www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ကုန်စည်ပြပွဲ-၂ဝ၁၈ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ကုန်စည်ပြပွဲ-၂ဝ၁၈  ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
-
ကတ္တမန္ဒူး     နိုဝင်ဘာ     ၂၉ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ  ကတ္တမန္ဒူးမြို့  ထရီဗူဗန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြသည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား  နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သီရိပျံချီဦးထွန်းနေလင်းနှင့်  နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံတမန်ရေးရာဌာန အကြီးအကဲ Mr. Dipak  Adhikari တို့က ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထရီဗူဗန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာအက်စ်ရှ်ဝါပိုကာရယ် က ကြိုဆိုနှုတ်ဆက်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ  ဒုတိယ ဝန်ကြီးချုပ်တို့သည်  ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့်  Soaltee Crowne Plaza Hotel သို့ရောက်ရှိကြသည်။
-
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Pradeep Kumar Gyawali ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Soaltee Crowne Plaza Hotel ၌ လာရောက်တွေ့ဆုံသည်။
-
တွေ့ဆုံစဉ် သံတမန် ဆက်သွယ်မှု သမိုင်းကြောင်း ရှည်လျားသည့် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်မှု ကဏ္ဍတိုးမြှင့်ရေးအတွက်အလားအလာကောင်းများ ဖော်ဆောင်နိုင်ရန်၊ နှစ်နိုင်ငံကုန်သွယ်မှု ကဏ္ဍမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ-နီပေါ တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရေး အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ Bhrikuti Mandap ၌ကျင်းပသည့် ''နီပေါ ကုန်စည်ပြပွဲ- ၂ဝ၁၈''(Nepal Chamber Expo 2018)) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
-
ဖွင့်ပွဲအခမ်းအနားတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမိန့်ခွန်းပြောကြားရာတွင် မြန်မာနှင့်နီပေါနိုင်ငံတို့သည် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သောကြောင့် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အထည်အလိပ်နှင့် သားရေ အစရှိသော နယ်ပယ်များတွင်   ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း၊ထို့ပြင် ဒေသတွင်း ကြွယ်ဝချမ်းသာမှု မြှင့်တင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် ဒေသတွင်းရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သောဘဝများ တည်ဆောက်ရန် ရည်ရွယ်သော တောင်အာရှဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု    (SASEC) အစီအစဉ်တွင်   လက်တွဲဆောင်ရွက်နေကြောင်း။
-
၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနှင့်နီပေါ နိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၆ သန်းရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ စိုက်ပျိုးရေးနှင့် သစ်တောထွက် ပစ္စည်းများ၊ သစ်မာနှင့် သစ်ပါးလွှာတို့ဖြစ်ပြီး နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများမှာ စားသောက်ကုန်များ ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လမှစ၍ နီပေါနိုင်ငံမှကုမ္ပဏီ ၁ဝ ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်စရာများ ရှိနေကြောင်း။
-
-
နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုမှာ ဆယ်စုနှစ်ပေါင်း များစွာကြာသည့်တိုင် တည်မြဲခဲ့ကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် အတွေ့အကြုံများ တူညီမှုများရှိခြင်းက ပြည်သူအချင်းချင်း ထိတွေ့မှုကို မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေကြောင်း၊  ၂ဝ၁၆ ခုနှစ်တွင် စတင်တာဝန် ယူချိန်နောက်ပိုင်း လက်ရှိမြန်မာနိုင်ငံအစိုးရသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အကျိုးများသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ခိုင်မာစွာသန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း၊ အပြန်အလှန် အမှီပြုနေသည့် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ အကြား ချိန်ညှိရမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက်ခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ် ချမှတ်ရန် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း။
-
ထိုသို့ဆောင်ရွက်ရန် မိမိတို့အစိုးရသည် ပြည်သူကိုဗဟိုပြုသည့် အမျိုးသားစီးပွားရေး မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၌ ရေရှည်ထိန်းသိမ်း စောင့်ရှောက်မှုနှင့် သဘာဝအရင်းအမြစ်များ မျှမျှတတခွဲဝေသုံးစွဲမှုကို အားပေးသည့် စီးပွား ရေး မူဘောင်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ကြောင်း၊ မကြာသေးမီက ကုလသမဂ္ဂ၏ ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့်အညီ ပြင်ဆင်ထားသည့် ဘက်စုံပါဝင်သော စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်း စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (MSDP) ကို ချမှတ်ခဲ့ကြောင်း။
-
MSDP ၏ ရည်မှန်းချက်တစ်ခုစီတွင် ရည်မှန်းချက်နှင့်  မစ်ရှင်ကိုယ်စီရှိကြောင်း၊ ပထမ ရည်မှန်းချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒုတိယရည်မှန်းချက်မှာ စီးပွားရေး စီမံခန့်ခွဲမှု၊ တတိယရည်မှန်းချက်မှာ အလုပ်အကိုင် ဖန်တီးရေး၊ စတုတ္ထ ရည်မှန်းချက်မှာ လူသားစွမ်းဆောင်ရည်နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ပဉ္စမရည်မှန်းချက်မှာ သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကို  အလေးပေးကြောင်း၊  ပိုမိုဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူ အကြိုက် ပတ်ဝန်းကျင် ဖန်တီးနိုင်ရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေက ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းစဉ်ကို ရှင်းလင်းပေးပြီး မက်လုံးများ ပေးကာ ဖက်စပ်လုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှုရှိသော၊  ပိုမိုလွတ်လပ်မှု ရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ် ဖြစ်စေရန်အတွက် အာမခံပေးထားကြောင်း။
-
မြန်မာအစိုးရသည် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး  ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး ယင်းဝန်ကြီးဌာနက စီးပွားရေး အခွင့်အလမ်းများ ဖန်တီးခြင်း၊ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊  ဒေသတွင်းနှင့် ဒေသခွဲ အဖွဲ့အစည်းများနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် အညီ ပြင်ဆင်ထားသည့်ဥပဒေက အပြည့် အဝ အကာအကွယ် ပေးထားသည်ဆိုသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊   မြန်မာ့ စီးပွားရေး၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် ဦးဆောင်နယ်ပယ်များမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားနှင့် ကုန်ထုတ်လုပ်ငန်းများ ဖြစ်ကြောင်း။
-
အခြေခံအဆောက်အဦ၊   စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပို့ကုန်မြှင့်တင်ခြင်းနှင့် သွင်းကုန် အစားထိုးခြင်း၊ လျှပ်စစ်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု၊ကျန်းမာရေး စောင့်ရှောက်မှု၊ အများတတ်နိုင်သည့် အိမ်ရာ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကဲ့သို့သော မိမိတို့၏ ဦးစားပေး နယ်ပယ်များကို လေ့လာဖော်ထုတ်ရန် ပြည်ပရင်းနှီး မြှုပ်နှံသူများကို  မိမိဖိတ်ကြားလိုကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီးနောက် MyCo အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် မိတ်ဆက်မှုနှင့်အတူ  ၂ဝ၁၈  ခုနှစ် သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ အသက်ဝင်လာခဲ့ကြောင်း။
-
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ အလျှံပယ်ကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော သယ်ယူပို့ဆောင်ရေး ကွန်ရက်များ၊ လျှပ်စစ်မီးပေးရေး၊စမတ်စီးတီးများ တိုးချဲ့ရေးနှင့် ကျန်းမာရေးနှင့် အရည်အသွေးရှိသော ပညာရေးစနစ် တိုးတက်ဖြစ်ထွန်းရေးတို့တွင် အစိုးရက အထူးဦးစားပေး ဆောင်ရွက်နေသောကြောင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာသော အခွင့်အလမ်းများ မိမိတို့ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံ၌ အခွင့်အလမ်းသစ်များ ရှာဖွေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် လက်တွဲဆောင်ရွက်ရန် နီပေါစီးပွားရေး အသိုင်းအဝိုင်းကို မိမိအားပေး လိုကြောင်း ပြောကြားသည်။
-
အဆိုပါအခမ်းအနားတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ Mr. Pushpa Kamal Dahalနှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ  ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ  မစ္စတာ ရာဂျက်ကာရီ ရှရက်စ်သာတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။
-
ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌတို့နှင့်အတူ ''နီပေါကုန်စည်ပြပွဲ-၂ဝ၁၈'' (Nepal Chamber Expo 2018)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ''နီပေါကုန်စည်ပြပွဲ-၂ဝ၁၈'' တွင် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံမှ ပြခန်းများနှင့် အခြားနိုင်ငံများမှ ပြခန်းများကို  လှည့်လည်ကြည့်ရှု အားပေးသည်။
-
''နီပေါကုန်စည်ပြပွဲ-၂ဝ၁၈''တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ပြခန်းပေါင်း ၁၄၅ ခန်း ခင်းကျင်းပြသလျက်ရှိပြီး မြန်မာနိုင်ငံမှ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအသုံးအဆောင်များ ပြခန်း၊ လက်ဝတ်ရတနာများပြခန်း၊ ဒေသတွင်းထုတ်ကုန်များ ဖြစ်သည့် စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများပြခန်း၊ ပဲ စသည့် သီးနှံထွက်ကုန်ပြခန်းများ အပါအဝင် ပြခန်း ပေါင်း ၂ဝ ဖွင့်လှစ် ပြသလျက်ရှိကြောင်း သိရသည်။
-
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကိုမှာကြားသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များအား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger