www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 11, 2018

ခေးပူ-လွယ်မူပလော လမ်းကြောင်း ပြုပြင်ဖောက်လုပ်နေမှုအား NCA လက်မှတ် ရေးထိုးထားသည့် KNU တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ နယ်မြေခံတပ်မှူးအချို့မှ နားလည်မှုလွဲမှားခြင်းနှင့် စိုးရိမ်စိတ် ကြီးမှုတို့ဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ခြင်းများ ဆောင်ရွက်ချက်အပေါ် သတင်းထုတ်ပြန်ချက်





သိမ်းဆည်းရရှိခဲ့သည့်သက်သေခံကတ်ပြားများကိုတွေ့ရစဉ်။

သိမ်းဆည်းရရှိခဲ့သည့် ဗုံးသီးများကိုတွေ့ရစဉ်။

ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသူပါရှိသည့်ဓာတ်ပုံကိုတွေ့ရစဉ်။



သိမ်းဆည်းရမိ ကင်မရာ၊ ဖုန်းနှင့် ပစ္စည်းအချို့ကို တွေ့ရစဉ်။




နေပြည်တော် ၁၁-၄-၂ဝ၁၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသော ယခင်လမ်းကြောင်းဟောင်းအား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန် လည်းကောင်း၊ ပြန်လည်ပြုပြင် မွမ်းမံရန်ရှိသဖြင့် အဆိုပါကိစ္စအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့သည်။

လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ် များပြားပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်း များအား မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည် မိုင်းနင်းမှု ၃ ကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ၈ ကြိမ် (မိုင်း ၂၁ လုံး) ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

၎င်းတို့ဘက်မှ နှောင့်ယှက်ပစ်ခတ်ရန်နှင့် မိုင်းထောင်ရန် ကားလမ်းပေါ်သို့ ၀င်ရောက်လာသည့် မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ခေါ်ယူသော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့် အတူ အသေဖမ်းဆီးရရှိခဲ့ကာ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံ ကတ်ပြားများနှင့် တိုက်ဆိုင် စစ်ဆေးချက်များအရ ဦးစောကလိုပါး ဖြစ်ကြောင်း သိရှိရသည်။

လမ်းကြောင်းဟောင်း ပြုပြင်ဖောက်လုပ်မှုသည် တပ်အင်အား တိုးချဲ့၍ တပ်စခန်းတိုးမြှင့်ချထားရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိတပ်များ အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ရာတွင် အဆင်ပြေရန် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စိတ်များနှင့် မလိုလားအပ်သော မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် မိမိတို့ဘက်မှ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် JMC-U အစည်းအဝေးတွင် နှစ်ဖက်တပ် ခေါင်းဆောင်များ အဆိုပါဖြစ်စဉ် နယ်မြေ၀န်းကျင်၌ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သည်။

သို့သော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နယ်မြေရှိ အဓိကတာဝန်ရှိသူမှာ ကျန်းမာရေး အကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်သောကြောင့် ကျန်းမာရေးကောင်းသည့် အချိန်တွင် ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ပြန်လည် အကြောင်းကြား ခဲ့ပါသည်။

အလားတူ အဆိုပါနယ်မြေအတွင်း နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ရိက္ခာစုပုံရေးရာသီအတွင်း လမ်းကြောင်းပြန်လည်ပြုပြင်ခြင်းနှင့် ရိက္ခာပို့ချိန်များတွင်လည်း အဆိုပါ စိုးရိမ်စိတ်ကြီးမားပြီး နားလည်မှုလွဲမှားနေသည့် နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသည် မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ လမ်းဖောက်လုပ်သည့် ဒိုဇာအား မိုင်းထောင်ခြင်း ၁ ကြိမ်၊ ရိက္ခာပို့ယာဉ်တန်းအား မိုင်းထောင်ခြင်း ၁ ကြိမ်၊ စစ်သည်မိုင်းနင်းခြင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ကာ မိုင်းဖော်ထုတ်ရရှိမှု ၄၇ ကြိမ် နှင့် မိုင်း ၆၄ လုံး ရရှိခဲ့သည်။

ယင်းသို့ မိုင်းထောင်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ JMC-S အစည်း အဝေးများတွင် တပ်မတော်ဘက်မှ ကန့်ကွက်ဆွေးနွေးမှု ၅ ကြိမ်နှင့် JMC-U အစည်းအဝေးများတွင် ကန့်ကွက်ဆွေးနွေးမှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။

လုပ်ထုံးလုပ်နည်းနှင့်အညီ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း နှောင့်ယှက် ပစ်ခတ်မှုနှင့် မိုင်းထောင်မှုမှာ လျော့နည်းသွားခြင်းမရှိ၍ လွယ်မူပလောမှ ခေးပူအထိ ဆက်သွယ်ရေးလမ်းကြောင်းအဟောင်း ဖောက်လုပ်ရာတွင် စက်ယန္တရားများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ရာတွင် နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် စိုးရိမ်မှုများ ပိုမိုမြင့်မားလာခြင်းနှင့် နားလည်မှု၊ အထင်အမြင်လွဲမှားမှုမှတစ်ဆင့် ယခုကဲ့သို့ အောက်ခြေအဆင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေရခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တပ်များ ယုံကြည်မှု လျော့နည်းခြင်း၊ စိုးရိမ်စိတ်ကြီးမားမှုများ ပိုမိုဖြစ်ပေါ်လာခြင်းတို့ကြောင့် ပစ်ခတ်မှုများအား ဖြေရှင်းရန် JMC-S ၊ JMC-U များတွင် ဆွေးနွေးခြင်းနှင့် နှစ်ဖက်နယ်မြေခံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သော်လည်း ချိန်းဆိုသည့် အချိန်နီးကပ်မှသာ အဓိကနယ်မြေခံခေါင်းဆောင်မှာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်ဘဲ ကျန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် စေလွှတ်လာသဖြင့် တပ်မတော်အနေဖြင့် အဓိကစိုးရိမ်စိတ် ကြီးမားနေသည့် နယ်မြေခံ ခေါင်းဆောင်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ပြန်လည်ချိန်းဆိုခဲ့ရပြီး တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးနှင့် မိမိတပ်များ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်းအား တစ်ဖက်မှဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို တစ်ဖက်မှလည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှု လျော့နည်းမှုမဖြစ်စေရေး ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ရိက္ခာစုပုံစဉ်နှင့် ခေးပူ-လွယ်မူပလော ဆက်သွယ်ရေး လမ်းကြောင်းအဟောင်း ပြုပြင်ချိန်ကာလအတွင်း နှောင့်ယှက်ပစ်ခတ်မှုနှင့် မိုင်းထောင်မှုများအပေါ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်နေခြင်းကြောင့် နှစ်ဖက်ယုံကြည်မှု မပျက်ပြားစေရေး ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တရားဝင်သတင်းထုတ်ပြန်ခြင်း မပြုဘဲ JMC-S နှင့် JMC-U ဆွေးနွေးပွဲများအပါအ၀င် သက်ဆိုင်ရာ ဆက်ဆံရေးရုံးများမှ တစ်ဆင့်သာ ညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့် ဆောင်ရွက်သော်လည်း KNU တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ထုတ်ပြန် ကြေငြာချက်များအား တစ်ဖက်သက် ထုတ်ပြန်လာခဲ့ရာ ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် KNU ၏ ထုတ်ပြန်ကြေငြာချက်အပေါ် ယုံကြည်မှုနှင့် နားလည်မှု မလွဲမှားစေရန်နှင့် ပြည်သူလူထုအနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအပေါ် နားလည်မှုမလွဲစေရေး ယခုကဲ့သို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger