www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ထာဝရ ငြိမ်းချမ်းရေး စေတီတော် ပန်းလည်တိုင် စိုက်ထူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

ထာဝရ ငြိမ်းချမ်းရေး စေတီတော် ပန်းလည်တိုင် စိုက်ထူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပ
-
နေပြည်တော် နိုဝင်ဘာ ၂၂
-
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေး စေတီတော် ပန်းလည်တိုင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်ကြည်ညို၍ ပန်းလည်တိုင်များ စိုက်ထူပူဇော်ကြသည်။
-
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကဝိသာရ အမှူးပြုသော စေတီတော်သြဝါဒါ စရိယဆရာတော်ကြီးများ ကြွရောက်တော်မူ ကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
-
အခမ်းအနားမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဓမ္မာရုံတော်အတွင်း  ကိန်းဝပ် စံပယ် တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ် အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန် နှင့်သောက်တော်ရေချမ်း တို့ကို ကပ်လှူပူဇော်သည်။
-
ထို့နောက် အစီအစဉ်ပထမပိုင်းကို စတင် ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ ဈေးကုန်း ကျောင်းတိုက် ဆရာတော်ကြီး ထံမှ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
-
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဆရာ တော် သံဃာတော်များထံ  ဆက်ကပ် လှူဒါန်း ကြသည်။
-
ဆက်လက်၍ ဆရာတော်သံဃာတော် များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှ သုတ် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများကို စေတီတော်ပရိဝုဏ်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။
-
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က နိုင်ငံတော်သြဝါဒါစရိယ ဈေးကုန်းဆရာတော်ကြီးထံ ထာဝရငြိမ်းချမ်းရေး စေတီတော်အထွတ်တွင် စိုက်ထူပူဇော်မည့် ပန်းလည်တိုင်အထက်အဆင့်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော် အဘိ ဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ ထာဝရငြိမ်းချမ်းရေးစေတီတော်အထွတ်တွင် စိုက်ထူပူဇော် မည့် ပန်းလည်တိုင် အလယ်အဆင့်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
-
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့က တိုင်းသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာကျောင်း တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ ထံ ပန်းလည်တိုင် မူလအဆင့်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်ဘုရားဒါယကာ၊ ဒါယိကာမများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
-
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ  ဈေးကုန်းဆရာတော်ကြီးထံမှ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်းအမျှပေးဝေကြသည်။
-
ထို့နောက် ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက ပန်းလည်တိုင်အထက် အဆင့်၊ အလယ်အဆင့်နှင့် မူလအဆင့် တို့ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ကုသိုလ်တော်မဏ္ဍပ်သို့ ပို့ဆောင် ပေးကြသည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၏ ဇနီး၊ ဒုတိယ သမ္မတ၏ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ဧည့်ပရိသတ်များသည် စေတီတော် အထွတ်တွင် စိုက်ထူ ပူဇော်မည့် ပန်းလည် တိုင်မူလအဆင့်၊ အလယ်အဆင့်နှင့် အထက်အဆင့်တို့ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ပူဇော်ပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်ပေးကြသည်။
-
မင်္ဂလာအချိန်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင် ဘုရား ဒါယကာတို့က ပန်းလည်တိုင် မူလအဆင့်၊ အလယ် အဆင့်နှင့် အထက်အဆင့်တို့ကို ရှေးထုံးကျမ်းဂန်နှင့်အညီ စေတီတော်အထွတ်တွင် အစီအစဉ်အတိုင်း စိုက်ထူ ပူဇော်ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် များက ဇယမင်္ဂလာ အောင်ဂါထာတော်များ ကိုရွတ်ဆို ပူဇော်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger