www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 2, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကျောင်းကုန်းနှင့် ပုသိမ်မြို့တို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်  မြောင်းမြတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်  ကျောင်းကုန်းနှင့် ပုသိမ်မြို့တို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
-
ပုသိမ်  ဧပြီ  ၁ 
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ဦးမင်းသူ၊  ဒေါက်တာ အောင်သူနှင့် ဦးအုန်းဝင်း၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင် နေပြည်တော်မှ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့် တာဝန်ရှိသူများကပုသိမ်မြို့လေဆိပ်၌  ကြိုဆို နှုတ်ဆက်ကြသည်။ 
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့်  မြောင်းမြသို့ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည်  မော်တော်ယာဉ်များဖြင့် မြောင်းမြတံတားဖွင့်ပွဲ အခမ်းအနားကျင်းပမည့်ယာယီမဏ္ဍပ်သို့ ရောက်ရှိကြသည်။ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တံတားဖွင့်ပွဲ မိန့်ခွန်းပြောကြားသည်။
-
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည် ဆောက်ရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံပြည်သူ စဝေလွင်မိုးက တံတား တည်ဆောက်ပြီးစီးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် မြောင်းမြတံတားသစ်မုခ်ဦးသို့ ရောက်ရှိကြပြီး တံတားသစ်အား ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေး ကြကာ အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တံတားသစ် မော်ကွန်းကမ္ပည်း ကျောက်စာ အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တံတားသစ် မော်ကွန်း ကမ္ပည်း ကျောက်စာကို အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် မော်တော်ယာဉ်ဖြင့်   မြောင်းမြ တံတား သစ်အား ဖြတ်သန်း ကြည့်ရှုသည်။
-
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြောင်းမြတံတားသစ် တည်ဆောက်ရေးတွင်ပါဝင် ဆောင်ရွက်ခဲ့ကြသည့်လုပ်သားများ နှင့်တွေ့ဆုံပြီး လုပ်သားများနိုင်ငံသား စိစစ်ရေး ကတ်ရရှိမှု အခြေအနေ၊လုပ်သား မိသားစုဝင် များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်အသက်မွေးဝမ်းကျောင်းမှု အခြေအနေများကို တွေဆုံမေးမြန်းသည်။ ရွေးမြစ်ကူးမြောင်းမြ တံတားဟောင်းကို ၁၉၉၄ ခုနှစ် မတ် ၁ ရက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်အသုံးပြုခဲ့ရာ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ကျိုးကျပျက်စီးခဲ့သည်။ယခု မြောင်းမြတံတားအသစ်ကို ၂ဝ၁၇ ခုနှစ် မေ ၁ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ် မတ် ၃ဝ ရက်တွင် တည်ဆောက် ပြီးစီးကာ ယနေ့ ၂ဝ၁၉ ခုနှစ် ဧပြီ  ၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
-
အဆိုပါတံတားသည် Steel Truss Deck Type သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီးတံတားအရှည် မီတာ ၈၃ဝ (၂၇၂၃ ဒသမ ၂၃ ပေ) ရှိကြောင်း ယာဉ်သွားလမ်း လမ်းအကျယ် ၈ ဒသမ ၅ မီတာ ၂၈ ပေ နှင့် လူသွားလမ်း တစ်ဖက်လျှင်  ၃ ပေစီပါရှိကြောင်း၊ ယာဉ်တစ်စီးချင်း ယာဉ်နှင့် ကုန်အပါအဝင် ၇၅တန် (အလေးချိန် Hs -25 Load Class) တင်ဆောင် ဖြတ်သန်း ခွင့်ပြုကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနသို့ရောက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းတို့  ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျား စာကြည့်တိုက်လုပ်ငန်းများ၊ ကွန်ပျူတာ အခြေခံသင်တန်းနှင့် ကလေး စာဖတ်ခန်း တို့ကို လှည့်လည်ကြည့်ရှုသည်။
-
ဆက်လက်၍   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ရဟတ်ယာဉ်များဖြင့် မြောင်းမြမြို့မှ ကျောင်းကုန်းမြို့သို့ရောက်ရှိကြပြီ ကျောင်းကုန်းမြို့နယ်အားကစားခန်းမ၌ဒေသခံပြည်သူများနှင့်  တွေ့ဆုံသည်။ တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမှာစကား ပြောကြားသည်။ ယင်းနောက် ကျောင်းကုန်းဒေသခံ ပြည်သူများ၏ တင်ပြချက် ၁၁ ချက်ကိုတင်ပြဆွေးနွေးကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ပြန်လည် ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ထို့နောက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည်တပ်မတော် ရဟတ်ယာဉ်များဖြင့် ကျောင်းကုန်းမြို့ မှ ပုသိမ်မြို့သို့ ရောက်ရှိကြပြီး ပုသိမ်မြို့တော် ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမှာစကား ပြောကြားသည်။ ယင်းနောက် ပုသိမ်မြို့ ဒေသခံပြည် သူများ၏ တင်ပြချက် ၁၁ချက်ကို တင်ပြဆွေးနွေးကြသည်။
-
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြည့်စွက် ရှင်းလင်းသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger