www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပို့ဆောင်ရေး. Show all posts
Showing posts with label ပို့ဆောင်ရေး. Show all posts

Thursday, October 31, 2013

အဲယားကွန်း မြို့ပတ်ရထား ပြီးနောက် ငွေကျပ် ၃၀၀ ဖြင့် စီးနိုင်မည့် မြို့ပတ် အထူးရထား ထပ်မံ တိုးချဲ့ပြေးဆွဲမည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

ခရီးသည် တစ်ဦးလျှင် ခရီးစဉ် တစ်ကြောင်း အတွက် စီးနင်းခ ငွေကျပ် ၃၀၀ ဖြင့် ရန်ကုန်မြို့ပတ် အထူးရထား တစ်စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထား ခရီးစဉ် များတွင် လေအေးပေးစက် ပါ ငွေကျပ် ၄၀၀ တန် အထူးရထား ပြေးဆွဲပြီးနောက် ထပ်မံ၍ ရထားစီး ခရီးသွား ပြည်သူများ အတွက် လေအေး ပေးစက် မပါဝင် သော်လည်း ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံများ အပါအ၀င် အဆင့်မြင့် ရထားတွဲဆိုင်း များ ပါဝင်သော ငွေကျပ် ၃၀၀ တန် မြို့ပတ် အထူးရထား တစ်စင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

" မြို့ပတ်ရထား ခရီးစဉ်မှာ အဲယားကွန်း အထူးရထား က အရှုံးပေါ် နေပေမယ့်လို့ ခရီးသွား ပြည်သူတွေ အဆင်ပြေ စေဖို့အတွက် ပြေးဆွဲပေး နေပါတယ် ၊ အခုလည်း ငွေကျပ် ၃၀၀ တန် အထူးရထား ကို ပြေးဆွဲ ပေးမှာပါ ၊ ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံတွေနဲ့ လက်ကိုင်တန်း တွေလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ထားပါတယ် ၊ မြစ်ငယ် စက်ရုံက ထုတ်လုပ် လိုက်တဲ့ တွဲဆိုင်း အသစ်တွေနဲ့ ပြေးဆွဲ ပေးသွား မှာပါ ၊ စက်ရုံကနေ စက်ခေါင်းကို မဆောင်ရွက် နိုင်ပေမယ့် လူစီးတွဲတွေ ထုတ်လုပ်ပြီး ခရီးစဉ် တွေမှာ တိုးချဲ့ ပြေးဆွဲ သွားမှာပါ ၊ နောက်ပိုင်း ရန်ကုန် မြို့ပတ်ရထား ခရီးစဉ် တွေမှာ တွဲဆိုင်း အသစ်တွေ ထပ်မံ တိုးချဲ့ တပ်ဆင်ပြီး ပြေးဆွဲ သွားမှာပါ ... .. " ဟု မြန်မာ့ မီးရထား ( အောက်မြန်မာပြန် ) မှ တာဝန်ရှိ သူ တစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားသည်။

လေအေးပေးစက် မပါသော အဆိုပါ အထူးရထား ကို နေ့စဉ် တစ်ရက် ၄ ခေါက်နှုန်းဖြင့် ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် များအတွက် စီးနင်းခ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြစ်ကြောင်း ၊ မြို့ပတ်ရထား ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည် ဖြစ်ပြီး ဘူတာများ တွင် လက်မှတ် ၀ယ်ယူ စီးနင်းနိုင်ကြောင်း သိရသည်။ အဆိုပါ အထူးရထား သည် ရပ်စီး ခရီးသည်များ အဆင်ပြေ စေရန် လက်ကိုင်တန်း ၊ လက်ကိုင်ကွင်း များ ထားရှိ ပေးထား သော်လည်း ကုန်စည် တင်ဆောင်မှု များကို ခွင့်မပြု ထားသော လူစီး သီးသန့် မြို့ပတ် အထူးရထား ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရှိရသည်။


နေပြည်တော်သို့ တိုက်ရိုက် ပျံသန်းနေသော ထိုင်းလေကြောင်းလိုင်း နှစ်ခုမှ ပျံသန်းအကြိမ်ရေ တိုးမြှင့်မည်


Thai Air Asia လေကြောင်းလိုင်း

ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ကာလအတွင်း နေပြည်တော် သို့ တိုက်ရိုက် ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်မှုကို ထိုင်းလေကြောင်း လိုင်းနှစ်ခု ဆောင်ရွက်လျက် ရှိကြောင်း
မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဗန်ကောက် - နေပြည်တော် တိုက်ရိုက် ခရီးစဉ် တိုးမြှင့် ပျံသန်းမည့် ထိုင်းလေကြောင်း လိုင်းနှစ်ခုမှာ Bangkok Airways နှင့် Thai Air Asia တို့ ဖြစ်ကြောင်း ၊ Bangkok Airways လေကြောင်းလိုင်း အနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ခရီးစဉ် တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲ နေရာမှ ခုနှစ်ကြိမ် အထိ တိုးမြှင့် ပျံသန်း ပေးဆွဲမည် ဖြစ်ကြောင်း ၊ အလားတူ Thai Air Aisa လေကြောင်းလိုင်း မှာလည်း နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ခုနစ်ကြိမ် တိုးမြှင့် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်း တိုက်ရိုက် ပြေးဆွဲရန် စင်ကာပူ နှင့် မလေးရှား လေကြောင်းလိုင်း များက အဆို တင်သွင်းမှု များလည်း ရှိလာကြောင်း ၊ ပြည်တွင်း ခရီးစဉ်များ အတွက်မူ FMI နှင့် APEX လေကြောင်း များမှ ပြေးဆွဲ ပျံသန်းရန် အဆို တင်သွင်း ထားကြောင်း ၊ ယင်းအတွက် နေပြည်တော် သို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ်နှင့် ပြည်ပ ခရီးစဉ်လိုင်း များအား မြန်မာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စိစစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, October 8, 2013

မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း ရေတိုက်စားမှု ပြုပြင် ဆောင်ရွက်လျက်ရှိ



မိတ္ထီလာ ၊ ၈-၁၀-၂၀၁၃

မိတ္ထီလာမြို့ အင်ကြင်းစု ဘူတာ နှင့် ရေချိုဘူတာ အကြားရှိ မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း မိုင်တိုင်အမှတ် ၃၂၉/ ၃-၄ အကြား ၊ တံတား အမှတ် ၅၇ ချောင်းရေ တိုက်စားမှု ကို တိုင်းအမှတ် ၁၀ မြို့ပြ အင်ဂျင်နီယာ အငယ်တန်း အင်ဂျင်နီယာ ဦးဆန်းနိုင် နှင့် ၀န်ထမ်းများ ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


" စက်တင်ဘာလ ၂၇ ၊ ၂၈ နဲ့ ၂၉ ရက်တွေက မိုး အဆက်မပြတ် ရွာသွန်းတာမို့ တံတား အောက်ခြေ အုတ်ခုံနဲ့ အုတ်ခုံ ပတ်ဝန်းကျင် က မြေသားတချို့ ပြိုကျ ပျက်စီး သွားတယ် ၊ ဒါကြောင့် မီးရထား ခရီးစဉ် မပျက် ဖြတ်သန်း သွားလာနိုင်ဖို့ ကြိုးစား ပြင်ဆင် နေတာပါ ၊ လောလောဆယ်လည်း မီးရထား ကို ဖြတ်သန်းခွင့် ပြုထား ပါတယ် ၊ တံတား အနီးရောက်ရင် တော့ ဖြည်းဖြည်းပဲ မီးရထား ခုတ်မောင်း စေပါတယ် ... " ဟု အဆိုပါ အငယ်တန်း အင်ဂျင်နီယာ က ပြောကြား ကြောင်း သိရှိရသည်။ (၁၄၇)

Sunday, September 29, 2013

အမေရိကန် နိုင်ငံထုတ် လေယာဉ် နှစ်စင်း နိုဝင်ဘာတွင် ရောက်ရှိမည်


နေပြည်တော် ၊ ၂၉-၉-၂၀၁၃

မြန်မာ့လေကြောင်း မှ ဝယ်ယူထားသည့် ခရီးသည် ၁၂ ဦးဆံ့ပြီး ကုန်ချိန် ကီလိုဂရမ် တစ်ထောင်ခန့် သယ်ဆောင် နိုင်မည့် အမေရိကန် နိုင်ငံထုတ် လေယာဉ် ၂ စင်း နိုဝင်ဘာလ တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံ အတွင်း သွားလာရ ခက်ခဲသော ဒေသများ အတွက် အသုံးပြု သွားမည် ဖြစ်ပြီး ကွင်းတို လေယာဉ်ကွင်း များတွင် ဆင်းသက် နိုင်ကြောင်း ၊ Grand Caravan 208 B  အမျိုးအစားများ ဖြစ်ပြီး အမေရိကန် နိုင်ငံ  CESSNA လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။


'' အောက်တိုဘာလ အတွင်းမှာ သွားရောက် လက်ခံမှာ ဖြစ်ပါတယ် ၊ သွားလာရ ခက်တဲ့နေရာ တွေအတွက် ရွေးချယ် မှာထားတာပါ ၊ နေရာမရွေး ပြေးဆွဲနိုင် အောင် လုပ်ဆောင်ခြင်း လည်းဖြစ်ပါတယ် ... ''ဟု ၄င်းက ပြောကြားသည်။ လက်ရှိတွင် မြန်မာ့လေကြောင်း လိုင်းမှ ATR - 42 လေယာဉ် တစ်စင်း ၊ ATR - 72 လေယာဉ် နှစ်စင်း ၊ Beech 1900 D လေယာဉ် နှစ်စင်း ၊ Embraer 190 လေယာဉ် နှစ်စင်း စုစုပေါင်း ခုနှစ်စင်း ဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိနေကြောင်း ၊ ထပ်မံ၍ လိုအပ်ချက်များ အပေါ် မူတည်ပြီး ဝယ်ယူ ပြေးဆွဲနိုင် ရန်လည်း အစီအစဉ်များ ရှိနေကြောင်း လည်း သိရှိရသည်။

Friday, September 20, 2013

မြိတ် - ထားဝယ် - မော်လမြိုင် - ရန်ကုန် အဆင့်မြင့် အထူးမှန်လုံ ကားသစ်ကြီး ထပ်မံပြေးဆွဲ


မြိတ် ၊ ၂၀-၉-၂၀၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ယခင်က ကုန်းလမ်းဖြင့် သွားလာရန် အလွန်ပင် ခက်ခဲခဲ့ သည်။ ကားများ ရှိသော်လည်း  လမ်းပန်း ဆက်သွယ်ရေး မကောင်း သောကြောင့် အဆင့်မြင့် ကားများ အသုံးပြု နိုင်ခြင်း မရှိပေ။ မှန်လုံ ခရီးသည် တင်ကားများ ရှိသော်လည်း အစီးရေ နည်းပါးခြင်း ၊ လမ်းကြမ်းမှု ဒဏ်ခံနိုင်ရန် ကားများကို ရွေးချယ် မောင်းနှင် ရခြင်းကြောင့် ခရီးသည်များ သက်တောင့် သက်သာ ခရီးသွား လာမှု မပြုလုပ် နိုင်ခြင်းများ ဖြစ်ခဲ့ ရပါသည်။

ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာပြီ ဖြစ်သဖြင့် ယာဉ်ကားလိုင်း ကားဟောင်းများ ဖြစ်ကြသော ရွှေလီရတနာ ၊ ရွှေဝယ်ရတနာ ၊ ကောင်းသစ်စံ ၊ တနင်္သာရီ ၊ ရွှေမြင်းပျံ ၊ အောင်ရတနာ ၊ သီဟမင်း ၊ ကြယ်စင်ဟိန်း ၊ ရွှေဝယ်သူ ၊ ရွှေထားဝယ် ၊ အောင်စည်မင်း ၊ စန်းဝင်း ရတနာ ၊ ဟိုင်ဖိုင် ၊ မင်းထက်ဟိန်း ၊ စသည့် ကားလိုင်း များလည်း အဆင့်မြင့်တင် ပြေးဆွဲ လာပြီ ဖြစ်ကြောင်း သိရှိရသည်။


အခြား အဆင့်မြင့် ကားလိုင်း သစ်များ တိုးချဲ့ ပြေးဆွဲ လာကြပြီး ယခုအခါ ''ရွှေပုလဲသီ'' အဆင့်မြင့် အဲယားကွန်း လေအိပ် ကားလိုင်းသစ် အား တိုးချဲ့ ပြေးဆွဲလျက် ရှိကြောင်း ၊ ရိုးရိုး အဲယားကွန်း ကားနှင့် အထူးရှယ် VIP (၃၃) ယောက်စီး ဟူ၍ နှစ်မျိုး ပြေးဆွဲ ပေးလျက် ရှိသည်။ ရိုးရိုးတွင် မြိတ် - ရန်ကုန် ၁၈ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၇ဝဝဝ ကျပ်နှင့် မြိတ် - မော်လမြိုင် ၁၅ဝဝဝ ကျပ်တို့ ဖြစ်ပြီး အထူးယာဉ်တွင် မြိတ် - ရန်ကုန် ၂၇ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၁ဝဝဝဝ ကျပ် နှင့် မြိတ် - မော်လမြိုင် ၂ဝဝဝဝ ကျပ် တို့ဖြစ်ပြီး ကားအလယ် အောက်ထပ်တွင် အိမ်သာ ပါရှိကြောင်း ခရီးသည်များ အတွက် ဝန်ဆောင်မှု အနေဖြင့် စောင် ၊ ရေသန့် ၊ အအေးဗူး ၊ ချောကလက် ၊ မုန့် နှင့် စနိုးတာဝါများ ကမ်းပေးကြောင်း သိရပါသည်။ တနင်္သာရီတိုင်း ဒေသကြီးရှိ ခရီးသွား ပြည်သူများ  ကုန်းလမ်း ခရီးဖြင့် နောင်တွင် အချိန်ကုန် သက်သာပြီး စိတ်ချမ်းမြေ့စွာ ခရီးသွား လာနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင် မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းမှု ကော်မတီ ထံမှ သိရှိရသည်။

Thursday, September 5, 2013

နိုင်ငံခြားသား ခရီးသွားများ သီးသန့်စီးနင်းနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်းသစ် မန္တလေး - ပုဂံ ခရီးစဉ် ပြေးဆွဲသွားမည်


ရန်ကုန် ၊ ၅-၉-၂၀၁၃

နိုင်ငံခြားသား ခရီးသွားများ သီးသန့် စီးနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်း အသစ်ကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ မန္တလေး - ပုဂံ ခရီးစဉ်အား ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဧရာဝတီ ဌာနခွဲ မန္တလေး မှ အကြီးတန်း စာရေး ဦးခင်မောင်ဝင်း က ပြောကြား ခဲ့ကြောင်း သိရသည်။

'' အခုလို နိုင်ငံခြားသာ သီးသန့်လိုင်း ပြေးဆွဲရတဲ့ အဓိက ရည်ရွယ်ချက် က နိုင်ငံခြားသား တွေ သက်တောင့် သက်သာ စီးနင်းနိုင်ဖို့ အတွက်ပါ ၊ တစ်ခြား သင်္ဘောတွေလို လူအများကြီး နဲ့ မစီးရပါဘူး ၊ ဘေးတစ်ဖက် တစ်ချက် ရှုခင်းတွေ ကိုလည်း ကြည့်ရှု ခံစားနိုင် ပါတယ် ၊ တစ်ခြား သင်္ဘောတွေလို ဈေးနှုန်းမြင့်မှာ မဟုတ်ဘဲ ဈေးသက်သာစွာ နဲ့ စီးနိုင်မှာ ဖြစ်ပါတယ် ၊ ဟံသာဝတီ ရေလိုင်းသင်္ဘော က အခုမှစပြီး ပြေးဆွဲတဲ့ ပထမဆုံး အကြိမ် နိုင်ငံခြားသား သီးသန့် ပြေးဆွဲတဲ့ သင်္ဘော ဖြစ်ပါတယ် ... " ဟု ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ ဟံသာဝတီ ရေယာဉ်ကို တစ်ပတ်လျှင် ၄ ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး မန္တလေး ဆိပ်ကမ်းမှ တနင်္လာနေ့ နှင့် သောကြာနေ့ တွင် နံနက် ၆ နာရီ ထွက်ခွာ၍ ပုဂံ ဆိပ်ကမ်းမှ အင်္ဂါနေ့ နှင့် စနေနေ့ တို့တွင် နံနက် ၆ နာရီ ထွက်ခွာမည် ဖြစ်ကြောင်း ၊ ဟံသာဝတီ ရေယာဉ်တွင် နိုင်ငံခြားသား ဧည့်သည် ၁၀၀ ဦးခန့် စီးနိုင်ကြောင်း ၄င်းက ရှင်းပြသည်။


အဆိုပါ ဟံသာဝတီ ရေယာဉ် မောင်းနှင်ချိန် မှာ ၁၂ နာရီ ၀န်းကျင်ခန့် ကြာမည် ဖြစ်ပြီး လမ်းခရီး တစ်လျှောက်တွင် ဆိပ်ကမ်း ၄ ခုတွင်သာ ဆိုက်ကပ်မည် ဖြစ်ကြောင်း နှင့် ရေယာဉ် စီးနင်းခမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၀ သတ်မှတ် ထားကြောင်း သိရှိရသည်။

Sunday, September 1, 2013

CNG နှင့်ခွင့်ပြုမိန့် ရရှိပါက မြို့တွင်း ထပ်မံ ပြေးဆွဲမည့် ယာဉ်လိုင်းများ ရနေ


ရန်ကုန် ၊ ၁-၉-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ် လိုင်းများ တိုးချဲ့ ပြေးဆွဲမှုများ ရှိနေရာ ခရီးသည်များ သွားလာရေး အဆင်ပြေ စေရန်အတွက် CNG ခွင့်ပြု မိန့်နှင့် ပြေးဆွဲ ခွင့်ပြုမိန့် ရရှိပါက ထပ်မံ ပြေးဆွဲမည့် မော်တော်ယာဉ် လိုင်းသစ်များ ရှိနေသေးကြောင်း မ-ထ-သ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရက ခရီးသွားလာ သူများ လွယ်ကူစွာ သွားလာ နိုင်စေရေး အတွက် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့ပြေးဆွဲ ခွင့်ပြုထားကြောင်း ၊ သို့သော်လည်း ရန်ကုန်မြို့တော် အတွက် ချထား ပေးသည့် CNG ကုဗပေ တစ်သန်း နှင့် မျှတမှုရှိအောင် တဖြည်းဖြည်း လုပ်ဆောင် နေကြောင်း ၊ ယင်းအတွက် ပြေးဆွဲခွင့် တင်ပြထားသော ယာဉ်လိုင်း တချို့သာ ပြေးဆွဲခွင့် ရရှိနေပြီး နောက်ထပ် ပြေးဆွဲခွင့် တင်ထားသော ယာဉ်လိုင်းများ ရှိနေသေးကြောင်း သိရသည်။

ထို့အပြင် နောက်ဆုံး ပြေးဆွဲခွင့် ချထားမှုတွင် G 2000 ယာဉ်များ သြဂုတ်လ ၁၆ ရက်၌ စတင် ပြေးဆွဲနေကြောင်း ၊ ထပ်မံခွင့်ပြုရန် စီစဉ်ထားရှိပြီး ပြေးဆွဲခွင့် လျှောက်ထားသော ယာဉ် အစီးရေ ၂၀၉ စီး ရှိနေကြောင်း ၊ လျှောက်ထားသော မော်တော်ယာဉ် သုံးပုံ တစ်ပုံခန့်သာ ပြေးဆွဲ နိုင်သေးကြောင်း သိရသည်။


CNG ခွင့်ပြုချက် နှင့် ပြေးဆွဲခွင့်ပြုမိန့် စောင့်ဆိုင်း နေမှုတွင် မထသ (ဗဟို) ယာဉ်လိုင်း ၅ ခုမှ ရိုးရိုးယာဉ်ကြီး အစီးရေ ၆ စီးသည် ပြေးဆွဲမည့် လမ်းကြောင်း ကိုပါ တင်ပြထားပြီး မိုးကောင်းကင် ခရီးသည် ပို့ဆောင်ရေး မှလည်း ယာဉ်အစီးရေ ၇ စီးဖြင့် ပြေးဆွဲရန် CNG ခွင့်ပြုမိန့် စောင့်ဆိုင်း လျက်ရှိကြောင်း သိရှိရသည်။

Thursday, July 4, 2013

ရထားကဲ့သို့ ချိတ်ဆက်ထားသော ကား BRT စနစ် မြန်မာနိုင်ငံတွင် ကျင့်သုံးရန် စီစဉ်နေ


ရန်ကုန် ၊ ၄-၇-၂၀၁၃

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီမှ စတင်ပြီး မော်တော်ယာ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) မှ ယာဉ်လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ (ဗဟို) အနေဖြင့် ခရီးသည်များ သွားလာရေး သာမက ကျောင်းသား ကျောင်းသူ များ၏ ကြို/ပို့ သယ်ယူရေး ကိုပါ ပြုလုပ် ခဲ့သည်။ မကြာမီ ကျင်းပတော့မည့် ဆီးဂိမ်း ပြိုင်ပွဲ တွင်လည်း ယာဉ်လိုင်းများ အနေဖြင့် စည်းကမ်း လိုက်နာမှု ပိုမို ရှိလာစေရန် ၀န်ကြီး၏ လမ်းညွှန်ချက် နှင့် လျော်ညီစွာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) က အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် နေကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ မှ ပြေကြား ခဲ့သည်။

ခရီးသွားလာမှု ပိုမို ချောမွေ့ လွယ်ကူစေရန် နိုင်ငံတကာ ၌ ရထားကဲ့သို့ ချိတ်ဆက် ထားသော BRT မော်တော်ယာဉ် စနစ်ကို ကျင့်သုံး ဆောင်ရွက် နေသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း အဆိုပါယာဉ်များ အသုံးပြု နိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ တိုင်ပင် ဆွေးနွေး နေပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိစ္စရပ် ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) နှင့် ကုန်းလမ်း ပို့ဆောင်ရေုးတို့မှ ကြိုးစား ပြင်ဆင် နေပြီး နောင်လာမည့် ၄ နှစ်အတွင်း အကောင် အထည်ပေါ် လာနိုင်ရန် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မထသ (ဗဟို) က မီဒီယာ များနှင့် တွေ့ဆုံရာ၌ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Saturday, January 19, 2013

ရန်ကုန် - ဟောင်ကောင် တိုက်ရိုက်ခရီးစဉ် ပျံသန်း

 
 


ရန်ကုန် ၊ ၁၉-၁-၂၀၁၃

ရန်ကုန် - ဟောင်ကောင် တိုက်ရိုက် ခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် Hong Kong Dragon Air မှ ပျံသန်း ပြေးဆွဲပေး နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျံသန်းခြင်း အထိမ်းအမှတ် အဖြစ် ယခုလမှ လာမည့် မတ်လကုန် အထိ ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၃၈၈ ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး အပတ်စဉ် တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး နှင့် စနေ နေ့များတွင် ပျံသန်း ပြေးဆွဲကာ ဇန်န၀ါရီ ၉ ရက်က စတင် ပျံသန်း ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 Hong Kong Dragon Air လေကြောင်းလိုင်း မှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရှိ မြို့ပေါင်း ၂၁ မြို့ အပါအ၀င် ဒေသတွင်း ခရီးစဉ်ပေါင်း ၄၃ ခုအား လေယာဉ်ပေါင်း ၃၆ စင်းဖြင့် ပျံသန်း နေခြင်း ဖြစ်ပြီး တိုက်ရိုက် ခရီးစဉ်များ အဖြစ်လည်း နိုင်ငံပေါင်း ၁၆၀ ကျော် နှင့် ပျံသန်း ၀န်ဆောင် ပေးနေကြောင်း သိရသည်။ ထိုသို့ လေကြောင်း လိုင်းများ များပြား လာခြင်း နှင့်အတူ ခရီးသွား လုပ်ငန်းများ လည်း ဖွံ့ဖြိုးစေရန် အထောက်အကူ များဖြစ်လာ နိုင်ကြောင်း သိရှိရသည်။

Tuesday, January 15, 2013

ရန်ကုန် - မန္တလေး လေကြောင်းလိုင်းသစ် အထူးနှုန်းဖြင့် ပျံသန်းမည်



ရန်ကုန် ၊ ၁၅-၁-၂၀၁၃

၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၁၇ ရက်တွင် စတင် ပြေးဆွဲမည့် ပြည်တွင်း လေကြောင်း လိုင်းသစ် တစ်ခုဖြစ်သည့် " ရွှေမြန်မာ " လေကြောင်းလိုင်း မှ ရန်ကုန် - မန္တလေး ခရီးစဉ်ကို ဦးရာလူ အထူး လျော့ဈေးနှုန်း ဖြင့် ပျံသန်း ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။

လေယာဉ် လက်မှတ်ကို Class အသီးသီး သတ်မှတ် ရောင်းချ ပေးမည် ဖြစ်ပြီး အနိမ့်ဆုံး ကျပ် နှစ်သောင်း ခုနစ်ထောင် နှုန်းဖြင့် ခုံအရေအတွက် သတ်မှတ်ထားကာ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း ၊ သတ်မှတ်ချက် ပြည့်သွားပါက ကျပ် သုံးသောင်းကျော် ၊ ကျပ်လေးသောင်း ကျော် ၊ ကျပ် ငါးသောင်းကျော် အထိ အသီးသီး သတ်မှတ် ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ " ရွှေမြန်မာ " လေကြောင်း လိုင်း သည် ခရီးသည် ၁၈၀ ဦး လိုက်ပါ စီးနင်းနိုင်သည့် Air Bus အမျိုးအ စားဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ရန်ကုန် မှ မန္တလေး ၊ မန္တလေး မှ ရန်ကုန် သို့ နေ့စဉ် ပျံသန်းမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, January 1, 2013

ရှမ်းပြည်နယ် ကျိုင်းတုံ ရွှေကျားဖြူ အမြန်ယာဉ်လိုင်းမှ ယာဉ်စီးခ နှုန်းထားများ လျော့ချ

ရှမ်းပြည်နယ် ကျိုင်းတုံ ရွှေကျားဖြူ အမြန်ယာဉ်လိုင်းမှ ယာဉ်စီးခ နှုန်းထားများ လျော့ချ ဇန်န၀ါရီ(၁)ရက်နေ့ တာချီလိတ်-ကျိုင်းတုံ- တောင်ကြီး ပြေးဆွဲ လျက်ရှိသော ရွှေကျားဖြူ အမြန် ယာဉ်လိုင်းမှ နှစ်သစ်ကူး အထူး အစီအစဉ် အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယာဉ်စီးခ နှုန်းထား များအား ယခင် ၃၅၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ် နှုန်းသို့ လျှော့ချ ပြေးဆွဲပေး လျက်ရှိကြောင်း သိရှိရသည်။

Tuesday, December 18, 2012

ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲ

ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲ ဒီဇင်ဘာ(၁၈)ရက်နေ့ ပြည်ပလေကြောင်းလိုင်း ပြေးဆွဲမှု များပြားလာခြင်း ကြောင့် ပွင်းလင်းရာသီ ၌ပင် ပရိုမိုးရှင်း ပြုလုပ် ဆွဲဆောင်နေရကြောင်း လေယာဉ် လက်မှတ် အရောင်းဌာန များထံမှ သိရှိရသည်။ စင်္ကာပူ၊ ထိုင်းနှင့် မလေးရှား သို့ ပြေးဆွဲသော အဲလိုင်းများ ဖြစ်ကြသည့် MAI လေကြောင်းလိုင်း၊ မရှားရှားအဲလိုင်း၊ ဗန်ကောက် အဲဝေး၊ TG အဲဝေးတို့ အပြင် ဟောင်ကောင်သို့ ယခုနှစ်မှ စတင်ပြေးဆွဲသည့် ဟောင်ကောင် စရက်ဂွန်အဲလိုင်း မှလည်း ပရိုမိုးရှင်း ပြုလုပ်ကာ ဈေးနှုန်းများ လျှော့ချ ထားကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်း ဖြစ်လာပြီး ကိုရီးယားအဲဝေး၊ တာတာအဲဝေး၊ Eva Air, All Nippon Air Lines ၊ စင်္ကာပူအဲလိုင်း၊ ဟောင်ကောင်ဒရက်ဂွန်၊ Condor Air Lines နှင့် Trans Asia Air Wars တို့သည် ယခုနှစ်တွင် အသစ် တိုးချဲ့ ပြေးဆွဲ လာခြင်းဖြစ်သည်။ လေကြောင်းလိုင်း ပြေးဆွဲမှု များပြား လာသော်လည်း ခရီးသည်မှာ ပုံမှန် အတိုင်းသာ သွားလာမှု ရှိခြင်းကြောင့် ဈေးနှုန်း လျှော့ချ ပရိုမိုးရှင်း ပြုလုပ် လာကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက်မှု များပြားသော စင်္ကာပူ၊ ထိုင်း၊ မလေးရှား ခရီးစဉ်များကို အဓိက ပရိုမိုးရှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဒိုဟာ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ကာတာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိ သော နိုင်ငံများသို့ တိုက်ရိုက် ပြေးဆွဲ ပျံသန်းလျက်ရှိ ကြောင်း သိရှိရသည်။

Friday, December 14, 2012

၂၀၁၃ ဇန်န၀ါရီလ ပထမပတ် အတွင်း ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် အသစ် ရောက်ရှိမည်

၂၀၁၃ ဇန်န၀ါရီလ ပထမပတ် အတွင်း ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် အသစ် ရောက်ရှိမည် ဒီဇင်ဘာ(၁၄)ရက်နေ့ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့လေကြောင်း မှ သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ်သစ် များဖြင့် အစားထိုး ပျံသန်း ပြေးဆွဲရန် ဆောင်ရွက် လျက်ရှိရာ ပြည်ပမှ ၀ယ်ယူ ထားသော ဘရာဇီးလ်နိုင်ငံ ထုတ် လေယာဉ်သစ်မှာ ၂၀၁၃ ဇန်န၀ါရီ ပထမပတ် အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်သစ် မှာ ဘရာဇီးလ် နိုင်ငံထုတ် EMBRAER 190 ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ် များဖြစ်ပြီး မြန်မာ့လေကြောင်း ခရီးစဉ်များတွင် ပြေးဆွဲဖို့ မှာယူထား ခြင်း ဖြစ်သည်ဟု သိရသည်။ မှာယူထားသော လေယာဉ်များထဲမှ ပထမအစင်းမှာ ယခုနှစ် ဒီဇင်ဘာ တတိယပတ် အတွင်း ရောက်ရှိလာမှာ ဖြစ်ပြီး ဒုတိယအစင်းမှာ ၂၀၁၃ ဇန်န၀ါရီလ အတွင်း ရောက်ရှိလာနိုင်ဖွယ် ရှိသည်ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ၄င်းလေယာဉ်သစ် ၂ စင်းမှာ ပြည်တွင်းမှ အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓဂါယာ နှင့် ထိုင်း နိုင်ငံရှိ ချင်းမိုင်မြို့ တို့သို့ ပျံသန်း ပြေးဆွဲမှုများ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger