www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 26, 2017

နိုင်ငံတော်အစိုးရနှင့် NCA-S EAO တို့၏ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပ


နိုင်ငံတော်အစိုးရနှင့် NCA-S EAO တို့၏ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပစဉ်။

ရန်ကုန် ၂၆-၁၀-၂၀၁၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသော PPST အဖွဲ့များ၏ တောင်းဆိုချက်အရ နိုင်ငံတော်အစိုးရနှင့် NCA - S EAO တို့၏ NCA အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန- NRPC (ရန်ကုန်ရုံး) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးခင်ဇော်ဦး၊ဦးဇော်ဌေး၊ ဒေါက်တာမင်းဇော်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နည်းပညာအထောက်အကူ ပြုအဖွဲ့များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယခုကျင်းပသော NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသည် အစိုးရအနေဖြင့် လိုလိုလားလား ဆောင်ရွက်လိုသော အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအခါ NCA အကောင်အထည် ဖော်မှုသည် နှစ်နှစ်ကျော်လာပြီဖြစ်၍ NCA နှင့် ပတ်သက်သော ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးမှု၊ ဆောင်ရွက်နိုင်မှု၊ မည်မျှထပ်မံ ဖြည့်စွက်ရမည် စသောအရာများကို ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ပြီးခဲ့သည့် ကာလများတွင် NCA ၌ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော UPDJC နှင့် JMC တို့တွင် ဆောင်ရွက်ရမည့် SOP/TOR ရေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာ အလိုက် အစည်းအဝေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများကို ကရင်၊ ချင်း၊ ပအိုဝ်း ဒေသတို့တွင် လည်းကောင်း၊ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများကို တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်းကောင်း၊ အကြောင်းအရာအလိုက် အမျိုးသား အဆင့် CSOs ဖိုရမ်ကို နေပြည်တော်တွင်လည်း ပြုလုပ်နိုင်ခဲ့ကြောင်း၊ထို့ပြင်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ NCA ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ခဲ့သော လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ အခန်းအလိုက် ခေါင်းစဉ်များ အကောင်အထည် ဖော်နိုင်မှုတွင် လိုအပ်နေသည်များ၊ ဖြည့်စွက်စရာများကို ဆက်လက်ဆောင်ရွက်နိုင်စေရန် ယနေ့ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ကြောင်း၊ NCA သည် အခြေခံဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရသည့် အပိုင်းများတွင် SOP/TOR များဖြင့် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထိုအခြေခံ အချက်များအပေါ် ညှိနှိုင်းဆောင်ရွက်နိုင်သည့် အပြင် SOP/TOR များလည်းပြန်လည် ပြင်ဆင်နိုင်ကြောင်း၊ NCA စာချုပ်သည် EAOs များဘက်မှ အဆိုပြုချက်များအပေါ် အခြေခံပြီး အစိုးရနှင့်အချိန်ယူ ညှိနှိုင်းကာသဘောတူ ရေးဆွဲထားသော အရာဖြစ်ကြောင်း၊ယင်းကြောင့် NCA ကိုအခြေခံထားပြီး လိုအပ်ချက်၊ အားနည်းချက်များ ရှိပါက SOP / TOR များတွင် ဆက်လက်တိုးချဲ့ ပြင်ဆင်နိုင်ကြောင်း ပြောကြားသည်။ 

ထို့နောက် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ယခုအခါ NCA ကို အကောင်အထည် ဖော်မှုသည် နှစ်နှစ်ပြည့်မြောက်လာပြီ ဖြစ်ကြောင်း၊ NCA ဟူ၍ ယခင်က မရှိခဲ့ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှု အတွက်ဖြစ်စဉ် Process တစ်ခုဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယင်း Process ကို အရှိန်အဟုန်ဖြင့် ထိန်းသိမ်းသွားရန် လိုကြောင်း၊ ထို Process ကို ထိန်းသိမ်းရာတွင် ဖွဲ့စည်းတည်ဆောက်မှု Structure ရှိလာကြောင်း၊ တစ်နည်းဆိုသော် NCA ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဟူသည့် Structure ကို တည်ဆောက်လိုက်ခြင်း ဖြစ်ကြောင်း၊ထိုဖွဲ့စည်းမှုများကို အရှိန်အဟုန်ဖြင့် ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ NCA ကို နှစ်နှစ်ကြာ အကောင်အထည် ဖော်ခဲ့ပြီး ကာလတွင် ထို Process နှင့်ပတ်သက်၍ အရှိန်အဟုန် ကျရောက်နေခြင်းနှင့် တန့်နေခြင်း ရှိ၊ မရှိ၊ မည်သည့်နေရာ၌ တန့်နေသနည်း စသော ကိစ္စရပ်များကို တစ်ဖက်နှင့်တစ်ဖက် ပြေပြေလည်လည် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ညှိနှိုင်းဆွေးနွေးနိုင်သော Process ဖြစ်စဉ် NCA ရှိနေပြီးဖြစ်ရာ ထိုအရာကို မပျက်ပြယ်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့် ယဉ်ကျေးမှုဖြစ်စဉ် Process တစ်ခုကို အရှိန်အဟုန်ဖြင့် ထိန်းသိမ်းပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်း၍ ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံရေး ရလဒ်များအပေါ် မျှော်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို ညှိနှိုင်းတည်ဆောက် သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲတွင် NCA ၏ Process တိုင်း မည်သည့် နေရာ၌ ရပ်တန့်နေသည်၊ မည်သည့်နေရာ၌ ထပ်ဖြည့်ပြီး အရှိန်အဟုန်ဖြင့် သွားနိုင်ရန် နှစ်ဦးနှစ်ဖက် တိုင်းရင်းသား ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆွေးနွေးပေးစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ NCA - S EAO ဘက်မှ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ် အဖွဲ့ခေါင်းဆောင် ရဲဘော်သံခဲက ယခုလုပ်ငန်းစဉ်သည် NCA လက်မှတ် ရေးထိုးထားသော EAOs များအတွက် အရေးကြီးကြောင်း၊ NCA သည် ငြိမ်းချမ်းရေးအတွက် တံခါးပေါက်တစ်ခုဟု နားလည်ထားကြောင်း၊ NCA သည် မပြည့်စုံသော်လည်း မလွဲမသွေ ဖြတ်သန်းရမည့် ခရီးတစ်ခုဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို အတူတကွ ပြုပြင်ကြမည် ဆိုသည့် ဘုံသဘောထားရှိကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးသော EAOs အဖွဲ့ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံ၍ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ရန် တောင်းဆိုခဲ့မှုအပေါ် လက်ခံကြိုဆိုခဲ့ကြောင်း၊ထို့ကြောင့်ယခု အစည်းအဝေးများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထိုအရာသည် ညှိနှိုင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ဖြစ်ကြောင်း၊ ယနေ့ ဖြစ်ပွားနေသော ပြည်တွင်း ပဋိပက္ခများကို ချုပ်ငြိမ်း စေလိုသည့် ဆန္ဒများရှိကြောင်း၊ နှစ်ပေါင်း ၆ဝ ကျော် ပြည်တွင်းပဋိပက္ခ ပြဿနာများကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို အတူတကွ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ သို့သော် ယနေ့ မျက်မှောက်ကာလတွင် အတူတကွ လက်တွဲ လုပ်ဆောင်နိုင်မည့် အခြေအနေသို့ ရောက်ရှိလာပြီဟု ယူဆမိကြောင်း၊ NCA ကို လက်တွေ့ ဆောင်ရွက်မှုအပေါ် အခက်အခဲများ၊ မဆောင်ရွက်မီ အခက်အခဲများအား ဖြေရှင်းနိုင်သော နည်းလမ်းများကို ယခု ဆွေးနွေးပွဲများတွင် ချပြဆွေးနွေးသွားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ နှစ်ဖက်ခေါင်းဆောင် များက NCA စာချုပ်ပါအခန်းများ၊ ခေါင်းစဉ်ကြီးများ၊ ခေါင်းစဉ်ငယ်များနှင့် အကြောင်းအရာ များတွင် အားသာချက်၊ အားနည်းချက်ကို ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။

ယခု NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှ ရရှိလာသော ရလဒ်များကို JICM တွင်တင်ပြဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန- NRPC (ရန်ကုန်ရုံး) ၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger