www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် ဦးရေသုံးသိန်းကျော် ဝင်ရောက်လေ့လာ

ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် ဦးရေသုံးသိန်းကျော် ဝင်ရောက်လေ့လာ
-
ညောင်ဦး  ဒီဇင်ဘာ  ၂ဝ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း    သုတေသနပြတိုက်သို့ ၂ဝ၁၈ ခုနှစ်အတွင်း   ပြတိုက်လာရောက် လေ့လာလည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်ဦးရေ  သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့်   အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးထံမှ သိရသည်။ 
-
အဆိုပါ   ပုဂံရှေးဟောင်းသုတေသန ပြတိုက်သည်  ညောင်ဦးမြို့နယ်  ပုဂံမြို့ဟောင်း ကန်တော့ပလ္လင်ဘုရား တောင်ဘက်တွင်   တည်ရှိကြောင်း၊  တနင်္လာနေ့နှင့်  ရုံးပိတ်ရက်များမှအပ  ကျန်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်ပေးထားကြောင်း၊   ပြတိုက်ဝင်ကြေးမှာ ပြည်ပဧည့်သည်တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ၊  ပြည်တွင်းဘုရားဖူး ခရီးသွားလေ့လာရေး ဧည့်သည်တစ်ဦးလျှင် (လူကြီး)  ငွေကျပ် ၅ဝဝ၊ ကျောင်းသား၊ ကျောင်းသူ၊ ကလေးနှင့် ရဟန်းသံဃာများ အခမဲ့ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။ 
-
ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို ၁၉ဝ၄ ခုနှစ်တွင် ကမ္ပည်းကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏ မြောက်ဘက်စောင်းတန်း အနီးတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊    ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင်  ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို  ထပ်မံတည်ဆောက် ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသတွင် ကမ္ဘာ့အဆင့်မီ    ရှေးဟောင်းသုတေသန ပြတိုက်ကြီးကို ၁၉၉၅ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး  ၁၉၉၈ ခုနှစ် ဧပြီ  ၁၇ ရက်တွင်   ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။ 
-
ပြတိုက်ကြီးသည် ကန်တော့ပလ္လင် ဘုရား၏တောင်ဘက် ရှစ်မြှောင့်ပုံပြတိုက်ဟောင်း၏ အနီးတွင် တည်ရှိပြီး ၁ဝ ဒသမ ၉၇ ဧက အကျယ်အဝန်းရှိသော မြေဧရိယာ ဝင်းအတွင်း တည်ဆောက်ထားသည်။ အဆိုပါ ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကြီး၌   အထူးပင်မပြခန်း၊   လက်မှုအနုပညာပြခန်း၊  ဗိသုကာပြခန်း၊  နန်းမြို့ ပြခန်း၊ စာပေပြခန်း၊ လူနေမှုဘဝပြခန်း၊  ဗုဒ္ဓအနုပညာပြခန်း၊  ဗုဒ္ဓဆင်းတုတော်များပြခန်း၊  ဘုရားပုထိုး ပန်းချီပြခန်း၊ နံရံဆေးရေး ပန်းချီပြခန်း  စသည့်ပြခန်း ၁ဝ ခန်းဖြင့် ခင်းကျင်းပြသထားပြီး   ပုဂံခေတ်  ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းပေါင်း   ၁ဝဝဝဝ   ကျော်  ပြသထားသည်။  
-
ပုဂံဒေသရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းမှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို  ပုဂံသုတေသန ပြတိုက်ကြီးအတွင်း၌ တစုတဝေးတည်း ကြည့်ရှုလေ့လာနိုင်ကာ ပြတိုက်အတွင်း ပြသထားသည့် ဝတ္ထုပစ္စည်းများ အကြောင်း  သိရှိလိုလျှင်လည်း  ပြတိုက်ဝန်ထမ်းများက  ရှင်းပြပေးကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း  ပြည်တွင်းဘုရားဖူးလေ့လာရေး ခရီးသွား ဧည့်သည် ၃ဝဝ၄၉၉ ဦး ဝင်ရောက်ပြီး   ပြည်ပခရီးသွား ဧည့်သည်  ၁ဝဝဝဝ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger