www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကင်းထောက်လူငယ်. Show all posts
Showing posts with label ကင်းထောက်လူငယ်. Show all posts

Thursday, August 25, 2016

မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ချုပ်က ရပ်ရွာအခြေပြု ကင်းထောက်အဖွဲ့များ ဖြစ်ပေါ်လာစေရန် ဆက်လက် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ အမျိုးသား ကင်းထောက် အဖွဲ့ဝင် ဖြစ်လာပြီးနောက် စာသင်ကျောင်း များ၌သာမက ရပ်ရွာ အခြေပြု၍ ဆောင်ရွက်သော ကင်းထောက်အဖွဲ့ ဖြစ်လာစေရန် ကမ္ဘာ့ကင်းထောက် အဖွဲ့၏ အကြံဉာဏ်များ၊ ပံ့ပိုးကူညီမှု များဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင် ဖြစ်လာ၍ ငြိမ်းချမ်းရေး သတင်းပို့သူ (Messenger of Peace) ဆိုသည့် စီမံချက်များ ၊ သဘာဝဘေးဒဏ် ကာကွယ်ခြင်း၊ ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်း နှင့် အခြေအနေမဲ့ များကို စောင့်ရှောက်ခြင်း စသည့် အစီအစဉ် များတွင် တန်းတူရည်တူ ပါဝင် လှုပ်ရှားခွင့် ရရှိထားပြီ ဖြစ်သည်။

ကမ္ဘာ့ကင်းထောက် အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင် ဖြစ်ရန် အဆိုပါနိုင်ငံ များ၏ ၅ ရာခိုင်နှုန်းက ကန့်ကွက်လျှင် ပယ်ချခံရ နိုင်သော်လည်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုမူ မည်သည့်နိုင်ငံ ကမျှ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် ဗီယက်နမ်၊ မကာအို နှင့် အရှေ့တီမော စသည့် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်ဖြစ်ရန် ကြိုးစားနေသော နိုင်ငံများကို ကျော်ဖြတ်၍ အဖွဲ့ဝင် ဖြစ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကင်းထောက်အဖွဲ့ ကို ၁၉၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ ကင်းထောက် လှုပ်ရှားမှုများ ရပ်နားသွားခဲ့ကာ ၂ဝ၁၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်း ခဲ့ပြီး ပညာရေးဝန်ကြီး ဌာနက တာဝန်ယူ ဆောင်ရွက် ခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ဝင်ပေါင်း ၂၅ဝဝဝ ခန့်ရှိပြီး အဖွဲ့၏ ရာပြည့်ပွဲတော် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

Saturday, July 23, 2016

မြန်မာကင်းထောက်အဖွဲ့ဝင် မှတ်ပုံတင်ရေးကို အာရှ-ပစိဖိတ်ဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မည်


WAGGGS Asia Pacific Region first visit to Myanmar capital Naypyidaw after Scouting and guiding was re-introduced in Myanmar in January 2013

ရန်ကုန် ၊ ၂၃-၇-၂၀၁၆

မြန်မာနိုင်ငံ၌ ဖွဲ့စည်း ထားသော  ကင်းထောက်များ၏ ကင်းထောက် အဖွဲ့ဝင်ဖြစ်မှု စနစ်ကျစေရန် မြန်မာ ကင်းထောက် အဖွဲ့ဝင် မှတ်ပုံတင်ရေး ကို အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဝင် မှတ်ပုံတင်ရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာလုပ်ငန်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း (လမ်းမတော် )၌ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ရာ ယင်း ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် မှတ်ပုံတင် နည်းစနစ်များ ပေါ်တွင် အခြေခံ၍ မြန်မာ ကင်းထောက် နည်းစနစ် ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်က ထပ်မံကျင်းပခဲ့ပြီး ကင်းထောက် လုပ်ငန်းစဉ်များ စနစ်ကျစေရန် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကင်းထောက် အဖွဲ့၌ ကင်းထောက် ၂၆ဝဝဝဝ ခန့်ရှိပြီး စတင်ဖွဲ့စည်း ခဲ့စဉ်က ဆဋ္ဌမတန်း အရွယ် ကျောင်းသား များသည် လက်ရှိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးဖြစ်ရာ ယင်း ကျောင်းသားများ၏ အဖွဲ့ဝင် ဖြစ်မှုအတွက် တိတိကျကျ မှတ်ပုံတင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ Chief Commissioner ဒေါက်တာ တင်ညို က ပြောသည်။

မြန်မာကင်းထောက် အဖွဲ့ဝင် မှတ်ပုံတင်ရေး ဆောင်ရွက်ခြင်း သည် မြန်မာနိုင်ငံကို ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု ခံရရေးအတွက် မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့နှင့် ကင်းထောက် အမျိုးသမီး ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း များကို အစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းပြီးသား ဖြစ်သော်လည်း ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် အဆိုပြု ဝင်ရောက်နိုင်ရေး အတွက် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, July 4, 2016

မြန်မာတစ်နိုင်ငံလုံး၌ ကင်းထောက်အင်အား ၂၀၀၀၀ ကျော်ရှိလာသည်အထိ ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၄-၇-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝဝဝဝ ကျော် ရှိလာသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ကင်းထောက်ရုံး က အလုံမြို့နယ် အ-ထ-က(၄) မှာရှိပါတယ်။ လောလောဆယ် ၇၈ ကျောင်းမှာ ကင်းထောက် ၉ဝဝဝ ကျော်ရှိတယ်။ ၂ဝဝဝဝ ကျော် ဖြစ်လာဖို့ ရည်မှန်း ထားပါတယ်။ မည်သည့် အသက်အရွယ် မဆို ခြောက်တန်း အထက်ဆိုရင် သူတို့ ဆန္ဒအရ ရွေးချယ် သင်တန်းပေး သွားရမှာ ဖြစ်ပါတယ်။ ကျောင်းအသီးသီး က တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် ဖွဲ့စည်းပြီး ၇၈ ကျောင်း သာမက ဖွဲ့စည်းချင် လို့ ဆန္ဒပြုလာတဲ့ ကျောင်းအလိုက် ဒီနှစ် ဒီဇင်ဘာလမှာ နောက်ထပ် တိုးချဲ့မယ့် ကျောင်းတွေမှာ သင်တန်းပေး ပါမယ်။ အာရှ-ပစိဖိတ် ဒေသက ကင်းထောက် အဖွဲ့ ကလာပြီး သင်တန်းပေးမယ့် ကိစ္စတွေ ဆွေးနွေးပါမယ်။ ကျောင်းတွေကို ကင်းထောက် ဦးရေ ဘယ်လောက်လို့ မသတ်မှတ် ထားပါဘူး''ဟု ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်ညို က ပြောသည်။

ထိုသို့ အခြေခံပညာ ကျောင်းများ၌ ပြန်လည်စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက် များရှိပြီး အသက်အရွယ် ကိုလိုက်၍ ကင်းထောက် လုပ်ငန်းများကို အဆင့်အတန်း အမျိုးမျိုး ဖွဲ့စည်းထားရာ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့် ၌ ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထား ခဲ့ပြီး ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက် အဆင့်ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက် လူငယ် အဖွဲ့အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ၁၉၃၄ ခုနှစ်တွင် ဆောက်လုပ် ခဲ့သော ကင်းထောက်ရုံးမှာ ယခုတိုင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Wednesday, June 8, 2016

ပြင်ဦးလွင် ရှိ မြန်မာကင်းထောက် အဖွဲ့ချုပ်ပိုင်မြေ၌ ကင်းထောက် လေ့ကျင့်ရေးစခန်း တည်ဆောက်မည်


ပြင်ဦးလွင် ၊ ၈-၆-၂၀၁၆

ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် ပိုင်မြေ ၅ဝ ဒသမ ၈၁ ဧကပေါ်၌ ကင်းထောက် လေ့ကျင့်ရေး စခန်း တည်ဆောက်မည် ဖြစ်ရာ စခန်း တည်ဆောက်ပြီး ပါက ကင်းထောက် လူငယ်မောင်မယ် တွေ့ဆုံပွဲ များနှင့် စခန်းချ လေ့ကျင့်မှုများ အပြင် တစ်နိုင်ငံလုံး ရှိ ကင်းထောက် မောင်မယ်များအား လေ့ကျင့် ပျိုးထောင် ပေးခြင်းများပါ စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အခြေခံပညာ ကျောင်းပေါင်း ၁၄ဝ ၌ ကင်းထောက် အဖွဲ့ဝင်ပေါင်း ၃၇ဝဝဝ ကျော်အထိ ဖွဲ့စည်းထား နိုင်ပြီဖြစ်ပြီး အဆိုပါ ကင်းထောက် လူငယ်များကို ကာယနှင့် အားကစား နည်းပညာ ရပ်များ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များ၊ တီထွင် လုပ်ကိုင် တတ်မှုများ၊ ကလေးသူငယ် အခွင့်အရေး များ၊ ဘေးအန္တရာယ် ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ သဘာဝ တောတောင် ရေမြေဆိုင်ရာ စူးစမ်း လေ့လာခြင်း၊ ခြေကျင် ခရီးထွက်ခြင်း၊ စခန်းချ ခရီးထွက်ခြင်း နှင့် အခြေခံ ရှေးဦး သူနာ ပြုစုခြင်း နည်းစနစ်များ စသည့် ဘာသာရပ် များကို လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကင်းထောက်လူငယ် အဖြစ် ရွေးချယ်ရာတွင် အများအကျိုးကို ဆောင်ရွက်လိုသူ၊ ကိုယ့်အား ကိုယ်ကိုး တတ်သူ၊ လူမှု ဆက်ဆံရေး ကောင်းမွန်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာရေး ကောင်းမွန်သူ နှင့် ဆန္ဒအလျောက် ပါဝင်လိုသူ များကို ဦးစားပေး ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရည်ရွယ်ချက်များ ဖြစ်သော ကင်းထောက် လူငယ်အဖွဲ့ သည် စစ်သဘော မပါ၊ နိုင်ငံရေး မစွက်၊ လူမှုဝန်ထမ်း သက်သက်မျှသာ ဖြစ်စေရေး ဦးတည် လေ့ကျင့်ပေးရန်၊ ကိုယ်ကျင့်တရား နှင့် စာရိတ္တ ကောင်းမွန်စေရန်၊ မိမိကိုယ်ကို အားကိုးတတ် စေရန်၊ အမိန့်နာခံ တတ်စေရန်၊ သတင်းအမှန် ရရှိရေး ကြည့်ရှုလေ့လာ စူးစမ်းတတ် စေရန်နှင့် တာဝန် သိမှုနှင့် လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ပြီး မိမိကိုယ်ကို လေ့ကျင့်နိုင်စွမ်း ရှိစေရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် လည်းကောင်း၊ အမျိုးသား ကင်းထောက် အဖွဲ့ကို ၁၉၂ဝ ပြည့်နှစ်တွင် လည်းကောင်း သီးခြား လွတ်လပ်သော အဖွဲ့များအဖြစ် စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကာ ထိုစဉ် အခါကပင် ကမ္ဘာ့ ကင်းထောက်အဖွဲ့ချုပ်၊ အာရှ ကင်းထောက်အဖွဲ့ စသည်တို့နှင့် ဆက်သွယ်ကာ အဖွဲ့ဝင်နိုင်ငံ အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, March 24, 2016

မြန်မာတစ်နိုင်ငံလုံး၌ ကင်းထောက်အင်အား ၂၀၀၀၀ ကျော်ရှိလာသည် အထိ ဆောင်ရွက်သွားမည်




ရန်ကုန် ။ ၂၄-၃-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝဝဝဝ ကျော် ရှိလာသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ကင်းထောက်ရုံးက ရန်ကုန်မြို့ အလုံ အ-ထ-က(၄)မှာ ရှိတယ်။ လောလောဆယ် ကျောင်း ၇၈ ကျောင်းက ကင်းထောက် အင်အား ၉ဝဝဝ ကျော် ရှိနေပါပြီ။ အင်အား ၂ဝဝဝဝ ကျော် ရှိလာဖို့ ရည်မှန်းထား ပါတယ်။ ဘယ်လို အသက်အရွယ် မဆို ပညာ အရည်အချင်း ဆဋ္ဌမတန်းနဲ့ အထက် မိမိ ဆန္ဒရှိတဲ့ သူတိုင်း ရွေးချယ် သင်တန်းပေး ရမှာပါ။ ကျောင်း အသီးသီးက တိုးချဲ့ ဆောင်ရွက် နိုင်ဖို့အတွက် ဖွဲ့စည်းပြီး ၇၈ ကျောင်းသာ မဟုတ်ဘဲ ဆန္ဒပြုလာတဲ့ ကျောင်းအလိုက် ဒီဇင်ဘာလမှာ နောက်ထပ် တိုးချဲ့မယ့် ကျောင်းတွေမှာ သင်တန်း ပေးမယ်။ ကျောင်းတွေမှာ ကင်းထောက် ဦးရေ ဘယ်လောက်လို့ မသတ်မှတ် ထားပါဘူး'' ဟု ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ညို က ပြောသည်။

အခြေခံပညာ ကျောင်းများ၌ ပြန်လည် စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက် များရှိပြီး အသက်အရွယ် ကိုလိုက်၍ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထား ခဲ့သည်။

ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက်အဆင့် ဟူ၍ သတ်မှတ် ထားသည်။ မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက်လူငယ် အဖွဲ့ အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Friday, March 4, 2016

ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) မှ ကင်းထောက်လူငယ်များ ပုပ္ပားတောင်မကြီး နှင့် ပုပ္ပားတောင်ကလပ် များလေ့လာ



နေပြည်တော် ၊ ၄-၃-၂၀၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင် သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်း (ပုပ္ပား)တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ(ပုပ္ပားစခန်း) သို့ ယမန်နေ့ နေ့လယ်ပိုင်းက ရောက်ရှိပြီး ကင်းထောက် လူငယ်များအား တွေ့ဆုံ အားပေးစကား ပြောကြားကာ စခန်းချကာလ အတွင်း လိုအပ်ချက် ရှိသည်များကို သက်ဆိုင်ရာ စခန်းတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ကင်းထောက် လူငယ်များသည် ကြီးကြပ် အုပ်ချုပ်သူဆရာ၊ ဆရာမများ လိုက်ပါပြီး ပုပ္ပား တောင်မကြီးနှင့် ပုပ္ပား တောင်ကလပ် တို့သို့ ခြေလျင် စခန်းချ လေ့လာရေး ခရီး ထွက်ခွာကြ သည်။ 

ထိုသို့ လေ့လာရေးခရီး ထွက်ခွာရာတွင် အမျိုးသား ကင်းထောက်အဖွဲ့ အင်အား ၂၇၁ ဦးသည် ပုပ္ပား တောင်မကြီး ပေါ်ရှိ ထူပါရုံစေတီကို ဖူးမြော်ကြည်ညို ကြပြီး ကင်းထောက် စခန်းချပညာ များကို ကင်းထောက်ကြီး များက သင်ကြားပေး ကြသည်။

အလားတူ အမျိုးသမီး ကင်းထောက် အဖွဲ့အင်အား ၂၄၉ ဦးသည် ပုပ္ပားတောင် ကလပ်ပေါ်ရှိ စေတီပုထိုးများကို ဖူးမြော်ကြပြီးနောက် ကင်းထောက် လုပ်ငန်းများကို လေ့လာ သင်ကြားသည်။ ညပိုင်းတွင် ကင်းထောက် လူငယ်မောင်မယ် များသည် တိုင်းရင်းသား စည်းလုံး  ညီညွတ်ရေးကို ရည်ရွယ်၍ မိမိတို့နေထိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒေသထွက်ကုန် များကို အမှတ်တရ လဲလှယ်ကြကြောင်း သိရှိရသည်။

ကိုလတ်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, March 3, 2016

ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ဖွင့်ပွဲကျင်းပ


ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ကိုတွေ့ရစဉ်


ကျောက်ပန်းတောင်း ၊ ၃-၃-၂၀၁၆

ကင်းထောက် လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် (ပုပ္ပားစခန်း)၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကင်းထောက် လူငယ်မောင်မယ် များက ''ပြည်သူ့အတွက် အစဉ်အသင့်'' ကင်းထောက် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံ အမျိုးသား ကင်းထောက်အလံ နှင့် အမျိုးသမီး ကင်းထောက်အလံ တို့အား လွှင့်တင်သည်။

ထို့နောက် ကင်းထောက်လူငယ် များနှင့် အခမ်းအနား တက်ရောက် လာကြသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကင်းထောက်အလံ တို့ကို အလေးပြုကြပြီး ကင်းထောက် လူငယ်များက ကင်းထောက် ကတိ(၃)ပါး ရွတ်ဆို၍ ကတိပြု ကြသည်။

ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကြီးသည် ၁၉၆၄ ခုနှစ်တွင် တိမ်မြုပ်သွား ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း မွေးဖွားလာကြောင်း၊ ကျောင်းပေါင်း ၂ဝ ကို အခြေပြု၍ ကင်းထောက် လူငယ်မောင်မယ် ၂ဝဝဝ နှင့် စတင်ဆောင်ရွက် ရာမှ ယခုနှစ် ဇန်နဝါရီအထိ ကင်းထောက် အင်အား ၅၉ဝဝဝ ကျော်အထိ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မြန်မာ အမျိုးသမီး ကင်းထောက်အဖွဲ့ ကို Country Working towards Membership အဖြစ် လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့ ကင်းထောက် အဖွဲ့၏ Associate Membership အဖြစ် လည်းကောင်း၊ မြန်မာအမျိုးသား ကင်းထောက်အဖွဲ့ ကိုလည်း ၂ဝ၁၅ ခုနှစ်တွင် ASEAN Scout Membership အဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရပြီး ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု နိုင်ရေး ကမ္ဘာ့ကင်းထောက် အဖွဲ့က စိစစ် ဆောင်ရွက်မှုများ ပြုလုပ် နေသည်ကိုလည်း လေ့လာသိရှိ ရသဖြင့် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့၏ ကြိုးစား ဆောင်ရွက်မှုနှင့် တိုးတက်မှုသည် အားရ ကျေနပ်ဖွယ် ဖြစ်ခဲ့ရကြောင်း၊ ကင်းထောက်များ အနေဖြင့် ကင်းထောက် ကတိ(၃)ပါးနှင့် ကျင့်ဝတ် (၁ဝ)ပါးကို ထာဝစဉ် ထိန်းသိမ်းပြီး ကင်းထောက် လူငယ် အချင်းချင်း ကင်းထောက် စိတ်ဓာတ်ဖြင့် လက်တွဲနေထိုင် သွားကြရန်နှင့် အများအကျိုး သယ်ပိုး ဆောင်ရွက်နိုင်ရေး အစဉ်အသင့် ဖြစ်နေပြီး ကောင်းမှုတစ်ခု နေ့စဉ်ပြု ကြရန်၊ ငယ်စဉ် ကင်းထောက် ထာဝရ ကင်းထောက် Once a Scout always a Scout ဆိုသည့် ဆောင်ပုဒ်အတိုင်း နောင် အနာဂတ် ခေါင်းဆောင်များ ဖြစ်သည့်အခါ ကင်းထောက် စိတ်ဓာတ်နှင့် ယုံကြည် စိတ်ချရသည့် နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်ညို က စခန်းချ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့အနေဖြင့် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ခွင့် ရရှိရေး အတွက် ဆောင်ရွက်ချက် များကို ရှင်းလင်း ပြောကြားသည်။

စခန်းချ ဖွင့်လှစ်ပွဲ အပြီးတွင် ကင်းထောက် ကြီးများက ကင်းထောက် အတွေ့အကြုံများ ကို ဟောပြော ပို့ချကြသည်။

စခန်းချ ကာလအတွင်း အခြေခံပညာ ကြီးကြပ်ဆရာ ၁၈ ဦး၊ ဆရာမ ၂၇ ဦး၊ တက္ကသိုလ် ကြီးကြပ်ဆရာ သုံးဦး၊ ဆရာမ ခုနစ်ဦး၊ အခြေခံပညာမှ အမျိုးသား ကင်းထောက် ၂၁၉ ဦး၊ အမျိုးသမီး ကင်းထောက် ၂၁၉ ဦး၊ တက္ကသိုလ် ကင်းထောက် အမျိုးသား ၃၁ ဦး နှင့် အမျိုးသမီး ၃၁ ဦးတို့ လေ့ကျင့် သင်ကြား ကြမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Monday, February 15, 2016

တက္ကသိုလ်ရှစ်ခုမှ အမျိုးသမီး ကင်းထောက်ခေါင်းဆောင် ၆၈ ဦးဖြင့် တတိယအကြိမ် အခြေခံနည်းပြသင်တန်း ဖွင့်လှစ်



ရန်ကုန် ၊ ၁၅-၂-၂၀၁၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ရန်ကုန်တက္ကသိုလ် မှ ဦးစီး၍ တက္ကသိုလ် ရှစ်ခုမှ အမျိုးသမီး ကင်းထောက် ခေါင်းဆောင် ၆၈ ဦးဖြင့် တတိယမြောက် အခြေခံနည်းပြ သင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ၌ ထပ်မံဖွင့်လှစ် လိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ သင်တန်းတွင် ပညာရေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ အမျိုးသား စီမံခန့်ခွဲရေး ကောလိပ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ဆရာမများ၊ ကျောင်းသူ ၆ဝ ဦးနှင့် ပြင်ပမှရှစ်ဦး စုစုပေါင်း ၆၈ ဦးပါဝင်သည်။

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့သည် အမျိုးသမီးငယ် လေး များအနေဖြင့် ကင်းထောက် စိတ်ဓာတ် ထားရှိကာ တစ်ဖက်သားကို ကူညီခြင်း၊ မိမိတို့ ကိုးကွယ်သည့် ဘာသာနှင့် မိမိတို့နိုင်ငံ အတွက် အကောင်းဆုံး လုပ်ဆောင် စေတတ် ခြင်း၊ သူတစ်ပါးအား အချိန်မရွေး ကူညီခြင်း အစရှိသည့် ကင်းထောက် ကျင့်ဝတ် ၁ဝ ပါး ကို အစဉ်လိုက် ထိန်းသိမ်းတတ် စေရန်နှင့် အရည်အချင်း ပြည့်ဝသည့် ကင်းထော က် ခေါင်းဆောင်များ ပေါ်ပေါက်စေရန် အခြေခံ နည်းပြ သင်တန်းများကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, November 27, 2015

၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ကင်းထောက် ညီလာသို့ မြန်မာနိုင်ငံ တက်ရောက်မည်


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန် နိုင်ငံ၌ ကျင်းပပြုလုပ် သွားမည့် ကမ္ဘာ့ကင်းထောက် ညီလာခံသို့ မြန်မာနိုင်ငံ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးကြိုင် က ပြောပြသည်။

မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်က တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် Asia- Pacific Regional Scout Conference က ပထမအကြိမ် တရားဝင် ဖိတ်ကြားခဲ့သည်။

့The World Organization of the Scout Movement (WOSM) ၏ စည်းမျဉ်းဥပဒေ Article V  အရ Steering Committee က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန် နိုင်ငံ၌ ကျင်းပ ပြုလုပ်သွားမည့် ကမ္ဘာ့ကင်းထောက် ညီလာခံသို့ တက်ရောက်မည် ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက် အဖွဲ့ချုပ်နှင့် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် ကိုယ်စားလှယ်တို့က ၂ဝ၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကို ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် အကြံဉာဏ်များ ပေးခြင်း ၊ ညှိနှိုင်းဆွေးနွေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (အိအိအောင်)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

Wednesday, November 26, 2014

ဂျပန်-မြန်မာ ကင်းထောက်များ ပူးပေါင်း၍ လေးရက်ကြာ စခန်းသွင်း လေ့ကျင့်မည်


ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ဂျပန်-မြန်မာ ကင်းထောက်များ ပူးပေါင်း၍ ကင်းထောက် စခန်းသွင်း လေ့ကျင့်မှု တစ်ရပ်ကို နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ၌ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရုံးပိတ်ရက် မပါ လေးရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ စခန်းသွင်း လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ အခြေခံပညာ ကျောင်းများမှ ဆဋ္ဌမတန်း နှင့် သတ္တမတန်း အရွယ် ကင်းထောက် ၄၅ ဦး၊ ကင်းထောက် နည်းပြ ၁၂ ဦး၊ ဂျပန်နိုင်ငံမှ ကင်းထောက် လူငယ် ၁၈ ဦး၊ ကင်းထောက် နည်းပြ ၁၂ ဦးပါဝင်မည် ဖြစ်ပြီး ဂျပန် ကင်းထောက်များမှ ကမ္ဘာ့ ကင်းထောက် အတွေ့အကြုံ များကို လက်ဆင့်ကမ်း ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ " အခုလို ဂျပန် အိုဆာကာ ကင်းထောက်အဖွဲ့ ရဲ့ လာရောက် ပူးပေါင်း လေ့ကျင့်မှု ဟာ နိုင်ငံတကာ အတွေ့အကြုံ တွေကို ရရှိနိုင်တဲ့ လမ်းကြောင်း တစ်ခုပါပဲ။ ဒီလိုချိတ်ဆက်မှု ရှိလာတာက မြန်မာနိုင်ငံကို ကမ္ဘာ့ ကင်းထောက် အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု ခံရဖို့ အခွင့်အရေး ဖြစ်လာပါတယ် ... '' ဟု မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ ကင်းထောက်ကြီး ဒေါ်တင်လှကြည် က ပြောသည်။

ဂျပန် အိုဆာကာ အမျိုးသမီး ကင်းထောက် အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက် များနှင့် ဒုတိယ အကြိမ် ပူးပေါင်း စခန်းသွင်း လေ့ကျင့်ရန် လာရောက်ခြင်း ဖြစ်ပြီး စခန်းသွင်း လေ့ကျင့်မည့် လေးရက် အတွင်း တဲထိုးခြင်း၊လက်မှု ပညာရပ်များ ဖလှယ်ခြင်း၊ ရိုးရာ အစားအစာ ချက်ပြုတ်နည်းများ ဖလှယ်ခြင်း၊ ညမီးပုံပွဲ ကျင်းပခြင်း၊ နေပြည်တော် အနီးရှိ ကျေးရွာတစ်ရွာ သို့ လေ့လာရေး ခရီး သွားရောက်ကာ ရွာခံ ကလေးများကို တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေး ခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

Sunday, September 21, 2014

အခြေခံပညာကျောင်း များ၌ ဖွံ့ ဖြိုးရေးဘာသာရပ် စာသင်ချိန်များတွင် ကင်းထောက် သင်ခန်းစာများ တွဲဖက်သင်ကြားနိုင်ရန် စီစဉ်


ကင်းထောက်လူငယ်များကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၁-၉-၂၀၁၄

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်း များ၌ ပညာ သင်ကြားနေသော အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ များအား ၄င်းတို့၏ ဖွံ့ဖြိုးရေး ဘာသာရပ် စာသင်ချိန်များတွင် ကင်းထောက် လုပ်ငန်းများနှင့် ပတ်သက်သော စာတွေ့ လက်တွေ့ သင်ခန်းစာများ သင်ကြား ပို့ချနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ် မှ သိရသည်။

ထိုကဲ့သို့ ကင်းထောက် သင်ခန်းစာများ သင်ကြား ပို့ချနိုင်စေရန် ပညာရေး ဝန်ကြီးဌာနသို့ တရားဝင် ခွင့်ပြုချက် ရရှိရန် အကြံပြု တင်ပြ ထားကြောင်း သိရသည်။ လက်ရှိတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် နှင့် ကမာရွတ် မြို့နယ် တို့ရှိ အခြေခံ ပညာကျောင်း အချို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာ ကျောင်း အချို့တို့၌ ကျောင်းသား၊ ကျောင်းသူ များအား ဖွံ့ဖြိုးရေး ဘာသာရပ် စာသင်ချိန် များတွင် ကင်းထောက် လုပ်ငန်းဆိုင်ရာ အခြေခံ သင်ခန်းစာ များကို စတင် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန မှ တရားဝင် ခွင့်ပြုချက် ရရှိလာသည့် အခါ မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်း အားလုံးနီးပါး ၌ ဖွံ့ဖြိုးရေး ဘာသာရပ် တစ်ခု အနေဖြင့် သင်ကြားရန် အခြေခံ ကင်းထောက် ပညာရပ်နှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်း များကို ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်း ၇၈ ကျောင်း၌ အမျိုးသား၊ အမျိုးသမီး ကင်းထောက် လူငယ် ဦးရေပေါင်း ၉၂ဝဝ နီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, May 5, 2014

ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့က မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့အား တွဲဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်


ရန်ကုန် ၊ ၅-၅-၂၀၁၄

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့ ကို ကမ္ဘာ့အမျိုးသမီး ကင်းထောက် အဖွဲ့တွင် တွဲဖက် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ်ပြု သွားရန် ကမ္ဘာ့ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်က စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအား ကမ္ဘာ့ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ် သို့ ပြန်လည် ၀င်ရောက်ရန် အဆိုပါ အဖွဲ့ချုပ်မှ တာဝန်ရှိ သူများက မြန်မာနိုင်ငံ သို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက် ခဲ့ကြကာ ယင်းကဲ့သို့ လာရောက် လေ့လာမှုများ ပြုလုပ်ပြီး နောက်ပိုင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် အာရှ - ပစိဖိတ်ဒေသ ညီလာခံ တွင် မြန်မာနိုင်ငံ အား The Country moving toward membership ကို ပေးအပ် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုလည်း ကမ္ဘာ့ အမျိုးသား ကင်းထောက် အဖွဲ့က ချိတ်ဆက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလက မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ကာ ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင် နိုင်ငံဖြစ်ရေး အတွက် လိုအပ်သည့် အကူအညီများ ပေးရေးကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် အနေဖြင့် မျိုးဆက်သစ် လူငယ်များအား ကင်းထောက် လုပ်ငန်းနှင့် ဆက်စပ်သော ရေကြောင်း ကင်းထောက် ၊ လေကြောင်း ကင်းထောက် နယ်ပယ် အသီးသီးတွင် ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားနိုင်ရေး ကို ဆောင်ရွက် ပေးသွားမည်ဟု လည်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်းထောက် အဖွဲ့ကို ၁၉၂၀ ပြည့်နှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ် ကတည်းက စတင် ဖွဲ့စည်း ခဲ့ကြောင်းလည်း သိရသည်။ ၁၉၆၂ ခုနှစ်က ကင်းထောက် အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့ကာ အင်အား အနေဖြင့် ၂၀၀၀ ကျော်ခန့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger