www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

မန္တလေးမြို့၌ မြန်မာ-တရုတ် ယဉ်ကျေးမှု အကအလှ ဖျော်ဖြေပွဲကို ဇန်နဝါရီ ၃ဝ ရက်တွင် ကျင်းပမည်

-
မန္တလေး  ဇန်နဝါရီ  ၂၈ 
-
မန္တလေးမြို့၌ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်ယဉ်ကျေးမှု အကအလှ ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၃ဝ ရက် ညနေ ၄ နာရီတွင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
-
''ကျွန်တော်တို့ရဲ့နှစ်သစ်ကူးပွဲကို တရုတ်ရိုးရာ အစားအသောက်တွေ စတုဒိသာကျွေးမွေး ဧည့်ခံခြင်းနဲ့ မုန့်ဖိုးများပေးခြင်း၊  အလှဓာတ်ပုံရိုက်ကူးနိုင်ရန် ပြုလုပ်ထားတဲ့အတွက် လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်ပါတယ်။  မနှစ်ကလည်း မင်္ဂလာမန္တလေးမှာ လာရောက်လည်ပတ်ကြတဲ့ အများပြည်သူတွေနဲ့လည်း ပျော်ရွှင်စွာပြုလုပ်ခဲ့ပါတယ်။ တရုတ်ယဉ်ကျေးမှု အကြောင်း သိရှိနားလည်အောင်စီစဉ်ဆောင်ရွက်ထားပါတယ်''ဟု တရုတ်ကောင်စစ်ဝန် Mr. Wang Yu က ပြောသည်။ 
-
အဆိုပါပွဲတော်ကို မန္တလေးမြို့ရှိ Mingalar Mandalay ပရိုမိုးရှင်းဧရိယာ၌ တရုတ်ကောင်စစ်ဝန်ရုံးက ကြီးမှူး၍ တရုတ်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။ ''အရင်ကဆိုရင် မန္တလေးမြို့သစ်ဘက်မှာ အခုလိုပွဲကြီးတွေ ကျင်းပတာနည်းတယ်။ ပွဲသေးတွေပဲ ကျင်းပတာ များတယ်။ အခုလိုမြို့သစ်ဘက်မှာ ကျင်းပပေးတဲ့အတွက် အရမ်းကောင်းပါတယ်။ အခုပွဲက တရုတ်ရိုးရာတင်မကဘူး။ တိုင်းရင်းသား အတော်များများရဲ့ အကတွေနဲ့ဖျော်ဖြေမယ်။ ဘယ်သူမဆို အခမဲ့ကြည့်ရမယ်ဆိုတော့ ဝမ်းသာစွာကြိုဆိုပါတယ်'' ဟု မန္တလေးမြို့ဒေသခံ တစ်ဦးက ပြောသည်။ 
-
မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာ၌ ဒုတိယအကြိမ်ပြုလုပ်မည့် တရုတ်နှစ်သစ်ကူးအကြိုပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ ယူနန်၊  ဖူးကျန့်၊ ကွမ်တုံ  စသည့် လူမျိုးစုများ ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့များ၊ကြင်းတော်ယန်  ပရဟိတ အသင်းချုပ်၊  ကြင်းတော်ယန် ပရဟိတအမျိုးသမီးအသင်း၊ ဖူကျင့်ပရဟိတအမျိုးသမီးအသင်း၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများ အသင်း၊ မန္တလေးတရုတ် ကုန်သည်ကြီးများ အသင်း၊ Oversea Chinese Service Center နှင့် နယူးစတားလိုက် ကုမ္ပဏီအုပ်စုတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger