www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 27, 2019

အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂ဝ၁၉)ကြိမ်မြောက်အစည်းအဝေးကိုယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပရာအမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်ကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄/၂ဝ၁၉)ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ပထမဆုံးအကြိမ်အစည်းအဝေးဖြစ်ကြောင်း၊ယခင်က ဗဟိုကော်မတီ ဖွဲ့စည်းပုံတွင် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကိုယ်စားပြုအဖွဲ့ဝင်နှင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ကိုယ်စားပြုအဖွဲ့ဝင် စုစုပေါင်းနှစ်ဦးသာပါရှိခဲ့ကြောင်း၊ ယခုဗဟိုကော်မတီသစ်တွင် တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းကိုယ်စားလှယ်စုစုပေါင်းခြောက်ဦးထည့်သွင်းဖွဲ့စည်းထားကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အတွေ့အကြုံများနှင့် အကြံဉာဏ်များကိုရယူနိုင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုပြီး လက်တွေ့ဆန်သည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ 
-
ထို့နောက်ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေအသစ် ပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေဆက်လက်ရေးဆွဲ ဆောင်ရွက်နေမှု၊ Infrastructure များဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်မှု အဆင့်အတန်းမြင့်မားရေး၊လုပ်ငန်းလိုင်စင်များလွယ်ကူအဆင်ပြေစွာခွင့်ပြုရေး၊ ခရီးစဉ် ဒေသများ သန့်ရှင်းသာယာလှပရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးမပျောက်ပျက်စေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ရိုးရာအစားအသောက်များမြှင့်တင်ကြော်ငြာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးကိစ္စရပ်များအလေးထား ဆောင်ရွက်ရေးကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူးက ဗဟိုကော်မတီ၏ (၁/၂ဝ၁၈)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများဖွဲ့စည်းခွင့်နှင့်အမိန့်ထုတ်ပြန်ချက်များကို ဗဟိုကော်မတီသို့ တင်ပြပြီးအတည်ပြုချက်ရယူသည်။ 
-
ယင်းနောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊  ဦးသန့်စင်မောင်၊ဦးသိန်းဆွေနှင့်  ဒေါက်တာမြင့်ထွေးတို့က ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ရေး၊ဗီဇာခွင့်ပြုပေးနေမှု၊ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ဝင်/ထွက်ပေါက် ဖွင့်လှစ် ဆောင်ရွက်နေမှု၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ နယ်စပ်ဝင်/ထွက်ပေါက်များမှ ဗီဇာကင်းလွတ်ခွင့်နှင့် အပြန်အလှန် ဝင်ရောက်ခွင့်ပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ဗီဇာစစ်ဆေးရေးကိစ္စများကို ဖြေလျှော့ဆောင်ရွက်သွားမည့် အစီအစဉ်၊ ကမ္ဘာလှည့် ခရီးသွားများအားကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုနှင့် ဝန်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ 
-
ထို့နောက်ဒုတိယသမ္မတသည်အခမ်းအနားသို့တက်ရောက်လာကြသည့်ဗဟိုကော်မတီဝင်များနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်းနောက်အစည်းအဝေးကိုဆက်လက်ကျင်းပရာဗဟိုကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ 
-
တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒုတိယသမ္မတက သုံးသပ်ဆွေးနွေးရာ ပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များကိုPowerSharing အရ ခွဲဝေစီမံ ခန့်ခွဲမှုပြုနိုင်ရန် အဓိကဦးတည်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေကို လက်တွေ့ကျင့်သုံးပြီး အကျိုးရှိအောင် အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း။မိမိတို့နိုင်ငံတွင် ရှိပြီးသား ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို  ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်ရန်မှာလည်း အရေးကြီးကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့်ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် မျှော်လင့်ထားသည့် အတိုင်း အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ကိုလည်း စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger