www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 25, 2018

အင်းလေးကန် ရေပြင်ဧရိယာ ကျဉ်းမြောင်းလာသဖြင့် တိမ်ကောမှုမရှိစေရန် ဆောင်ရွက်မည်




ညောင်ရွှေ ၂၅-၁-၂ဝ၁၈

မြန်မာနိုင်ငံ အတွင်းထင်ရှားသော ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေပြင်သည် တိုးချဲ့နေထိုင်မှု များကြောင့် ကျဉ်းမြောင်းလာသဖြင့် တိမ်ကောမှုမရှိစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထံမှ သိရသည်။

အင်းလေးကန် ရေပြင်ဧရိယာသည် တရားမဝင် ကျွန်းမျောများ တိုးချဲ့လာခြင်းနှင့် ကျူးကျော်နေထိုင်ခြင်း များကြောင့် ကျဉ်းမြောင်း လာခြင်းဖြစ်သည်။

ထို့ကြောင့် တရားမဝင် ကျွန်းမျောများကို အရေးယူမည့် အပြင်ကျူးကျော်များအား သီးသန့်နေရာများ စီစဉ်ပေးရန် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အင်းလေးကန်ကမ်းစပ်၌ တည်ဆောက်ထားသော ဟိုတယ်များကလည်း ဗေဒါပင်များကို ဖယ်ရှား၍ တိုးချဲ့လာသဖြင့် ဆက်လက်တိုးချဲ့ခြင်း မပြုလုပ်ရန် အသိပေးထားကြောင်း သိရသည်။

အင်းလေးကန် ရေရှည်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပြီးအင်းလေး ကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၂ဝဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်အဖြစ် တည်ထောင်နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အပါအဝင် အင်းလေးဒေသကို ဇီဝအဝန်းနယ်မြေ အဖြစ်တည်ထောင်၍ ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို အမျိုးသားအဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့် ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ် မှုများပြားသော အင်းလေးဒေသကို ထိန်းသိမ်းခြင်း မလုပ်ဆောင်ပါက အင်းလေးကန်မှာ တိမ်ကောလာနိုင်ကြောင်း သိရသည်။

အင်းလေးဒေသအတွင်း ကျေးရွာပေါင်း ၄၄၆ ရွာအထိရှိပြီး အင်းလေးကန်ဧရိယာအတွင်း ကျေးရွာပေါင်း ၂၈၃ ရွာအထိရှိကြောင်း သိရသည်။ အင်းလေးကန်အတွင်းသို့ ကျွန်းမျောများတိုးချဲ့ ခြင်းအပါအဝင် မြေဆီလွှာတိုက်စား ခြင်းများဖြစ်စေသည့် ဓာတုဆေးဝါးများ သုံးစွဲခြင်းနှင့် ဟိုတယ်များတိုးချဲ့ ဆောက်လုပ်ခြင်းကို ထိန်းသိမ်းရမည် ဖြစ်ပြီး ယင်းကဲ့သို့ ထိန်းသိမ်းခြင်းများ မလုပ်ဆောင်ပါက လာမည့်နှစ် အနည်းငယ်အတွင်း အင်းလေးကန်သည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger