www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 27, 2018

ငှက်ဖျားသုတေသနအတွက် လူဦးရေ ၁ဝဝဝဝ ကို နမူနာသွေးဖောက် စစ်ဆေးမည်



မန္တလေး ၂၇-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ်တွင် ငှက်ဖျားသုတေသန လုပ်ငန်းအတွက် လူဦးရေ ၁ဝဝဝဝ ကို နမူနာသွေးဖောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

ငှက်ဖျားသုတေသန လုပ်ငန်းအတွက် နမူနာ သွေးဖောက် စစ်ဆေးခြင်းကို ယခု ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ဆောင်ရွက်နေပြီး ခြောက်လအတွင်း သုတေသနလုပ်ငန်းကို အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေက ပြောပြသည်။

"သွေးဖောက်စစ်ဆေး သုတေသန လုပ်တာက နှစ်ပိုင်းရှိပါတယ်။ ပထမက အခုလက်ရှိတစ်နိုင်ငံလုံး သုံးနေတဲ့ ငှက်ဖျားပိုး စစ်ကိရိယာနဲ့ စစ်ဆေးတာရယ်၊ ဒုတိယက အဲ့ဒီကိရိယာထက် လေးဆပိုကောင်းတဲ့ ငှက်ဖျားပိုးစစ် ကိရိယာနဲ့ စစ်ဆေးပါတယ်။ အဲ့ဒီငှက်ဖျားပိုး စစ်ကိရိယာနှစ်ခုနဲ့ စစ်ဆေးတာတွေကို ယှဉ်ကြည့်ပြီး ဘယ်ကိရိယာကို ဆက်သုံးမလဲဆိုတာကို သုတေသနပြုတာပါ"ဟု ၎င်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း လာမည့်မတ် ၃ ရက်နှင့် ၄ရက်တို့တွင် မတ္တရာမြို့နယ်၌ ငှက်ဖျားရောဂါ ကွင်းဆင်းစစ်ဆေးမှုကို ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဗဟိုဌာန၊ မန္တလေးတိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အဖွဲ့နှင့် ငှက်ဖျားသုတေသန တက္ကသိုလ်တစ်ခုတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး သတင်းပေးပို့မှု စနစ်ကို မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၇ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၅ ခုနှစ်မှစတင်၍ သုံးနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ်ထက်ဝက်နှုန်းခန့် ဆက်တိုက်လျော့ကျ လာလျက်ရှိကာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ၂ဝ၂ဝ ပြည့်နှစ်၌ ငှက်ဖျားရောဂါ လုံးဝကင်းစင်ရန် ရည်မှန်းထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger