www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 11, 2018

အမျိုးသား အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းသား အရာရှိကြီးများအား အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
-
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခု ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်၌ မိမိတို့ တပ်မတော်သားများ အနေဖြင့် ဥပဒေအား နားလည်သိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ ဗဟုသုတ အသိပညာများ တိုးပွားစေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်စေရန် အတွက်လည်း စာဖတ်ရန် လိုကြောင်း၊ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊  ကာကွယ်ရေးအမြင်၊ အုပ်ချုပ်ရေး အမြင် စသည့် အမြင်(၄)မြင်အား နိုင်ငံတကာ အခြေအနေများနှင့် ပေါင်းစပ်လေ့လာ သွားရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တပ်မတော် တစ်ရပ်နှင့်တစ်ရပ် အုပ်ချုပ်မှု ပုံစံများနှင့် စံသတ်မှတ်ချက်များ တူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေများ၊ တပ်မတော် အခြေအနေများနှင့် နေထိုင်သည့် လူမျိုးများအပေါ်တွင် မူတည်ပြီး သတ်မှတ်ထားကြကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ဆောင်ရွက်၍ မရသည့် အကြောင်းအရာများ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အမြင်ကျယ်စေရန်အတွက် စစ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများအား စဉ်ဆက်မပြတ် လေ့လာနေရမည် ဖြစ်ကြောင်း၊ တပ်မတော်တွင် အရာရှိများအား အရာရှိငယ်ဘဝမှစပြီး အရာရှိကြီး ဖြစ်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အခြေခံမှစ၍ အဆင့်မြင့်သင်တန်းများ အထိ တာဝန်ထမ်းဆောင်သည့် အဆင့်နှင့်လျော်ညီသည့် သက်ဆိုင်ရာ သင်တန်းများအလိုက် သင်ကြားလေ့ကျင့်ပေးလျက် ရှိကြောင်းဖြင့် အလေးအနက် ထည့်သွင်းပြောကြားသည်။
-
တပ်မတော်အရာရှိများသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း၊ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း၊ အင်ဂျင်နီယာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းတို့တွင် အသီးသီး တက်ရောက်ကြစဉ် စစ်ပညာနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်  ကျောင်းသင်ခန်းစာတို့ကိုစာတွေ့လက်တွေ့ လေ့လာ သင်ယူကြရသည်။ ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ကြသော ဗိုလ်လောင်းများသည် စစ်ပညာကို စာတွေ့လက်တွေ့ လေ့လာသင်ယူကြရသည်။ ဗိုလ်လောင်းများ အနေဖြင့် စာတွေ့လက်တွေ့ သင်ယူကြရာ၌ တစ်ဦးချင်းတာဝန်သိ၊ တာဝန်ယူ၊ တာဝန်ကျေပွန်မှု၊ အဖွဲ့လိုက် လုပ်ဆောင်တတ်မှု၊ ခေါင်းဆောင်မှုနှင့် ပြည်သူ့ဆက်ဆံရေး စသည်တို့ကို တစ်ပြိုင်တည်း လေ့လာသင်ယူကြရသည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ယူပြီးဆုံး၍ သင်တန်းဆင်းပြီး တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ အရာရှိငယ်များ အဖြစ် တာဝန်ထမ်းဆောင်ကြချိန်တွင် တပ်စုမှူးသင်တန်း၊ တပ်ခွဲမှူးသင်တန်း၊ စစ်နည်းဗျူဟာ အထူးသင်တန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းများ၊ ဥပဒေ သင်တန်းများ၊ စည်းရုံးရေးဆိုင်ရာ သင်တန်းများကို တက်ရောက်လေ့လာ သင်ယူကြရသည်။ ထိုမှတစ်ဖန် တပ်ရင်းမှူး သင်တန်း၊ စစ်ဦးစီး တက္ကသိုလ်သင်တန်းတို့ကို ဆက်လက် တက်ရောက်လေ့လာ သင်ယူကြရသည်။ အဆိုပါသင်တန်းများအပြင် ပြည်ပနိုင်ငံများသို့ သွားရောက်၍ လေ့လာသင်ယူကြရသည့် သင်တန်းများလည်း ရှိသည်။
-
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ တက်ရောက်လာကြသော  သင်တန်းသား အရာရှိကြီးများသည် အရာရှိငယ်ဘဝတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်တို့ ထက်မြက်စေရန် ဆိုခဲ့သော သင်တန်းများသို့ တက်ရောက်ခဲ့ကြပြီး တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် ဘဏ္ဍာရေး အာဏာတို့ အပ်နှင်းခြင်း ခံရသော တပ်ရင်းမှူး တာဝန်ထက်ပို၍ အဆင့်မြင့် ကွပ်ကဲရသော တာဝန် ထမ်းဆောင်နေကြသူများဖြစ်သည်။ သင်တန်းသား အရာရှိကြီးများအား သင်ခန်းစာ ပို့ချပေးသူများမှာ ပညာရေး ဝန်ကြီးဌာနရှိ  တက္ကသိုလ်များမှ ပါမောက္ခများ၊ အခြား ဝန်ကြီးဌာနများမှ အဆင့်မြင့် ကျွမ်းကျင်သော ပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်များဖြစ်သည်။
-
သင်တန်းသား အရာရှိကြီးများသည် နိုင်ငံတကာရေးရာ၊ ပြည်တွင်းရေးရာတို့နှင့် သက်ဆိုင်သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများမှ မိမိတို့တာဝန်ကျသည့် ဘာသာရပ်နှင့် သက်ဆိုင်သော စာတမ်းပြုစု တင်သွင်းခြင်းနှင့် စာတမ်း ဖတ်ကြားခြင်းတို့တွင် အကျုံးဝင်သည့် ဘာသာရပ်အလိုက် တိကျခိုင်လုံသော အကြောင်းအရာ၊ အချက်အလက်များကို ကိုးကား၍ အကြောင်းအကျိုး ဆီလျော်သော သုံးသပ်ချက်နှင့်တကွ ပြုစုတင်ပြကြ ရသည်။
-
ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသော အခြေအနေများ၊ ကမ္ဘာ့ပြည်သူတို့၏ ကွဲပြားမှုများ စသည်တို့ကို သင်တန်းသား အရာရှိကြီးများ သိရှိကြရပြီး မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူများ၏ အခြေအနေ အရပ်ရပ်နှင့် ပေါင်းစပ် နှိုင်းယှဉ်ခြင်းဖြင့် အသိအမြင် ပိုမိုကျယ်ပြန့် လာကြသည့် အားလျော်စွာ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။    ။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger