွဲတစ်ခုအနေနဲ့ ပညာပေးဖို့ပါ။ လက်ရှိတွေ့တဲ့ မှန်ပန်းချီနဲ့ပတ်သက်တဲ့ အထောက်အထား တွေအရ ဒီပညာ ရပ်ဟာလွန်ခဲ့တဲ့ နှစ် ၂ဝဝ လောက်မှာ ရှိမယ်လို့ အနီးစပ်ဆုံးတွေ့ရတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါပညာရပ်ကို သင်ကြားရာတွင် ဒီပလိုမာတစ်ခုအနေဖြင့် အရည်အချင်း ကန့်သတ်ချက် ရှိရမည်ဖြစ်ပြီး တက်ရောက် လိုသူများသည် အခြေခံပန်းချီ ပညာတတ်ကျွမ်းရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိရေးဆွဲနေသော မှန်ပန်းချီပညာရှင်များ အနေဖြင့် အဖွဲ့တစ်ခုဖွဲ့စည်းကာ မှန်ပန်းချီပညာရပ် ထွန်းကားစေရန် ဆက်လက် လုပ်ဆောင်သင့်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များက နိုင်ငံတော် စီမံကိန်းများဖြစ်သည့် အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် မှန်ပန်းချီကို ထည့်သွင်းတည်ဆောက်ခြင်း၊ ပြတင်းပေါက် အကွက်များတွင် ထည့်သွင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ပါက အများပြည်သူပိုမိုသိရှိ လာမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, May 3, 2017

ပုသိမ်ထီးများ ပြည်ပဈေးကွက်သို့ ထိုးဖောက်



ပုသိမ် ၃-၅-၂၀၁၇

မြန်မာ့လက်မှု ထုတ်ကုန်ပစ္စည်း ဖြစ်သည့် ပုသိမ်ထီး လုပ်ငန်းသည် ယခုအခါ ပြည်တွင်း ဈေးကွက်၌သာမက ပြည်ပဈေးကွက် များ၌လည်း ကျယ်ပြန့်လာကြောင်း ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ပုသိမ်ထီးကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ဈေးကွက်မှ ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချ နေခြင်းဖြစ်သည်။ ပုသိမ်ထီးမှာ အလှအပကို ဦးစားပေး ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ လက်မှုထုတ်ကုန် ပစ္စည်းဖြစ်သည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာ ပြီဖြစ်သဖြင့် ပုသိမ်ထီးဈေးကွက်မှာ ပိုမိုအရောင်းအဝယ် သွက်လာကြောင်း သိရသည်။ ပုသိမ်ထီးကို အမျိုးသမီးအများစုက အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များ၌ ဖက်ရှင် တစ်ခုအနေဖြင့် ဆောင်းလေ့ရှိပြီး ဟိုတယ်များ၊ တည်းခိုခန်းများတွင် အလှဆင်ပစ္စည်းများ အဖြစ်ထားရှိကာ နိုင်ငံခြားခရီးသွားဧည့်သည်များက မြန်မာပြည်ပြန် လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြသည်။

လက်ရှိတွင် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလာရောက်လည် ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များက ပုသိမ်ထီးကို ဝယ်ယူလျက်ရှိသကဲ့သို့ ရှင်ပြုမင်္ဂလာပွဲများ၊ ဖျော်ဖြေရေးအခမ်းအနား
များတွင် လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ရန် မှာယူမှုများ လည်းရှိသည်။

ထို့ပြင် ခရီးသွားကုမ္ပဏီများ၏ ကုမ္ပဏီLogo တံဆိပ်များဖြင့် အော်ဒါမှာယူမှုများကို ပြုလုပ်ပေးနေရပြီး စားသောက်ဆိုင်များ နှင့် ဟိုတယ်များ၌ ပုသိမ်ထီးများနှင့် အလှဆင်ရန် မှာယူမှုများရှိနေသဖြင့် ပုသိမ်ထီး
လုပ်ငန်းမှာ ဈေးကွက်သွက်လက် လှုပ်ရှားနေကြောင်း သိရသည်။

#Themyawadydaily

Wednesday, March 15, 2017

ဝါးကို အနုပညာနှင့် ပေါင်းစပ်၍ နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဉ်နေ




မန္တလေး ၊ ၁၅-၃-၂၀၁၇

မြန်မာ့လက်မှုလုပ်ငန်းဖြင့် ပေါင်းဖက်၍ ဝါးပေါ်တွင် ဓာတ်ပုံ၊ ရုပ်ပြောင်ရေးဆွဲခြင်း၊ ပန်းချီပုံတင်ခြင်း၊ ဝါးဖြင့်လူသုံး ကုန်ပစ္စည်းများ စွန်ဦးတီထွင် ပုံဖော်ခြင်းကို နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဉ်နေကြောင်း ဘိုးသိကြားမင်း အနုပညာဖန်တီး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းမော်ငြိမ်း က ပြောဆိုလိုက်သည်။ 

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဝါးဖြင့်ပြုလုပ်သော မီးအိမ်များကို ဈေးကွက်သို့ စတင်ရောင်းချခဲ့ရာ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော် စသည်မြို့များမှ မှာယူခြင်းများ ရှိနေပြီှး ထိုင်း၊ တရုတ်နိုင်ငံ ကူမင်းမြို့ များမှလည်း လာရောက်ချိတ် ဆက်မှုများလည်း ရှိနေကြောင်း သိရသည်။

“အတွေ့အကြုံကတော့ အနှစ်(၂၀) ဓာတ်ပုံပညာ၊ ပန်းချီပညာ၊ ပုံနိုပ်ပညာ ဒါတွေနဲ့ရင်းလိုက် တာပါ။ အခုတော့ စွန့်ဦးတီထွင် အောင်မြင်သွားပြီ။ ဝါးပေါ်မှာ ဓာတ်ပုံတွေကိုတင်တာ။ တခြားပုံနိုပ်လုပ်ငန်း တွေနဲ့ မတူဘူး။ ဆေးအသစ် တွေနဲ့ အမျိုးမျိုး စမ်းသပ်ပြီးတော့ အဆင့်တွေ တော်တော်များများ လုပ်ရတယ်။ အောင်မြင်သွားတော့ ဝမ်းသာစရာ ကောင်းပါတယ်။ မအောင်မြင်ခင်တော့ စိတ်ညစ်ပြီး တော်တော်တောင် လက်လျှော့ချင် စိတ်ပေါက်တယ်။” ဟု ဘိုးသိကြားမင်း အနုပညာဖန်တီး ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းမော်ငြိမ်း က ပြောသည်။

မန္တလေးမြို့၊ အမရပူရမြို့နယ် ဘက်တွင် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး အရောင်းပြခန်း အဆောက်အဦးကို ဝါးဖြင့် မြန်မာ့ရိုးရာ ရှေးဟောင်းပညာများနှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်ကာ ၎င်း စွန်ဦးတီထွင် ထားသော ဝါးဖြင့်ပြုလုပ်သည့် ပစ္စည်းအမျိုးအစား (၁၅)မျိုးကို ပြသမည် ဖြစ်သည့်အပြင် နေ့စဉ်လူမှု အသုံးအဆောင် ဖြစ်သော အခန်းအတွင်း အလှဆင်ပစ္စည်းများ၊ ခုံ၊ ဆက်တီ၊ ဘီဒို၊ ကုတင်နှင့် အနုပညာပစ္စည်း များကို ခင်းကျင်း ရောင်းချပြသ သွားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

“ဝါးပေါ်မှာ ဓာတ်ပုံတစ်ပုံချင်းစီ တင်ရင် ကုန်ကျစရိတ်က များတယ်။  (၁၀)ခုနဲ့အထက် ဆိုရင်တော့ တစ်ခုကို ၃၅၀၀ ကျပ်လောက်နဲ့ သင့်လျော်အောင် လုပ်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ကုန်ကျစရိတ် များသွားရင် လည်း လူတွေ အဆင်မပြေမှာ စိုးလို့ တစ်ပုံတည်း ဝါးပေါ်မှာတင်ရင် ကုန်ကျစရိတ် တစ်သောင်းနီးနီး ကပ်သွားမှာ။ ဒါကြောင့် စဉ်းစားဦးမှာပါ။” ဟု ဦးဝင်းမော်ငြိမ်း က ပြောသည်။

ဝါးမီးအိမ်များသည် အမြင်တွင် ရိုးရိုးရှင်းရှင်းဖြစ်ပြီး မီးအိမ်ရရှိလာရန် အတွက် ဝါးများကို ပထမဦးဆုံး ပိုးမစား၊ ခြမစားနိုင်စေရန် ၇ ရက်အကြာ ဆေးရေစိမ်ရခြင်း၊ နေလှန်းကာ အသားသေအောင် ပြုလုပ်ရခြင်း စသည်ဖြင့် လုပ်နည်းအဆင့်ဆင့် ပြုလုပ်ရပြီး အသုံးပြုနိုင်သည့် မီးအိမ်အဆင့်သို့ ရောက်ရှိသည့်အခါ အနည်းဆုံး(၃)နှစ် အာမခံပေးပြီး ယင်းမီးအိမ်များသည် အနည်းဆုံး ၅ နှစ်ကျော် အသုံးပြုနိုင်ကြောင်း သိရသည်။ မီးအိမ်ပြုလုပ်သည့် ဝါးအမျိုးအစားမှာ ဝါးပိုးသက်ရင့်ဝါး ဖြစ်ပြီး ကျသောင်းဝါးကို ကြားညှပ်အသုံးပြုကာ မီးအိမ် တစ်ခုဖြစ်ရန် အဆင့် ၇ ဆင့်၊ ဝါးပေါ်တွင် အရုပ်တင်ခြင်းမှာ ၁၂ ဆင့်ရှိ၍ ယင်းပစ္စည်းများသည် အတော်အသင့် ရေဒဏ်၊ မိုးဒဏ်၊ အပူ၊ အအေးကို ခံနိုင်ရည်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဝါးကုန်ကြမ်းများကို သပိတ်ကျင်းမြို့၊ မေမြို့၊ တပ်ကုန်း၊ ပင်လောင်း စသည့်ဘက်မှရရှိပြီး မြန်မာနိုင်ငံတွင် ဝါးအမျိုးအစားမှာ မျိုးစိတ်အားဖြင့် ၁၅၀၀ ကျော်ရှိကာ လက်ရှိတွင် အသုံးတည့်သည့် ဝါးအမျိုးအစားမှာ ၁၅ မျိုးရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 8, 2017

မန္တလေးမြို့ ကျောက်ဆစ်တန်းမှ စကျင်ကျောက်ဖြင့် ထုလုပ်သည့် ဆင်းတုတော်များကို ထိုင်းနိုင်ငံ ဈေးကွက်သို့ ထိုးဖောက်တင်ပို့ရန်စီစဉ်နေ



မန္တလေး ၊ ၈-၃-၂၀၁၇

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင် တော်မြတ် ကြီး၏ အနောက်ဘက် ခြမ်းတွင် တည်ရှိသည့် ကျောက်ဆစ် တန်းများမှ ထုလုပ်သည့် ဆင်းတုတော် များကို ယခု အခါ ထိုင်းနိုင်ငံ ဈေးကွက် သို့ ထိုးဖောက် တင်ပို့ရန် စီစဉ် လျက်ရှိကြောင်း ကျောက်ဆစ် လုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့မှ ထွက်ရှိသည့် ဘုရားဆင်း တုတော် များကို မြန်မာ နိုင်ငံ အနှံ့အပြား မှ မှာယူ လျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် မြစ်ကြီးနား မြို့မှ အများဆုံး မှာယူ လျက်ရှိ ကြောင်း ၊ မြန်မာ နိုင်ငံတွင် စကျင်ကျောက် ထုဆစ်သည့် လုပ်ငန်းသည် မန္တလေးမြို့ ၌သာ အထင်ရှား ဆုံးဖြစ်ပြီး လက်ရှိ အချိန်တွင် မြန်မာ့ လက်မှု ပညာများ ဖြင့်ထုဆစ် ထားသည့် ဘုရား ရုပ်ပွားတော် များကို ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချ ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

"ရောင်းအား အနေအထား ကတော့ လက်ရှိ အချိန်မှာ ရောင်းအား ကောင်းနေ ပါတယ်။ မနှစ်ကနဲ့ စာရင်တော့ ရောင်းအား အနည်းငယ် ကျဆင်း နေပါတယ်။ ဒီဆင်း  တုတော် တွေကို နယ်က အများဆုံး မှာပြီး ပူဇော် ကြပါတယ်။ မနှစ်က ရေကြီးခဲ့တဲ့ အတွက်ကြောင့် တောင်သူ တွေရဲ့ စီးပွားရေး ကျဆင်း လာတော့ အရောင်း အဝယ်က မနှစ်ကနဲ့ စာရင် အနည်းငယ် ကျဆင်း  နေပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။ 

ယခု အခါ စကျင်ကျောက် များဖြင့် ထုဆစ် ထားသည့် ဆင်းတုတော် များကို အော်ဒါ အနေဖြင့် ထိုင်းနိုင်ငံမှ အများဆုံး မှာယူလျက် ရှိပြီး မလေးရှား နိုင်ငံနှင့် အခြား နိုင်ငံများ ကလည်း အော်ဒါ မှာယူ လျက်ရှိ ကြောင်း၊ လက်ရှိ အချိန်တွင် ဈေးကွက် အနေဖြင့် ထိုင်းနိုင်ငံ သို့အများဆုံး တင်ပို့ နိုင်ရန် အတွက် ကုမ္ပဏီများ နှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိ  ကြောင်းသိ ရသည်။

မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေ အနှစ် တစ်ခု ဖြစ်သည့် ကျောက်ဆစ် တန်းမှ ထုဆစ် သည့် ဆင်းတုတော် များကို ကမ္ဘာလှည့် ခရီး သွားများ စိတ်ဝင် တစား လာရောက် လေ့လာ လျက်ရှိကြောင်း သိရသည်။ 

ဆင်းတု တော်များကို ကျောက်၏ အရည်အသွေး နှင့်လက်ရာ များ အပေါ် မူတည်၍ ဈေးနှုန်းများ သတ်မှတ်ပြီး ရောင်းချ လျက်ရှိ ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Wednesday, March 1, 2017

ဝါးဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှုပစ္စည်း အသုံးအဆောင်များ နွေဥတုရောက်ရှိလာသဖြင့် ရောင်းအားကောင်းလာ



မန္တလေး ၊ ၁-၃-၂၀၁၇

မန္တလေး ပုသိမ်ကြီး မြို့နယ်ကျောက် တံတား ကျေးရွာနှင့် ထုံးဘို ကျေးရွာအနီး တွင် ဝါးဖြင့် ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှု ပစ္စည်းအသုံး အဆောင်များ ကို ပြုလုပ်၍ ရောင်းချ လျက်ရှိရာ နွေဥတု ရောက်ရှိလာ သဖြင့် ရောင်းအား ကောင်းလာပြီး အဆိုပါ လုပ်ငန်း လုပ်ကိုင် သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။ 

ဝါးဖြင့် ပြုလုပ်သော အိပ်စင်၊ စားပွဲ၊ ကုလားထိုင်၊ ဆက်တီနှင့် ကပ်ကြမ်း စသည့် လက်မှု ပစ္စည်းများ ကို ထုတ်လုပ် ရောင်းချ ရာတွင် မြင်ဝါးနှင့် သနပ်ဝါး များကို အသုံးပြုရ ကြောင်း သိရသည်။ 

''ဒီဝါး နဲ့ပြုလုပ် တဲ့ပစ္စည်းတွေ က နွေ ဥတုရောက်လာ တော့ ရောင်းအား ကောင်းလာတယ်။ အဓိကကတော့ ဝါး ကုလားထိုင် တွေ အများဆုံး ရောင်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝါးကုလား ထိုင်တွေက အေးတယ်။ ကျန်းမာရေး နဲ့လဲ ညီညွတ်တယ်။ ဈေးနှုန်းက သက်သာ တော့ အဆင်ပြေတယ်''ဟု ပုသိမ်ကြီး  မြို့နယ် ထုံးဘ ကျေးရွာ အနီးတွင် ဝါးဖြင့် ပြုလုပ်သော မြန်မာ့ လက်မှု ပစ္စည်းများ ကိုယ်တိုင် ပြုလုပ်ရောင်း ချ နေသူ တစ်ဦးက ပြောပြသည်။ 

အဆိုပါ ဝါးဖြင့် ပြုလုပ်သော မြန်မာ့ လက်မှု ပညာ ပစ္စည်းများကို မန္တလေးမြို့သို့ အဓိက ပို့ဆောင်ပြီး ပြင်ဦးလွင်၊ မူဆယ် စသည့်မြို့များသို့လည်း ပို့ဆောင်ရောင်းချ လျက်ရှိကြောင်း၊ ကုလားထိုင် တစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ ဖြင့် ဒေသတွင်း  သာမက အနယ်နယ် အရပ်ရပ်သို့ တင်ပို့ ရောင်းချနေ ရကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, January 17, 2017

မြန်မာ့ရိုးရာ လက်မှုပစ္စည်းသုံးမျိုးကို ပို့ကုန်အမယ်သစ်များ အဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၇-၁-၂၀၁၇

ထန်းလက်၊ ဝါးဖတ် တို့ဖြင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်း သုံးမျိုးကို ပို့ကုန်အမယ်သစ် များအဖြစ် အမေရိကန်နိုင်ငံ သို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ထန်းလက်ဖြင့် ပြုလုပ်ထားသည့် ကုလားထိုင် သုံးမျိုး အလုံး ၁ဝဝ နီးပါး၊ ထန်းလက်ဖြင့် ပြုလုပ်ထားသည့် စားပွဲနှစ်မျိုး အလုံး ၆ဝ နှင့် ဝါးဖတ်ဖြင့် ပြုလုပ်ထားသည့် ဦးထုပ်သုံးမျိုး အလုံး ၃၅ဝ ဖြစ်ပြီး
တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၇၇ဝ ခန့် တန်ဖိုးရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ လက်မှုပစ္စည်းများ တင်ပို့ရောင်းချ ရာတွင် စာရင်း တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ နိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၁၂ သန်းခန့် တန်ဖိုးရှိ မြန်မာ့လက်မှု ပစ္စည်းများကို တင်ပို့ရောင်းချ ပြီးဖြစ်သည်။ အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဥရောပသမဂ္ဂ နိုင်ငံများသို့ လက်မှုပစ္စည်း တင်ပို့မှုမှာ ဗီယက်နမ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၄၂ သန်း၊ ကမ္ဘောဒီးယား နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၅ သန်းအထိ တင်ပို့ ရောင်းချမှုများ ရှိသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာ့လက်မှု ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး အတွက် နိုင်ငံတကာ ဈေးကွက်ဆိုင်ရာ အချက်အလက် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒီဇိုင်နာများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ဒီဇိုင်နာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ လက်မှုပစ္စည်း များနှင့် ပတ်သက်သည့် ကုန်စည်ပြပွဲများ ကျင်းပပေးခြင်း၊ ပြည်ပဝယ်လက် များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းရပ်များ လုပ်ကိုင် ဆောင်ရွက် ပေးလျက်ရှိသည်။ 

ထို့ပြင် ပြည်တွင်းရှိ မြန်မာ့လက်မှု ပစ္စည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှု လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အမျိုးသား ပို့ကုန် မဟာဗျူဟာ အဖြစ် ရော်ဘာ၊ ခရီးသွားလုပ်ငန်း၊ သစ်တောထွက် ပစ္စည်းများ နှင့်ဆက်စပ်၍ မြန်မာ့လက်မှု ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, December 7, 2016

အစားထိုးပစ္စည်းများ ၀င်ရောက်လာမှုကြောင့် ကျောက္ကာယွန်းထည် လုပ်ငန်းများ လုပ်ကိုင်သူနည်းလာ



မုံရွာ ၊ ၇-၁၂-၂၀၁၆

မုံရွာမြို့၏ အထင်ကရ မိရိုးဖလာ ထုတ်ကုန်တစ်မျိုး ဖြစ်သောကျောက္ကာ ယွန်းထည် လုပ်ငန်းသည် ယခုအခါတွင် နိုင်ငံခြားမှ ပလတ်စတစ်၊ ဖိုက်ဘာ အစားထိုး ပစ္စည်းများ ဝင်ရောက်လာခြင်း၊ ကုန်ကြမ်း ပစ္စည်းများ ဈေးမြင့်မား လာခြင်း နှင့် လုပ်သားရှားပါး မှုကြောင့် လုပ်ကိုင်သူများ နည်းပါး လာကြောင်း ကျောက္ကာ မြောက်ရွာရှိ ယွန်းထည်အချော လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ကျောက္ကာ ယွန်းထည်လုပ်ငန်း ကို မုံရွာမြို့နှင့် ၁ဝ မိုင်ခန့် အကွာရှိ ကျောက္ကာတောင် ကျေးရွာမှ ယွန်းထည် အကြမ်းများကို လုပ်ကိုင်ကြပြီး ကျောက္ကာ မြောက်ရွာတွင် အချောထည် လုပ်ငန်းများကို လုပ်ကိုင်ကြကာ မြန်မာနိုင်ငံ အရပ်ရပ်သို့ တင်ပို့ရောင်းချသည့် အပြင် နိုင်ငံတကာမှ ယွန်းထည်ကို စိတ်ဝင်စားသည့် ခရီးသွားဧည့်သည် များပင် လာရောက်လေ့လာ ကြသည်ထိ အောင်မြင်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

''အရင်က ယွန်းထည်ဆွမ်းအုပ် ၁၂ လက်မတစ်ခုကို ငွေကျပ် ၃ဝဝဝ ရှိပြီး အခုအချိန်မှာ ငွေကျပ် ၁၅ဝဝဝ ဈေးရှိပါတယ်။ ဆွမ်းကပ်တဲ့ ကလပ် ၁၂ လက်မတစ်ခုကို အရင်က ငွေကျပ် ၃ဝဝ ရှိပြီး အခု ၂၅ဝဝ ရှိပါတယ်''ဟု ကျောက္ကာ မြောက်ရွာမှ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ယခင်က ယွန်းထည် အချောထည် လုပ်ငန်းကို အိမ်ခြေ ၇ဝဝ ကျော်ရှိကျောက္ကာ မြောက်ရွာတွင် အိမ်ခြေ ၂ဝဝ ကျော် လုပ်ကိုင်ခဲ့ သော်လည်း ယခုအခါတွင် ယွန်းအချောထည် လုပ်ကိုင်သူ ၁ဝ ဦးခန့်သာရှိ တော့ကြောင်း၊ ထွက်ရှိသော ကျောက္ကာ ယွန်းထည်များကို ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့ တို့သို့ အများဆုံးတင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, November 9, 2016

အင်းဝဒေသ၌ မြန်မာ့အနုပညာပန်းချီကားများကို နိုင်ငံခြားသားခရီးသွားများ လေ့လာဝယ်ယူ



တံတားဦး ၊ ၉-၁၁-၂၀၁၆

မြန်မာမှု အတတ်ပညာ ပန်း ၁ဝ မျိုးဖြစ်သည့် ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းထိမ်၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့ တို့တွင် တစ်ခု အပါအဝင် ဖြစ်သော မြန်မာ့အနုပညာ ပန်းချီကားများကို အင်းဝဒေသ၌ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား လေ့လာ ဝယ်ယူလျက် ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် အင်းဝဒေသသို့ ယခုရာသီတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိရာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ပန်းချီကားများကို မြတ်ြမတ်နိုးနိုး ဝယ်ယူကြပြီး မြန်မာ့သဘာဝ အလှရှုခင်းပုံ များနှင့် ရှေးဟောင်း အဆောက်အအုံ လက်ရာများကို ဝယ်ယူမှု များပြားကြောင်း သိရသည်။

''ကျွန်တော်က ဒီမှာကိုယ်တိုင် ရေးဆွဲပြီး ရောင်းချနေတာပါ။ အခုရက်ပိုင်း ပြည်ပခရီးသွား ဝင်ရောက်မှု များလာတော့ ရောင်းရပါတယ်။ ခက်တာက ကျွန်တော်တို့က ရတနာဆီမီး ဘုရားစုမှာပဲ နေရာရတော့ အင်းဝကို လာတဲ့ ခရီးသွားတိုင်း ဒီကို အကုန်မရောက် ပါဘူး။ သုံးပုံတစ်ပုံ လောက်ပဲ လာရောက် လေ့လာကြပါတယ်။ နာမည်ကြီး နေရာတွေဖြစ်တဲ့ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း စတဲ့နေရာ တွေမှာဆို ခရီးသွား ဧည့်သည်တွေ လာရောက်ကြ ပါတယ်။ အဲဒီလိုနေရာ တွေမှာ ပန်းချီဆွဲပြီး ရောင်းရရင် အခုထက်ပိုပြီး အဆင်ပြေမယ်။ ကိုယ်တိုင် ရေးဆွဲပြီး ရောင်းတာဆိုတော့ အဆင်ပြေ ပါတယ်''ဟု အင်းဝဒေသရှိ ရတနာ ဆီမီး ဘုရားစုတွင် ကိုယ်တိုင် ရေးဆွဲ၍ ရောင်းချနေသော ပန်းချီဆရာ တစ်ဦးက ပြောပြသည်။

'' ရေဆေးပန်းချီနဲ့ ဆီဆေးပန်းချီ ဆွဲပြီး ရောင်းချပါတယ်။ ကားသေးတွေပါ။ ရေဆေးပန်းချီ တစ်ကားကို ငွေကျပ် ၂ဝဝဝ နဲ့ရောင်းချပြီး ဆီဆေးပန်းချီကား တွေကို ပုံပေါ်မူတည်ပြီး ပန်းချီကား တစ်ကားကို ငွေကျပ် ၈ဝဝဝကနေ ၂ဝဝဝဝ ထိ ရောင်းပါတယ်။ ပုံတွေကတော့ မြန်မာ့လူနေမှု ဘဝပုံစံတွေ၊ မြန်မာ့သဘာဝ ရှုခင်းတွေ၊ ရှေးဟောင်းစေတီ ၊ပုထိုးနဲ့ ရှေးဟောင်း အဆောက်အအုံ ပုံတွေဆွဲပြီး ရောင်းပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ ကလဲ စိတ်ဝင်စားကြ ပါတယ်''ဟု ၄င်းက ပြောပြ၍ သိရသည်။

သန်းဇော်မင်း

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, May 9, 2016

မောင်းမကန်ကမ်းခြေ ဈေးဆိုင်များ၌ အုန်းသီးခြောက်ခွံဖြင့် ပြုလုပ်သော အရုပ်မျိုးစုံ ရောင်းအားကောင်းလျက်ရှိ



ထားဝယ် ၊ ၉-၅-၂၀၁၆

မောင်းမကန် ကမ်းခြေ ဈေးဆိုင်များ၌ အုန်းသီးခြောက် ခွံဖြင့် ပြုလုပ်သော အရုပ်မျိုးစုံ ထုတ်လုပ်မှု လုပ်ငန်းမှာ ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိတ်ကို ဖမ်းစားနိုင်သည့် လက်ရာတစ်ခု အဖြစ် ရောင်းအား ကောင်းလျက် ရှိကာ ဈေးကွက်၌ လက်လီလက်ကား ဝယ်လိုအား များပြား လာကြောင်းနှင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်သူ များပြား လာကြောင်း ထုတ်လုပ်ရောင်းချ သူများထံမှ သိရသည်။

''အရင်က ဒီလုပ်ငန်းကို လုပ်တတ်တဲ့သူ သိပ်မရှိဘူး။ သုံးဦးလောက်ပဲ ရှိတယ်။ အခုတော့ ကမ်းခြေကို အလည်အပတ် လာတဲ့သူတွေ ဝယ်လိုအား များလာကြတယ်။ ဒီလုပ်ငန်းက အရောင်းသွက် လာတော့ တွက်ခြေကိုက်လို့ လုပ်ကိုင်သူ ၂ဝ ကျော်အထိ တိုးချဲ့ လုပ်ကိုင်လာကြ တာကို တွေ့ရပါတယ်'' ဟု အရုပ် ဖန်တီးပြုလုပ်သူ မောင်းမကန် ရပ်ကွက်နေ ဦးစိုးရွှေ က ပြောသည်။

ထားဝယ်မြို့နယ် အတွင်းရှိ မောင်းမကန် ကမ်းခြေ၌ အုန်းသီးခြောက် ခွံဖြင့် မျောက်ရုပ်၊ ကျားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ဘိုးတော်ရုပ် နှင့် ဇီးကွက်ရုပ် အစရှိသည့် ရုပ်တုပေါင်း မျိုးစုံကို လူအများ စိတ်ဝင်စားဖွယ် ဖန်တီး ထုတ်လုပ်ပြီး ပြည်ပ ခရီးသွား ဧည့်သည်များ နှင့် ပြည်တွင်း ဈေးကွက် ဝယ်လက်များ၏ လက်လီလက်ကား ဝယ်ယူမှု များပြားလာ မှုကြောင့် လုပ်ကိုင်သူ များပြားလာခြင်း ဖြစ်ကြောင်း ရောင်းချသူ များက ပြောသည်။

အုန်းသီးခြောက် ခွံဖြင့် ဖန်တီး ပြုလုပ်သည့် ရုပ်တုများကို လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်၊ နေအိမ်များနှင့် ဘုရားစေတီများ ၌ အမှတ်တရ ချိတ်ဆွဲထားရန် ဝယ်ယူမှုများ ကြောင်းနှင့် အရုပ်တစ်ခု၏ တန်ဖိုးမှာ အမျိုးအစားကို လိုက်၍ ငွေကျပ် ၁၅ဝဝ မှ ၄ဝဝဝ အထိရှိတတ်ပြီး အရုပ် ပြုလုပ်သူ တစ်ဦးမှာ တစ်နေ့လျှင် အရုပ်သုံးခုမှ ငါးခုအထိ ပြုလုပ် ပြီးစီးကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းမှာ ကုန်ကြမ်း အရင်းအနှီး ကုန်ကျမှု မရှိသောကြောင့် ဖန်တီးပြုလုပ် နိုင်မှုအင်အား ပေါ်မူတည်ပြီး တစ်ဦးလျှင် တစ်နေ့ ငွေကျပ် ၈ဝဝဝ မှ ၁ဝဝဝဝ ကျော်အထိ ရရှိတတ်ပြီး ခရီးသွားရာသီ ကာလ များတွင် ပြည်တွင်းပြည်ပ ဧည့်သည် တချို့က အိမ်ပြန်လက်ဆောင် အဖြစ် အမှတ်တရ ဝယ်ယူမှု များကြောင်း၊ ကျောင်းပိတ်ရက်၊ သင်္ကြန်ရက်နှင့် နှစ်သစ်ကူး ရက်များတွင် တစ်နေ့လျှင် ဝင်ငွေ ငွေကျပ် ၂ဝဝဝဝ ကျော်အထိ ရရှိတတ်ကြောင်း သိရသည်။

ထို့ပြင် မောင်းမကန် ကမ်းခြေ၌ ရေကူး၊ ရေကစားရာတွင် ရေပေါ် မျှောစီးသည့် ဗောကွင်း ငှားရမ်းသည့် လုပ်ငန်းမှာလည်း တစ်နေ့လျှင် ပုံမှန်ငွေကျပ် ၁ဝဝဝဝ နှင့် အထက် ရရှိကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, February 26, 2016

မြန်မာ့လက်မှုပညာ စက္ကူအရုပ်များကို ဗြိတိန်နိုင်ငံသို့ တင်ပို့



ရန်ကုန် ၊ ၂၆-၂-၂၀၁၆

မြန်မာ့လက်မှုပညာ စက္ကူအရုပ် များကို ဗြိတိန်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန်ဌာနစုမှ သိရသည်။

အဆိုပါ မြန်မာ့လက်မှု ပညာ စက္ကူအရုပ် များကို ဗြိတိန်နိုင်ငံသို့ E Sourcing Ltd  မှ တင်ပို့လျက်ရှိရာ အရုပ် အမျိုးအစားပေါင်း ၁၈ မျိုးရှိပြီး စုစုပေါင်း ၅၁၈ ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းစက္ကူအရုပ် များသည် စက္ကူနှင့် ခေါက်ချိုးထားကာ ဆေးရောင်စုံများ ခြယ်သထားခြင်း ဖြစ်ပြီး ငှက်၊ ခွေး၊ မြင်းကျား၊ ဆင်၊ ကျား၊ သစ်ကုလားအုတ် နှင့် ဖိုးဝရုပ်လေးများ ဖြစ်သည်။

ဥရောပနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံ များမှ မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းများ ကို စိတ်ဝင်စားကာ ဝယ်ယူမှုများ တစ်နေ့တခြား များပြားလာပြီး ပြည်ပနိုင်ငံ များသို့ပါ တင်ပို့လာနိုင် ခြင်းဖြစ်သည်။

မြန်မာ့လက်မှု ပညာလက်ရာ များကို ပြည်ပနိုင်ငံများမှ စိတ်ဝင်စားလျက် ရှိရာ အများဆုံး ဝယ်ယူမှုမှာ ယွန်းထည်ပစ္စည်း၊ ယွန်းပန်းချီ၊ ရိုးရာ ရက်ကန်းထည်များ၊ ကြိမ်ထည်များ၊ ကြေးဖောင်းကြွ ပန်းချီကားချပ် များ၊ ဗေဒါကို အသုံးပြု၍ ထုတ်လုပ်ထားသည့် အသုံးအဆောင် ပစ္စည်းများ၊ သစ်လုံးထွင်း ပန်းပုရုပ်များနှင့် ပုသိမ်ထီးများ ဖြစ်ကြကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

Wednesday, February 17, 2016

လက်မှုမှသည် အနုပညာဆီသို့ မြန်မာ့လက်မှု အနုပညာပြပွဲနှင့် လက်မှုပစ္စည်း အရောင်းပွဲတော် ကျင်းပမည်



ရန်ကုန် ၊ ၁၇-၂-၂၀၁၆

လက်မှုအနုပညာ ဖန်တီးမှုလက်ရာ အသစ်များကို ခင်းကျင်းပြသမည့် လက်မှုမှသည် အနုပညာဆီသို့ မြန်မာ့လက်မှု အနုပညာ အရောင်းပွဲတော်ကို ဗြိတိသျှ ကောင်စီ၊ SDC (Swiss Agency for Development and Cooperation) နှင့် New Zero Art Space တို့ ပူးပေါင်းကျင်းပမည် ဖြစ်သည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်းရှိ ကရဝိက် ဥယျာဉ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်အထိ နေ့စဉ်နံနက် ၁ဝ နာရီမှ ည ၉ နာရီအထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း New Zero Art Space မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယင်းပြပွဲတွင် ပင်မပြခန်း တစ်ခုနှင့် လက်မှုမှသည် အနုပညာဆီသို့ စီမံကိန်းတွင် ပါဝင်ခဲ့ကြသည့် နယ်ပယ်ဒေသ အသီးသီးမှ လက်မှုပညာရှင် များ၏ ဆိုင်ခန်းများ၊ ရန်ကုန်မြို့ရှိ တခြားလက်မှု ဆိုင်ရာ အဖွဲ့အစည်းများ အရောင်းဆိုင်များ၊ ပညာရှင်များ လာရောက်ဖွင့်လှစ် ရောင်းချမည့် ဆိုင်ခန်းများ စုစုပေါင်း ဆိုင်ခန်း ၅ဝ ကျော် ပါဝင်ပြသ ရောင်းချသွားမည် ဖြစ်သည်။

ထို့ပြင် ပြပွဲတွင် လက်မှု ပညာရပ်များ အနေဖြင့် မြေထည်နှင့် စဥ့်ထည်လုပ်ငန်း၊ ရှမ်းရိုးရာ ယွန်းထည်၊ ငွေထည်၊ ဝါးလက်မှု ပညာရပ်များ၊ ကျောက်သင်ပုန်းနှင့် ကျောက်ဆစ်လက်မှု ပညာရပ်များ၊ သစ်သားပန်းပုနှင့် သစ်သားလက်မှု ပညာရပ်၊ ကချင်ရိုးရာ ချည်ထည်များ၊ ချင်းရိုးရာ ချည်ထည်များ၊ နာဂရိုးရာ ချည်ထည်များ၊ ကနုကမာ ဖန်တီးမှု လက်ရာများ၊ ရွှေချည်ထိုး ရုပ်သေး နှင့် ဆေးတံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ ချင်းပြည်နယ် မတူပီမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နှင့် မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် စသည့်ဒေသ အသီးသီးမှ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ လက်မှုပညာရှင် တချို့ နှင့်ဒေသဆိုင်ရာ လက်မှုပညာရှင် ကိုယ်စားလှယ် များလည်း လာရောက် ကြမည်ဖြစ်ပြီး လက်မှုပညာကို ချစ်မြတ်နိုးသူ မည်သူမဆို လာရောက် ကြည့်ရှု၍ မေးမြန်း ဆွေးနွေးမှုများ လုပ်ဆောင် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

Tuesday, February 9, 2016

မန္တလေးမြို့မှ ဂုဏ်ယူဖွယ်ရာ မြန်မာ့ရုပ်သေးရုပ် ပြုလုပ်ခြင်းအနုပညာ




မန္တလေးမြို့မှ ဂုဏ်ယူဖွယ်ရာ မြန်မာ့ရုပ်သေးရုပ် ပြုလုပ်ခြင်းအနုပညာ

တိုးတက်လာသော ခေတ်ကာလတွင် မြန်မာနိုင်ငံသို့ အနောက်တိုင်း ဆန်သည့် အနုပညာများ ထိုးဖောက်ဝင်ရောက် လာခဲ့သော်လည်း ယခုအချိန်ထိ မန္တလေးမြို့၌ မြန်မာ့ အနုပညာ စစ်စစ်ဖြစ်သော အမြင့်သဘင် ဟု ခေါ်တွင်ခဲ့သည့် ရုပ်သေးကို ထိန်းသိမ်းကာ ပြုလုပ် ဖန်တီးခြင်းမှာ ဂုဏ်ယူဖွယ်ရာ ပင် ဖြစ်သည်။

ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေး ပညာကို မြန်မာ့ အနုပညာတို့ ပေါင်း ဆုံရာ အဖိုးတန် အနုပညာအဖြစ် တင်စားကြသည်။ ဆက်ထုံး၊ ဆုံချက်၊ အနုပညာတို့၏ ဘုံအဖြစ် ရပ်တည် လာခဲ့သော ပညာပင် ဖြစ်သည်။ ရသမျိုးစုံ ပေးစွမ်းနိုင်ကာ လူတစ်ဦးကို ငိုအောင်၊ ရယ်အောင်၊ တက်ကြွအောင်၊ လွမ်းအောင် ဖန်တီးပေးနိုင်သည် အထိ စွမ်းအားကြီးမား လှသည်။ မြန်မာ့ အနုပညာ စစ်စစ်ဖြစ်သော ရုပ်သေးပညာမှာ ခံစားမှု အနုပညာနှင့် အတူ အသုံးချ အနုပညာ အပါအဝင် အားလုံးစုံလင် မှသာ ရသမြောက်သော ရုပ်သေး ဖြစ်လာသည်။

ရုပ်သေးစင် တစ်ခု၌ အဆို၊ အက၊ အရေး၊ အတီး အားလုံးပါဝင်ကာ လူ့စိတ်နှလုံးကို ဖမ်းယူနိုင်သည် အထိ စွမ်းဆောင်နိုင်သည်။

လက်ရှိကာလတွင် နိုင်ငံတကာ ခရီးသွားများက မြန်မာ့ရုပ်သေးကို အလေးထား ကြည့်ရှုကြ သကဲ့သို့ ရုပ်သေးရုပ်များ ဖန်တီးမှုကိုလည်း စိတ်ဝင်တစား လေ့လာလေ့ ရှိသည်။ မြန်မာ့ ရုပ်သေးရုပ် တစ်ခုဖြစ်ရေး ပညာရှင်များစွာ ပူးပေါင်းပေး ကြရသည်။ ရုပ်သေးရုပ်တစ်ခု ဖြစ်ရန်အတွက် ပန်းပုဆရာက ထုဆစ် အသက်သွင်း ပေးလိုက်သည်။ ထို အသက်သွင်း ထားသော ပန်းပုရုပ်တု ကလေးကို လှပရှုချင်စဖွယ် ဖြစ်ရေးအတွက် ပန်းချီပညာဖြင့် ခြယ်သ ပေးကြရသည်။ လည်ဆွဲ၊ လက်ကောက် စုံအောင်ဆင်မြန်း နိုင်ရေးအတွက် ပန်းတမော့၊ ပန်းထိမ်ပညာ တို့ဖြင့် ပြုလုပ်ကြ ရသည်။

လှပသော ရုပ်သေးရုပ် ကလေးများ အတွက် အဝတ်အစားမှ အစ လှလှပပ ဖြစ်ရေးအတွက် အဝတ်အစား အချုပ်အလုပ်၊ မှန်စီရွှေချ၊ ရွှေချည်ထိုး၊ ရွှေဆိုင်းချ၊ ဖန်ချက် လုပ်ငန်းတို့ဖြင့် အလှဆင် ကြရပေသည်။ ပူးပေါင်းသော အနုပညာရပ်များ အကြား အရုပ်ကလေး များကို ကကြိုးများ တပ်ဆင်ပြီး လူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်အောင် စွမ်းဆောင်ကြသည့် အဆင့်မြင့် အနုပညာ တစ်ခု ဖြစ်ပေသည်။

မြန်မာ့ အမြင့်သဘင် ရုပ်သေးကို ထိန်းသိမ်းထားသည့် ပညာရှင်များ မန္တလေးမြို့၌ ရှိနေခြင်းသည် မန္တလေးမြို့ အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်နေပြီး မြန်မာ့ရုပ်သေး ရုပ်ကလေးများ ဖန်တီးခြင်းကို ဒေါ်မမနိုင် ရုပ်သေးရုံ အနီး၌ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ နေ့စဉ် လေ့လာလျက် ရှိသည်။

တိမ်တမန်

မြ၀တီနေ့စဉ် ၊ စာ(၇)

Friday, January 29, 2016

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်ကြာ ပြသမည့် အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ (Ambiente 2016) ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီက ပထမဆုံးအကြိမ် အဖြစ် ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပ နေကျဖြစ်သော အဆိုပါကုန်စည် ပြပွဲ၌ စက်မှု၊ လက်မှု ကုန်ထုတ်လုပ်သော နိုင်ငံတစ်ဝန်းမှ ကုမ္ပဏီများ ဝင်ရောက် ပြသခွင့်ရှိပြီး လူသုံးကုန်နှင့် အိမ်သုံး ပစ္စည်းများ၊ ကျောက်မျက် ရတနာများ အပါအဝင် လက်ဆောင် ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများကို အဓိကထား ခင်းကျင်းပြသခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကြိမ်ထည်နှင့် လက်မှုပစ္စည်း ထုတ်လုပ်သော ပြည်တွင်း ကုမ္ပဏီ ဖြစ်သည့် Bella Interiors Co., Ltd. မှ အိမ်သုံး ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ ပါဝင်ပြသမည် ဖြစ်ပြီး ပထမဆုံး ပြသခွင့် ရသည့်အတွက် ပြပွဲအတွေ့အကြုံ အပြင် နိုင်ငံပေါင်း ၁၅ဝ ကျော်မှ ပြပွဲလာရောက် ကြည့်ရှုသူများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးလည်း ရရှိနိုင်မည် ဖြစ်သည်။

ယမန်နှစ်က ကျင်းပခဲ့သော ကုန်စည်ပြပွဲ ၌ နိုင်ငံပေါင်း ၉ဝ ကျော်မှ ကုမ္ပဏီပေါင်း ၄၈ဝဝဝ ပါဝင်ပြသခဲ့ပြီး နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လာရောက်ကြည့်ရှုသူဦးရေ ၁၃၄ဝဝဝ ကျော်ရှိခဲ့ကာ အာရှနိုင်ငံ များမှ အများစုပါဝင် ခဲ့ကြောင်း သိရသည်။ ယင်းပြပွဲတွင် ကြိမ်ထည် ပရိဘောဂ ပစ္စည်းများ၊ လက်မှုပစ္စည်းများ အပြင် စက်မှုထုတ်ကုန် အထည်ချုပ်များ ကိုလည်း လာရောက်ကြည့်ရှု သူများက စိတ်ဝင်စားမှု ရှိကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

Wednesday, January 20, 2016

အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော လက်မှု အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချနိုင်ရန်စီစဉ်နေ


အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများ

ရန်ကုန် ၊ ၂၀-၁-၂၀၁၆

အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော လက်မှုထုတ်ကုန် အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ တင်သွင်း ရောင်းချနိုင်ရန် စီစဉ်နေကြောင်း အုန်းသီးအခွံဖြင့် လက်မှုပစ္စည်း ထုတ်လုပ်သူများ နှင့် ရောင်း ချသူများက ပြောသည်။

''အုန်းသီးအခွံနဲ့ လုပ်လို့ရတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေက အများကြီးပါပဲ။ မြန်မာနိုင်ငံမှာ အခုမှ ဈေးကွက်ထဲမှာ ရောင်းချပေမယ့် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာတော့ စီးပွားဖြစ် ပြု လုပ်ရောင်းချ နေတာ ကြာပါပြီ။

ဒါ့အပြင် အစ်မတို့က အုန်းသီးအခွံ တွေနဲ့ ကြယ်သီး အလှလေးတွေလည်း ပြုလုပ်ပြီး ဈေးကွက်ကို တင်ပို့ပါမယ်။ လုပ်ရတာ လက်ဝင်ပေမယ့် အဆင်ပြေပါတယ်။ တခြား အုန်းသီးအခွံနဲ့ ပြုလုပ်တဲ့ လူ့ အသုံးအဆောင် က တစ်ခုပြီးဖို့ အချိန်အတော်ပေး နေရပါတယ်'' ဟု ငွေဆောင်ရှိ အုန်းသီးအခွံ များဖြင့် လူ့ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်နေသည့် လက်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အုန်းသီးအခွံများကို အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ပြုလုပ်ထားပြီး အသုံးအဆောင် ပစ္စည်းပေါင်း ၁ဝဝ ကျော်ကို တီထွင်၍ ပြုလုပ်ထား သော်လည်း ဈေးကွက် အတွင်းသို့ ရောင်းချထားခြင်း မရှိသေးကြောင်း သိရသည်။

၎င်းပစ္စည်းများမှာ လက်မှုပစ္စည်းများ ဖြစ်သည့်အတွက် ဈေးနှုန်း သတ်မှတ်ရန် ခက်ခဲနေပြီး ဈေးနှုန်းများ ကိုလည်း အချိုသာ ဆုံးဖြစ်အောင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း၊ စွန့်ပစ် အုန်းသီးအခွံ များဖြင့် စားပွဲတင်မီးအိမ်၊ မျက်နှာကြက် မီးအိမ်၊ ဝိုင်သောက်သည့် ခွက်များ၊ ရေနွေးခွက်များ၊ ပိုက်ဆံအိတ်များ၊ ရေခွက်များ၊ ကြယ်သီးများနှင့် စုဘူးများ ပြုလုပ်ပြီး ပိုမိုလှပခိုင်ခံ့မှု ရှိစေရန် အပြင်ဘက် မျက်နှာပြင်များကို ဆေးသုတ်လိမ်း ထားကြောင်း၊ ပစ္စည်းတစ်မျိုးကို ပြုလုပ်ရာတွင် အနည်းဆုံး ၁ဝ ရက်မှ နှစ်လအထိ ကြာမြင့်ကြောင်း သိရသည်။

ထို့ပြင် စွန့်ပစ် အုန်းသီးအခွံ များနှင့်ပြုလုပ် ထားသည့် ကြယ်သီးများကို အထည်ချုပ် လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချသွား မည်ဖြစ်ပြီး ပြည်တွင်း ဈေးကွက်၌လည်း ရောင်းချမှု ပြုလုပ် သွားမည် ဖြစ် သည့် အပြင် ပြည်ပ သို့လည်း ထိုးဖောက်၍ တင်ပို့သွားမည် ဖြစ်သည်။ ယင်း အုန်းသီးအခွံ များကို ဆေးခြယ်မှု ပြုလုပ်ရာတွင် မြန်မာ့ရိုးရာ ပုံသဏ္ဌာန်များနှင့် မြန်မာနိုင်ငံ၏ ရှုခင်းပုံတို့ကို ရေး ဆွဲပြီး ဈေးကွက် သို့ တင်ပို့မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ ၊ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Monday, January 18, 2016

ဥရောပနိုင်ငံသို့ တင်ပို့နေရသည့် မြန်မာ့လက်မှု ကြိမ်ထည်ပစ္စည်းများ



ရန်ကုန် ၊ ၁၈-၁-၂၀၁၆

မြန်မာနိုင်ငံမှ လက်မှုထွက်ကုန် ကြိမ်ထည် ပစ္စည်းများကို စပိန်နှင့်ဂျာမနီ နိုင်ငံတို့မှ ကြိုက်နှစ်သက်ပြီး မှာယူမှုကြောင့် တင်ပို့ နေရကြောင်း သိရသည်။ ထိုသို့ ဝယ်ယူရာတွင် ဟိုတယ်လုပ်ငန်း များနှင့် စားသောက်ဆိုင် လုပ်ငန်းများ၌ အဓိကသုံးစွဲရန် ဖြစ်ကြောင်း သိရသည်။

''ကြိမ်ထည်ပစ္စည်း တွေက အမျိုးပေါင်း တော်တော်များများ ရှိပါတယ်။ ဒီလိုတင်ပို့တဲ့ နေရာမှာလည်း မှိုတက်ခြင်း မရှိအောင် ကြိမ်ကို အရင်ဆုံးပေါင်းပြီးမှ လူသုံးပစ္စည်း ပြုလုပ်တာပါ။ ဒါကြောင့် ဒီကကြိမ်ထည် ပစ္စည်းတွေက ရေရှည်ခံတယ်။ ဒီနောက်ပိုင်း မှာယူသူတွေကလည်း ကြိုက်ကြတယ်။ လက်ရှိမှာတော့ အဆိုပါ နှစ်နိုင်ငံက ပစ္စည်း ငါးမျိုးပဲမှာယူတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်း လောက်ကစပြီး တင်ပို့ နေရတာပါ။ သူတို့အကြိုက် ဒီဇိုင်းတွေကို ပြုလုပ်ပြီး တင်ပို့ပေး ရတာတွေလည်း ရှိပါတယ်။ သူတို့က အရောင်ဆိုး မထားတဲ့ သဘာဝ ကြိမ်အရောင်ကို ပိုပြီးမှာယူကြ ပါတယ်''ဟု ကြိမ်ထည် ပစ္စည်းများ ထုတ်လုပ်တင်ပို့ ရောင်းချနေသည့် လုပ်ငန်းရှင် တစ်ဦးက က ပြောသည်။

မှာယူသည့် ပစ္စည်းငါးမျိုးတွင် လျှော်ဖွပ်မည့် အဝတ်များ ထည့်သော ဒိုဘီခြင်းများကို အများဆုံး တင်ပို့မှု ပြုလုပ်ပြီး ရေသန့်ဘူးနှင့် ဖန်ခွက်ထည့် သည့်ခြင်း၊ ဖုန်းတင်စင်၊ ခဲတံခွက်နှင့် ကြိမ်ဦးထုပ် များကို ပုံမှန် တင်ပို့ပေး ရကြောင်း သိရသည်။ ထို့ပြင် ကြိမ်ထည်များကို ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှလည်း ကြိုက်နှစ်သက်မှု ရှိပြီး နမူနာများ တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ် လုပ်ငန်းရှင် များကလည်း ကြိမ်ထည်များကို အသုံးပြုမှု ပိုမိုများပြား လာပြီး အော်ဒါမှာယူမှု များရှိကြောင်း သိရသည်။ ၄င်းကြိမ်ထည် ပစ္စည်းများမှာ ဈေးနှုန်းအနေဖြင့် အမျိုးအစားပေါ် မူတည်၍ ကွဲပြားပြီး သီးသန့် အော်ဒါမှာယူသည့် ကြိမ်ထည်များကို ဈေးနှုန်းပုံစံ တစ်မျိုးတည်းဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, July 8, 2013

တက္ကသိုလ်ဝင် စားမေးပွဲ ရမှတ်အနည်းဆုံး အမှတ် ၄၃၀ ရရှိမှသာ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့အတွက် သင်ကြားနိုင်မည်


ရန်ကုန် ၊ ၈-၇-၂၀၁၃

၂၀၁၃ - ၂၀၁၄ ခု ပညာသင်နှစ် တွင် ရန်ကုန် တက္ကသိုလ် ၌ ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့များ အတွက် ပထမနှစ်မှ စတင်ကာ သင်တန်းများ ခေါ်ယူမည် ဖြစ်သော်လည်း ထူးချွန် ကျောင်းသား ကျောင်းသူ များကိုသာ ရွေးချယ် သင်ကြား သွားမည် ဖြစ်သည့် အတွက် လျှောက်ထား လိုသူများသည် မတ်လက ဖြေကြား ထားခဲ့သည့် တက္ကသိုလ် ၀င်တန်း စားမေးပွဲ တွင် စုစုပေါင်း ရမှတ် အနည်းဆုံး ၄၃၀ ရရှိ ရမည်ဟု သိရသည်။

ရန်ကုန် တက္ကသိုလ်တွင် လက်ရှိ ဖွင့်လှစ် သင်ကြား နေသည့် ၀ိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ် အားလုံးအတွက် လက်ခံ သင်ကြား ပေးရန် မဖြစ်နိုင် သေးဘဲ စာကြည့်တိုက် နှင့် သုတပညာ ဘာသာရပ် ကို ချန်လှပ် ထားဦးမည် ဖြစ်သည်ဟု သိရသည်။ ၀ိဇ္ဇာ ဘာသာရပ်များ အတွက် အနိမ့်ဆုံး တက္ကသိုလ် ၀င်တန်း စာမေးပွဲရမှတ် သတ်မှတ်ချက် မှာ အမှတ်ပေါင်း ၄၃၀ ဖြစ်ပြီး ၊ အင်္ဂလိပ်စာ ဘာသာရပ် အတွက် သတ်မှတ်ချက်မှာ တက္ကသိုလ် ၀င်တန်း စာမေးပွဲ ရမှတ် ၅၀၀ ဖြစ်ပြီး မြန်မာစာ ဘာသာရပ် အတွက် သတ်မှတ်ချက် မှာ တက္ကသိုလ်ဝင် စားမေးပွဲ ရမှတ် ၄၅၀ ဟုလည်း သိရသည်။

ရန်ကုန် တက္ကသိုလ် ၏ ၀ိဇ္ဇာ နှင့် သိပ္ပံ ဘွဲ့ သင်တန်းများ အတွက် တက္ကသိုလ် ၀င် စာမေးပွဲ ရမှတ် သတ်မှတ်ချက် မှာ မြင့်မားပြီး အသက်မွေး ၀မ်းကျောင်း တက္ကသိုလ် များနှင့် အပြိုင်ပင် ဖြစ်သည် ဟုလည်း သိရသည်။ ရန်ကုန် တက္ကသိုလ် တွင် ၀ိဇ္ဇာ နှင့် သိပ္ပံဘွဲ့ သင်တန်းများ ရပ်နား ထားသည်မှာ ကြာမြင့် ခဲ့ပြီ ဖြစ်ပြီး လက်ရှိတွင် အနိမ့်ဆုံး ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ တစ်ဘွဲ့ ရရှိထားသူများအား ၀င်ခွင့် စားမေးပွဲများ ဖြေဆိုစေကာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ ၊ မဟာဘွဲ့ သင်တန်းများ ၊ မဟာ သုတေသနဘွဲ့ သင်တန်းများ ၊ ပါရဂူဘွဲ့ သင်တန်းများ ကို ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger