www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

မန္တလေး မဟာသင်္ကြန် မိသားစု တစ်ပိုင်တစ်နိုင် ရေကစားခွင့် စည်ပင်သို့ အာမခံစပေါ်ငွေကျပ် သုံးသိန်း ပေးသွင်းရမည်



မန္တလေး ၂၉-၃-၂ဝ၁၈

၂ဝ၁၈ ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန် ပွဲတော်တွင် သင်္ကြန်ကာလအတွင်း ကျုံးအနောက်ဘက်ခြမ်း၌ မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစား နိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အာမခံစပေါ်ငွေ အပါအဝင်ငွေကျပ် သုံးသိန်းပေးသွင်း ရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာ သတင်းထုတ်ပြန် ပေးချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သင်္ကြန်ကာလ အတွင်းမိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားနိုင်ရန် ရေပက်ကစား ခွင့်အတွက် ကျုံးအနောက်ဘက်ခြမ်း လမ်း၈ဝ၊ ၁၂လမ်းနှင့် ၁၉လမ်းကြား အတွင်း၌သာ ရေစုပ်စက်ဖြင့် ရေပက် ကစားခွင့်ပြုထားပြီး ရေကစားခွင့် အတွက် ငွေကျပ်နှစ်သိန်း၊ အာမခံစပေါ်ငွေ အတွက် ငွေကျပ်တစ်သိန်း ပေးသွင်းမှသာ ရေကစားခွင့် ပြုပေးသွားမည်ဟု ပါရှိသည်။

ထိုသို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းထုတ်ပြန် ပေးချက်ပါ မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားခွင့် အတွက်အာမခံ စပေါ်ငွေ အပါအဝင် ငွေကျပ် သုံးသိန်းပေးသွင်း ရမည့်အပေါ် "ပြီးခဲ့တဲ့နှစ်က စပေါ်ငွေ အပါအဝင် နှစ်သိန်းပေးရတယ်။ အခုလိုသာဆို မလွန်ဘူးလား။ မရှိဆင်းရဲသားတွေ ရေပက်မကစား နဲ့တော့လို့ ပြောတာနဲ့ အတူတူပါပဲ"ဟု အောင်မြေ သာစံမြို့နယ်အတွင်းမှ နှစ်စဉ်ရေပက် ကစားသူတစ်ဦးက ပြောပြသည်။

မိသားစု တစ်ပိုင်တစ်နိုင် ရေပက်ကစားခွင့် ပြုရာတွင်လည်း ခွင့်ပြုချက်ရရှိသော ရေကစားမည့်သူများသည် အချင်း နှစ်လက်မ (Section) ရေစုပ်စက်ဖြင့်သာ ရေပက်ကစား ခွင့်ပြုပြီး ရေပိုက်ခွဲထွက်ခွင့် သုံးခုသာ ခွင့်ပြုကြောင်း၊ အချင်းနှစ်လက်မ (Section) ရေစုပ်စက်၏ အထွက်တွင် မီးသတ်ပိုက်ခေါင်း တပ်ဆင်၍ ရေကစားခြင်းကို ခွင့်မပြုသကဲ့သို့ လေအိုးသုံးရေပိုက် များဖြင့်လည်း ရေပက်ကစားခြင်းကို ခွင့်ပြုမပေးကြောင်း သတ်မှတ်ထားသည်။

ထို့ပြင် ရေအားပြင်းထန်သည့် နော်ဇယ်ရေပိုက်ခေါင်း တပ်ဆင်ခြင်း၊ မော်တော်ကားပေါ် ရေစုပ်စက်တင်၍ ရေပက်ကစားခြင်း၊ မီးသတ်ငုတ် (Fire Hydrant) များမှ ရေကိုအသုံးပြု၍ ရေပက်ကစားခြင်းများ ကိုလည်း ခွင့်မပြုဟု ပါရှိပြီး ရေစုပ်စက်ကြောင့် ကျုံးသံပန်းများ၊ သစ်ပင်များ ပျက်စီးထိခိုက်မှု မရှိစေရန်နှင့် ရေပက်ကစားခွင့် ကိုနံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိနှင့် ညနေ ၃ နာရီမှ ၆ နာရီအတွင်းသာ ရေပက်ကစားရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေပက်ကစား ခွင့်ကို ဧပြီ ၂ ရက်မှ ၁ဝရက်ထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနသို့ ချိတ်ဆက်စာရင်း ပေးသွင်းနိုင်ပြီး အာမခံစပေါ်ငွေကို ဧပြီ ၂၃ ရက်မှစတင်၍ ပြန်လည်ထုတ်ပေး သွားမည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger