www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 28, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker တို့ ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker တို့ ဂျာမနီတပ်မတော်၏ ကျဆုံးစစ်သည်ဗိမာန် Bundeswehr Memorial တွင် ပန်းခွေချစဉ်။


နေပြည်တော် ၂၈-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့နံနက်ဒေသစံတော်ချိန် ၁၀ နာရီတွင် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker က ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန သို့ရောက်ရှိကြရာ ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်နှင့်အတူ ဂျာမနီ တပ်မတော်၏ ကျဆုံးစစ်သည်ဗိမာန် Bundeswehr Memorial သို့သွားရောက်၍ ပန်းခွေချအလေးပြုသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်အောင်ကျော်မိုးတို့ ပါဝင်တက်ရောက် ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်တို့သည် ကာကွယ်ရေး ၀န်ကြီးဌာနအတွင်းရှိ စစ်ဦးစီးချုပ်ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ဖိတ်ကြား သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့တပ်မတော် နှစ်ရပ်အကြား လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် ပူးပေါင်းဆောင်ရွက်မှု များရှိခဲ့ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်အောင် တိုးမြှင့်တည်ဆောက် သွားလို ပါကြောင်း၊ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း သတင်းအချက် အလက်ဖလှယ်ခြင်း များကို ဆောင်ရွက်သွား လိုကြောင်း၊ ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်ကိုလည်း မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်လာရောက်ရန် ဖိတ်ကြားအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က ပြောကြားရာတွင် ချစ်ကြည်ရေးခရီးစဉ်အား အချိန်ပေး၍ လာရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူ ၀မ်းမြောက်စွာဖြင့် ကြိုဆိုအပ်ပါကြောင်း၊ ယခုခရီးစဉ်မှစ၍ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများကို မူလကထက်ပိုမို၍ ဆက်လက်တိုးမြှင့် တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မြန်မာ့တပ်မတော် အရာရှိများအား ဂျာမနီနိုင်ငံသို့ သင်တန်းများစေလွှတ် တက်ရောက်ခြင်း၊ နယ်ပယ်များ အလိုက် လေ့လာရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးများကို ဆောင်ရွက် သွားလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ်တို့သည် အထိမ်းအမှတ် ပစ္စည်းနှင့်လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေး အပ်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger