www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 14, 2019

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ၌ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်လျက်ရှိ

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ၌ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်လျက်ရှိ
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တောင်ကုန်းကျေးရွာ၌ အိမ်ထောင်စုအားလုံးသည် ရှေးဘိုးစဉ်ဘောင်ဆက် ကတည်းကပင် ရိုးရာအိုးလုပ်ငန်း အမျိုးမျိုး လုပ်ကိုင်လာသော ကျေးရွာဖြစ်သည်။ 
-
အဆိုပါကျေးရွာ၌  အိုးအမျိုးမျိုးပြုလုပ်ရာတွင် ကန်မြေအကြမ်း၊ အစေး(အချွဲ)သာ လိုအပ်ပြီး ကန်မြေအကြမ်းနှင့် အစေးရောစပ်ကာ လက်ဖြင့်ဆုပ်နယ်ခြင်း၊ ခြေဖြင့်နင်းနယ်ခြင်းများ ပြုလုပ်ပေးရသည်။
-
အိုးလုပ်မြေသားများသည် ရွှံ့စေးမြေသားဖြစ်ရန် လိုအပ်ပြီး ရေကန်ထဲမှ မြေသားများကို ကိုယ်တိုင်တူးယူခြင်းဖြင့် လည်းကောင်း၊ ဖောကားတစ်စီးငွေကျပ် ၁၇ဝဝဝ ဖြင့် လည်းကောင်း၊ လှည်းတစ်စီး ငွေကျပ် ၅ဝဝဝ ဖြင့် လည်းကောင်း ဝယ်ယူရရှိနိုင်ကာ အိုးလုပ်ငန်းအတွက် အိမ်ထောင်စုတစ်စုလျှင် ကန်မြေအကြမ်းနှင့် အစေး(အချွဲ) တစ်နှစ်စာဖောကား ၁ဝ စီးတိုက်ကုန်ကြောင်း၊ လှည်းဖြင့်တိုက်လျှင်လှည်းအစီး ၅ဝ ကျော် ကုန်ကျကြောင်းနှင့် အိမ်ဝိုင်းထဲပုံထားလို့ ရသလောက် ဝယ်ယူစုဆောင်းခြင်း၊ မိသားစုလိုက် သယ်ယူခြင်းများဖြင့် စုဆောင်းထားကြသည်။ 
-
အိုးပြုလုပ်ရာတွင် အိုးထွင်းသူများသည် အခြားအိမ်များ အိုးထွင်းရန်ရှိပါက အငှားလိုက်လေ့ ရှိကြောင်း၊ အိုးပြင်စက် တစ်ခုဖြင့် အိုးအမျိုးမျိုး ဖန်တီးပြုလုပ်ကြကြောင်း၊ လုပ်ပြီးသားအိုးများကိုအိမ်ရှေ့မြေကွက်လပ်များတွင် တစ်လုံးချင်းစီပြီး နေပြထားလေ့ ရှိသည်။ 
-
တောင်ကုန်းကျေးရွာမှ သောက်ရေအိုးကြီး၊ သောက်ရေအိုးလတ်၊ ထန်းဆွဲမြူအိုး၊ ညောင်ရေအိုး(ဘုရားတင်အိုး)၊ ဟင်းချက်အိုး၊ ပန်းအိုး၊ မြေအိုးစုဘူး၊ အရက်ပေါင်းအိုး၊ မြေရေဆေးအိုး(မြေဇလုံ)၊ မုန့်ပျားသလက်ထိုးအိုး၊ အိုးပုတ် ချိုးရုပ်အိုး အမျိုးမျိုး ထုတ်လုပ်ပြီး ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးမှာ ဈေးနှုန်း အလွန်ကြီးကြောင်း၊ ပြာသိုအိုး တစ်လုံးလျှင် ငွေကျပ်၅ဝဝဝ အထိ ရောင်းချရကြောင်း သိရပြီး ထန်းဆွဲမြူအိုးများ အများအပြား ထုတ်လုပ်ကာ လုပ်သလောက် ရောင်းချရကြောင်းနှင့် ထန်းတက်ရာသီမှ စတင်ထုတ်လုပ်ထားပြီး ထန်းတက်လုပ်ငန်း သိမ်းချိန်အထိထန်းဆွဲမြူအိုးများ ရောင်းချရသည်။
-
တောင်ကုန်းကျေးရွာသို့ ပြည်ပခရီးသွား လာရောက် လေ့လာမှု ရှိကြောင်း၊ အိုးလုပ်ရန် ကုန်ကြမ်းကန်မြေမှအစ အိုးဖို(ဖုတ်)ကုန်း ရောက်သည်အထိ   လေ့လာ မှတ်သားကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger