www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 14, 2019

၂၄ နာရီ လျှပ်စစ်မီး ရရှိပြီဖြစ်သည့် မြန်မာပြည် မြောက်ဖျားက ပူတာအို ဒေသ

၂၄ နာရီ လျှပ်စစ်မီး ရရှိပြီဖြစ်သည့် မြန်မာပြည် မြောက်ဖျားက ပူတာအို ဒေသ
-
မြန်မာပြည်မြောက်ဖျားက  ရေခဲတောင်များ ဝန်းရံထားသည့် ပူတာအိုနှင့်မချမ်းဘော့ မြို့တို့အပါအဝင်  အနီးဝန်း ကျင်ရှိ ကျေးရွာ၂၃ ရွာတို့ကို ၂၄ နာရီ လျှပ်စစ်မီးအပြည့် အဝပေးနိုင်မည့်အထက်နမ့်ထွမ်ရေအား လျှပ်စစ် စီမံကိန်း ကို ဇန်နဝါရီလ ၉ ရက်တွင်  ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
-
အဆိုပါရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ အထက် နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပေါ်လာပုံမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်(ငြိမ်း)၏ ၂ဝ၁၄ ခုနှစ် မတ်လ ၁၈ ရက် ပူတာအို ခရီးစဉ်တွင် ပူတာအိုနှင့် မချမ်းဘော့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လိုအပ်သောလျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဖြင့် လုံလောက်စွာဖြန့်ဖြူး ပေးနိုင်ရေးအတွက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ အထက်နမ့်ထွမ် ရေအား လျှပ်စစ်စီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်း ပြီးစီး၍ ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ်သောကြောင့် ပူတာအိုနှင့်မချမ်းဘော့ဒေသတို့တွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ အတွက်လျှပ်စစ် မီးမှရရှိသော အသီးအပွင့်များကို စတင်ခံစားနေကြရပြီဖြစ်သည်။
-
-
ပူတာအိုမြို့သည် ထီးမားမတ်စောက်သည့် ရေခဲတောင်များဖြင့် ကာရံထားသည့် စိမ်းလန်းငြိမ်းချမ်းအေးမြခြင်းတို့ ဖြင့် ပြည့်စုံ လှပသည့် မြေပြန့်လွင်ပြင်တွင်တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည့်။ မြန်မာပြည်၏ဂုဏ်ယူဖွယ်ရာ ရေခဲ တောင်များဖြင့် အလှများစွာကို ပိုင်ဆိုင်ထားသည်။ ပူတာအို မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၂၉ ပေ တည်ရှိပြီး ကချင်ပြည်နယ်အတွင်းတည်ရှိသည့် ခရိုင်မြို့တစ်ခုဖြစ်ကာ မြန်မာပြည်၏ မြောက်ဘက်ဆုံးခရိုင်မြို့ တစ်မြို့ဖြစ်သည်။
-
-
အရှေ့ဘက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြောက်ဘက်တွင် တိဗက်ပြည်နယ်၊ အနောက်ဘက်တွင် နာဂ တောင်တန်းနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ထိစပ် နေသည်။ ပူတာအိုခရိုင်တွင် မချမ်းဘော့၊နောင်မွန်၊ ခေါင်လံဖူး၊ ဆွမ်ပရာဘွမ်နှင့် ပန်နန်းဒင် ဆိုသည့်မြို့များ ပါဝင်သည်။ ဂျိန်းဖော၊ ရဝမ်၊ လီဆူး၊ ခန္တီးရှမ်းနှင့် ရှမ်းနီ လူမျိုးတို့ နေထိုင်ကြသည်။ ၂ဝ၁၄ ခုနှစ်လူဦးရေသန်း ခေါင်စာရင်းအရပူတာအိုမြို့နယ်တွင် လူဦးရေစုစုပေါင်း ၆၁၁ဝဝ ခန့်နေ ထိုင်ကြောင်း သိရသည်။ ပူတာအိုဒေသသည် သဘာဝ တောတောင်ရေမြေ သယံဇာတများ ပေါကြွယ် ဝပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်၊ ဖုန်ကန်ရာဇီရေခဲတောင်၊ ဖုန်ရင်ရာဇီ ရေခဲတောင်နှင့် ဖန်ဂရန်ရာဇီတို့ အပါအဝင် အခြားသော ဆီးနှင်းများဖုံးလွှမ်းနေသည့်တောင်များရှိသည်။
-
ယင်းဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားများသည် တောင်ယာလုပ်ငန်း၊   သဘာဝတောထွက် ရှာဖွေရေး လုပ်ငန်းနှင့် ခရီးသွားလမ်းပြ လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြကြောင်းသိရသည်။ ယခင်က လျှပ်စစ်မီးကို အလှည့်ကျသာ သုံးစွဲနေခဲ့ရရာမှ ယခုအခါ ၂၄ နာရီလျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရမည့်  ပူတာအိုမြို့ ပေါ်ရှိ ရပ်ကွက် ၁ဝ ခု၊ မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်လေးခုနှင့်ပတ်ဝန်းကျင်တွင်ရှိသည့် ကျေးရွာ  ၂၃ ရွာတို့ ၌  နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ယခုအခါ လျှပ်စစ်မီး၏ အကျိုးကျေးဇူးများစတင်ခံစား နေရပြီဖြစ်ကြောင်း ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားခီတောက ပြောသည်။
-
''ကျွန်တော့်တစ်သက်မှာ ပူတာအိုဒေသ လျှပ်စစ်မီး လင်းနိုင်ပါ့မလားလို့ တွေးခဲ့ဖူးတယ်။ အခုတော့ ဒီအတွေး တွေက လက်တွေ့အကောင်အထည်ပေါ် လာပြီဖြစ်လို့ ဒေသခံရပ်မိရပ်ဖ တစ်ယောက်အနေနဲ့အရမ်းကိုဝမ်းသာ မိပါတယ်။ ဖယောင်းတိုင်မီးတွေ၊ မီးခွက်တွေအစား လျှပ်စစ်မီးတွေရလာပြီဖြစ်လို့ ဒေသဖွံ့ဖြိုးရေးအတွက်  အထောက်အကူတွေ အများကြီးရမယ်လို့ ယုံကြည်မိပါ တယ်'' ဟု အသက် ၅၃နှစ်အရွယ်ရှိ ဦးအားခီတောက ဆိုသည်။
-
အဆိုပါ လျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့၏ အနောက် တောင်ဘက် ၇ မိုင်အကွာတွင်ရှိသည့် နမ့်ထွမ်ချောင်းပေါ် ၌ တည်ဆောက်ထားသည်။ စီမံကိန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရေအားလျှပ်စစ်အကောင် အထည် ဖော်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် ဂျာမနီနိုင်ငံ Stucky SA GmbH  မှပညာရှင်များ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် မတ်လ မှ ဇွန်လ အထိ စူးစမ်းလေ့လာ တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စီမံကိန်း တည်ဆောက်ခြင်းကို ၂ဝ၁၄  ခုနှစ် ဇွန်လ ၂၄ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ခုနှစ် ဇွန်လတွင် စီမံကိန်း ပြီးစီးခဲ့သည်။
-
စီမံကိန်းဆိုင်ရာ အချက်အလက်များအနေဖြင့် ရေဆင်းဧရိယာ ၄၂ စတုရန်းမိုင်ရှိပြီး နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၆၂ လက်မ၊ နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၂၅၄ဝဝဝ ဧကပေ၊ ရေထု စီးနှုန်း ၃၅၃ ကုဗပေ/စက္ကန့်၊ရေအားအမြင့် ၁၄၁ ပေ၊   ရေလွှဲဆည်အမျိုးအစားမှာ ကွန်ကရစ် ရေလွှဲဆည် အမျိုးအစားဖြစ်ပြီး အလျား ၁၄၁ ပေ၊ အမြင့် ၄၁ ပေရှိပြီး သံကူကွန်ကရစ် ရေသွယ်မြောင်းမှာ အလျား ၇၅၄၆ ပေ၊  အကျယ်၁၂ ပေ ခြောက်လက်မ၊ အမြင့် ၁၅ ပေရှိပြီး  အချင်း ၅ ပေ၊ အလျား ၁ဝ၈ ပေရှိသည့် ဖိအားမြင့် သံမဏိ ပိုက်လိုင်းကို အသုံးပြုထားသည်။ ဓာတ်အားပေး စက်ရုံ အဆောက်အအုံမှာ အလျား ၁၃၂ ပေ၊ အနံ၂၉ ပေနှင့်  အမြင့် ပေ ၅ဝ ရှိကာ အလျားလိုက် ဖရန်စစ်တာဘိုင်များ တပ်ဆင်ထားသည်။ စက်တပ်ဆင်အား ၃ ဒသမ ၂ မဂ္ဂါဝပ် ရှိကာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ ၁၄ ဒသမ ၁၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်သည်။ 
-
ယခုအခါ လျှပ်စစ်ဓာတ်အားကို အချိန်ပြည့်သုံးစွဲနိုင် ပြီဖြစ်သည့်အတွက် ထင်းလောင်စာသုံးစွဲမှုလျှော့ချနိုင်ခဲ့ပြီ ဖြစ်သောကြောင့် သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အထောက် အကူပြု စေခဲ့သည်။ အထက်နမ့်ထွမ် ရေအား လျှပ်စစ်စီမံကိန်းတွင် ပါဝင်သော အဓိက ရေအား လျှပ်စစ် အဆောက်အအုံများမှာ ရေလွှဲဆည်နှင့် ရေယူအဆောက် အအုံ၊ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့် သံမဏိ ပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းတို့ဖြစ်ကြသည်။
-
ကချင်ပြည်နယ် ပူတာအိုဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများတွင် ထူးကုမ္ပဏီများ အုပ်စု၏စီးပွားရေး လုပ်ငန်းစု တစ်ခု ဖြစ်သော HTOO Construction Development Group Co., Ltd. မှ မြေသား ကျောက်သားနှင့် တည် ဆောက် ရေး လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
-
အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းတွင် တပ်ဆင်မည့် စက်မှုလျှပ်စစ် ပစ္စည်းများကို သြစတြီးယား အခြေစိုက် ANDRITZ   HYDRO ကုမ္ပဏီထံမှ မှာယူတင်သွင်းခြင်းဖြစ်ရာ ၎င်းစက်မှုလျှပ်စစ်ပစ္စည်းများကို ပြည်ပမှ အသုတ် လိုက် တင်ပို့ခဲ့ပြီး ရန်ကုန် ဆိပ်ကမ်းမှ ရန်ကုန်- မြစ်ကြီးနား- ပူတာအိုသို့ မော်တော်ယာဉ်များဖြင့်  သယ်ယူ ခဲ့ရကြောင်း  သိရသည်။ ရန်ကုန်မှသယ်ယူရာမြစ်ကြီးနားတွင် ခေတ္တရပ်နားပြီး မြစ်ကြီးနား- ပူတာအို ကားလမ်း အခြေအနေအရ  ဒေသသုံးယာဉ်များကို ဆက်လက်ငှားရမ်း၍ ခက်ခက်ခဲခဲ သယ်ယူခဲ့ရကြောင်း သိရသည်။ သယ်ယူစဉ်ကာလက

မြစ်ကြီးနား- ပူတာအို ကားလမ်းနှင့် တံတားများမှာပြုပြင် ဆောင်ရွက်ဆဲ ကာလဖြစ်၍ လမ်းတွင် လမ်းချော်ခြင်း၊ ဗွက်နစ်ခြင်း၊ တံတားရှောင်ကွင်း လမ်းများတွင် အခက်အခဲများ ကြုံတွေ့ခြင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ ကန့်သတ်မှုများရှိ၍ လမ်းခရီးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
ထို့ပြင် စက်မှုလျှပ်စစ် ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ၂၆ ရက်တွင် စတင်သယ်ယူခဲ့ပြီး စုစုပေါင်း ကိုးကြိမ်အထိ သယ်ယူခဲ့ရရာ စက်ပစ္စည်း စုစုပေါင်း တန် ၂၆ဝ ခန့်သည် ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် စီမံကိန်းဆောင်ရွက် မည့်နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ချိုဝင်းက ''ပူတာအိုနဲ့ မချမ်းဘော့ ဒေသခံပြည်သူတွေ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ် လို့ ဒီစီမံ ကိန်းမှာ ပါဝင်ဆောင်ရွက်ခဲ့ရတဲ့ တာဝန်ရှိသူတစ် ယောက်အနေနဲ့ ဝမ်းသာပါတယ်။ ဒီဒေသက ပြည်သူတွေ လျှပ်စစ်မီးကို အရင်က အလှည့်ကျသုံးစွဲနေရတာကနေ အခုဆိုရင်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ၊ ဟိုတယ် တွေ၊ အချိန်ပြည့်မီးရလာပြီဖြစ်လို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ၊ အသေးစားနဲ့အလတ် စား စက်မှုလက်မှု လုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်လာမှာဖြစ်သလို ထင်းသုံးစွဲမှုကိုလည်း လျှော့ချနိုင်ခဲ့ပြီဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်မယ်လို့ ယုံကြည်မိပါတယ်''ဟု ပြောသည်။
-
လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးမည့် တာဘိုင်စက် လေးလုံးကို ၂ဝ၁၈ ခုနှစ် မေလ ၂၈ ရက်တွင် စတင် တပ်ဆင်၍ စမ်းသပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာ ဇွန်၆ ရက်နေ့တွင် ပူတာအိုမြို့နှင့် မချမ်းဘော့မြို့တို့သို့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။ သြဂုတ် ၂၃ ရက်တွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် ကွန်ကရစ် ရေသွယ် မြောင်း ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ခဲ့ရာနိုဝင်ဘာ ၂ဝ ရက်တွင်ပြီးစီးခဲ့သဖြင့် ပူတာအိုမြို့၊  မချမ်းဘော့ မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာတို့သို့ လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။
-
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း)၏ ၂ဝ၁၄ ခုနှစ် မတ် ၁၈  ရက် ပူတာအိုခရီးစဉ်တွင် မြန်မာပြည်မြောက် ဖျားက တိုင်းရင်းသား သွေးချင်းတို့ နေထိုင်ရာ ပူတာအိုနှင့်  မချမ်းဘော့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်  လျက်ရှိ သည့် လျှပ်စစ် ဓာတ်အားကို မဖြစ်မနေအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် လမ်းညွှန်ချက်အရ ၂ဝ၁၄ ခုနှစ် ဇွန် ၂၆ ရက်မှ စတင်၍အခက်အခဲများကြားမှ  အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့်   အထက် နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းသည် ၂ဝ၁၈ ခုနှစ်၊ ဇွန်လတွင်ပြီးစီး၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာပြည် မြောက်ဖျားမှသွေးချင်းတိုင်းရင်းသားတို့သည် ၂၄ နာရီလျှပ်စစ်မီးရှိပြီဖြစ် သောကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်  ခရီးသွားလုပ်ငန်း၊  အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို လည်း တွင်ကျယ်စွာလုပ်ကိုင်နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်းပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သဖြင့်ရေခဲတောင်များ ဝန်းရံထားသည့် သဘာဝအလှများပေါကြွယ်ဝသော ပူတာအိုဒေသသည် လျှပ်စစ်မီးရောင်စုံများကြောင့် အလှပေါ် အယဉ်ဆင့်၍ မြင်တိုင်းတင့် နေပါတော့မည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger