www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

၁၀ မိနစ်လျှင် ကလေးတစ်ဦးနှုန်း သေဆုံးနေသည့် ယီမင်ပြည်တွင်းစစ်


UN blacklists Saudi Arabia-led coalition for 'killing and maiming' 
children in Yemen air strikes


( ရှိန်းထက် )

မေ့ပျောက်ခံစစ်ပွဲ ဟု အမည်ပေးခံထား ရသော ယီမင်စစ်ပွဲသည် လူ့အခွင့်အရေး ဟု အော်နေကြသူများ ကြားတွင် နှစ်နှင့်ချီ ကွယ်ပျောက် နေသည်။ အမေရိကန် အစိုးရ၏ မျက်နှာလွှဲမှုကို ခံထားရ သကဲ့သို့ ကုလသမဂ္ဂ ကလည်း ထိရောက်သည့် ဖိအား ပေးနိုင်ခြင်း မရှိပေ။

ဆီးရီးယား၌သာ ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမေရိကန်တို့က ကမ္ဘာ့ စာမျက်နှာပေါ်၌ တင်ကြသည်။ ယီမင်ကို အစပင်ဖော်ခြင်း မရှိပေ။ ယီမင်နိုင်ငံသည် ဆီးရီးယား ထက် ပိုဆိုးနေပြီ ဖြစ်သည်။ 

ငါးနှစ်အောက် ကလေးငယ် ၂ ဒသမ ၂ သန်းမှာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး လေးသိန်းကျော်မှာ အာဟာရချို့တဲ့မှု ဒဏ်ကို အပြင်းအထန် ခံစားနေရသည်။

ယခု ယီမင်နိုင်ငံရှိ ကလေးငယ် ၁ဝ ဦးလျှင် တစ်ဦးနှုန်းသည် အာဟာရချို့တဲ့ မှုကြောင့် သေဆုံးနေရသည် ဟု UNICEF က ထုတ်ပြန်ထားသည်။ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ ၏ ပြင်းထန်သော လေကြောင်းထိုးစစ် များကြောင့် အစားအသောက်နှင့် ဆေးဝါးထောက်ပံ့ ပို့ဆောင်၍ မရလောက်အောင် ဖြစ်နေသကဲ့သို့ ဆေးရုံရောက်သည့် ကလေးငယ်များ အတွက်လည်း ဆေးဝါးလုံလောက်မှု မရှိသောကြောင့် မျှော်လင့်ချက်မဲ့ နေပေသည်။

ဆော်ဒီတို့၏ လေကြောင်းထိုးစစ် ကလည်း အထောက်အကူများ မရောက်စေရန် တမင်ထိုးစစ်ဆင် နေသလားဟု ထင်ရလောက်အောင် အချိန်တိုင်း ဗုံးကြဲနေသည်။ ဆေးရုံ၊ ကျောင်းနှင့် ဗလီအားလုံး ဗုံးကြဲမခံရသည့် နေရာမရှိသကဲ့သို့ နေ့စဉ်လိုလိုပင် ပြည်သူဆယ်ဦးနှင့် အထက် သေဆုံးနေရသည်။

အကယ်၍ ဆေးဝါးအထောက်အပံ့ နှင့် အစားအစာများ ရောက်လျှင် ဟူသီသူပုန်တို့ အတွက် အသက်ဆက်ရန် ဖြစ်နိုင်သေးသည်။ မရောက်ပါက ဒဏ်ရာရလျှင်ပင် ကုသရန် ဆေးဝါးမရှိသောကြောင့် သူ့စရိတ်နှင့်သူ
သေဆုံးရမည် ဖြစ်သည်။ ထိုအကွက်ကို ဆော်ဒီတို့ ခင်းနေခြင်းဖြစ်သည်။ သို့သော်လည်း ဆော်ဒီတို့ ရည်ရွယ်ချက်က ဟူသီသူပုန် တို့အတွက် ဖြစ်သည်။ ဗုံးကြဲလျှင်လည်း သေဆုံးသည့်သူပုန် အချိုးနှင့် ပြည်သူအချိုးက ဆတူနီးပါး ဖြစ်နေသည်။ နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရသည်မှာ ပြည်တွင်းစစ် နှစ်နှစ်အတွင်း မွေးဖွားလာသည့် ကလေးငယ်များနှင့် ငါးနှစ်အောက် ကလေးငယ်များ ဖြစ်သည်။ လိုအပ်သည့် အာဟာရနှင့် အစားအသောက် မရရှိသောကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမရှိဘဲ မွေးကင်းစ ကလေးကဲ့သို့ ပိန်လှီပြီး သေဆုံးရသည်။

၁ဝ မိနစ်လျှင် တစ်ဦးဆိုသော သေဆုံးမှုနှုန်းသည် ကြားရသူတိုင်းကို အံ့အားသင့် စေသကဲ့သို့ ဆော်ဒီနေရာ၌သာ အခြား အမေရိကန်၏ မဟာမိတ်မဟုတ်သော အခြားနိုင်ငံ တစ်နိုင်ငံဆိုလျှင် စီးပွားရေးအရ ပိတ်ဆို့မှုများ၊ စစ်ရေးအရ ပိတ်ဆို့မှုများနှင့် ယခု အချိန်ဆိုလျှင် ထိုနိုင်ငံသည် အထီးကျန် နိုင်ငံတစ်နိုင်ငံ ဖြစ်နေတော့မည် ဖြစ်သည်။ ထိုကလေးငယ်များ အာဟာရချို့တဲ့မှုနှင့် သေဆုံးမှု တရားခံသည် ဆော်ဒီ ဖြစ်သည်။ ကုလသမဂ္ဂက ဆော်ဒီကို အမည်ပျက်စာရင်း သွင်းသော်လည်း ပိတ်ဆို့မှု တစ်စုံတစ်ရာ မလုပ်ပေ။ ဆော်ဒီတို့ကလည်း ကုလသမဂ္ဂ ၏ ဝေဖန်မှုကို ဂရုမစိုက်။ အနောက်ကမ္ဘာခြမ်း၌ ၄င်းတို့က ဝေဖန်၍ ကောင်းနေချိန် ဆော်ဒီတို့က အရှေ့ကမ္ဘာခြမ်း၌ ဗုံးမိုးရွာကောင်း နေချိန်ဖြစ်သည်။ အမေရိကန် အစိုးရက ဆော်ဒီတို့ လူ့အခွင့်အရေး ချိုးဖောက်နေသည်၊ ရပ်တန်းကရပ် စသည့် ၄င်းတို့၏ လက်သုံးစကားများပင် မဟတော့ပေ။

ယီမင်၌ သမ္မတ ဆာလေးနှင့် ဒုတိယ သမ္မတတို့ ပြဿနာတက် ချိန်တွင် သမ္မတ ဆာလေး က ပြည်တွင်းရေးကြောင့် မြို့တော် ဆာနား က ထွက်ပြေးရသည်။ ဟူသီသူပုန် တို့က မြို့တော် ဆာနားကို သိမ်းပိုက်ရန် ကြိုးစားနေချိန် အမေရိကန်က ဆော်ဒီကို လက်နက် တပ်ဆင်ပေးပြီး တိုက်လေယာဉ် များပင် စေလွှတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့ဇာတ် သူမနိုင်ဖြစ်ကာ ဆော်ဒီတို့ကို ထိန်းမရဖြစ်ပြီး ထိုစစ်ပွဲမှ လက်ရှောင်ခဲ့သည်။ ယခုယီမင် စစ်ပွဲတွင် အမရိကန်တို့ မပါတော့ သော်လည်း ၄င်းတို့ စတင်ပေးသည့် စစ်ဖြစ်သည်။ အပစ်အခတ် ရက်သတ္တပတ် တိတိရပ်စဲရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားကြသည်။ ၄၈ နာရီမတိုင်မီ ပျက်စီးခဲ့ရသည်။ တရားခံမှာ ဆော်ဒီပင် ဖြစ်သည်။

အပစ်ရပ်ထားသည် ဆိုသည်မှာ စကားလုံးများသာ ဖြစ်သည်။ ရပ်ထားသည်ဟု ဆိုသည်မှာလည်း ဆော်ဒီ ဖြစ်သည်။ တကယ်တမ်း ဗုံးကြဲသူမှာလည်း ၄င်းပင်ဖြစ်သည်။ နောက်ဆုံးတွင် အမေရိကန်တို့က ဆော်ဒီကို ထိန်းမရ ဖြစ်နေသည်။ အာဖရိက၌ ဘာဖြစ်ဖြစ် အမေရိကန် ပါသည်။ အရှေ့အလယ်ပိုင်း ၌လည်း အမေရိကန် ပါသည်။ သို့သော် ယီမင်အရေးကို အမေရိကန် အစိုးရက သတင်းအမှောင်ချ ထားသည်။ ထို့ကြောင့် ကုလသမဂ္ဂ အကြီးတန်းအရာရှိ တို့၏ ဝေဖန်မှုကိုပင် ခံရသည်။ ထိုဝေဖန်မှုများက အမေရိကန် အစိုးရ၏ အရိပ်ကို မကျော်နိုင် ဖြစ်ရကာ ယခု အချိန်ထိပင် ယီမင်စစ်ပွဲသည် မေ့ပျောက်ခံ စစ်ပွဲတစ်ခု ဖြစ်နေသည်။ 

ဆီးရီးယား စစ်ပွဲတွင် အမေရိကန် တို့၏ ပါဝင်မှုအခန်းကဏ္ဍ သည် ရှေ့ဆုံးမှဖြစ်ပြီး ရုရှားတို့၏ လေကြောင်း ထိုးစစ်ကြောင့် ပြည်သူများ သေဆုံးခဲ့ရသည်။ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများလည်း ပို့မရ
အောင် ရုရှားတို့က လေကြောင်းမှ တိုက်ခိုက်နေသည်။ ဆေးရုံနှင့် စာသင်ကျောင်း တို့ကိုပင် မရှောင်သော ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှုကို အမေရိကန်တို့က အပြင်းအထန် ဝေဖန်ပြီး ရုရှားကို လူသတ်သမား အဖြစ် ပုံဖော်ကြသည်။ ယီမင်၌ ဆော်ဒီတို့ ဗုံးကြဲမှုသည် ဆီးရီးယား၌ ရုရှားတို့ ဗုံးကြဲမှုနှင့် တူသည်။ သို့သော် ယီမင်၌ ကလေး သေဆုံးမှုနှုန်း ဖြစ်သည့် ၁ဝ မိနစ်လျှင် တစ်ဦးနှုန်းသည် ဆီးရီးယား၌ မရှိပေ။ ယခုတော့ ယီမင်၌ ဖြစ်နေပြီ ဖြစ်သည်။ အကူအညီများ မရောက်စေရန် တမင်ပိတ်ဆို့ တိုက်ခိုက်နေသည်။ ရုရှား နှင့်ဆော်ဒီတို့ တိုက်ခိုက်နေတာချင်း အတူတူ အမည်ပျက်ပြီး တစ်ကမ္ဘာလုံး သိသည်က ရုရှားဖြစ်သည်။ ဆော်ဒီကတော့ အေးအေး ဆေးဆေး ပင်ဖြစ်သည်။

သတင်း စာမျက်နှာများ၌ ဆော်ဒီ မကောင်းကြောင်း ပါသည့်သတင်းမှာ ရှားပါးလှသည်။ အမေရိကန် ဆိုသည့် အရိပ်ကြီးသည် ဆော်ဒီရှေ့က မားမားရပ် ကာကွယ် ပေးထားသည်။ အမေရိကန်တို့၏ လူ့အခွင့်အရေး မဟာ ဘက်လိုက်မှုကြီး ဖြစ်သည်။ ယခု ထိုဘက်လိုက်မှု ကြီးကြောင့် အပြစ်မဲ့ ယီမင် ကလေးငယ်ပေါင်း များစွာ သေဆုံးနေ ကြသည်။ လူ့အခွင့်အရေး ဟု အော်သည့် ဗြိတိန် ဘယ်ရောက်နေလဲ၊ အမေရိကန် ဘယ်ရောက်နေလဲ၊ အင်အားကြီး အနောက်အုပ်စု ဘယ်ရောက်နေလဲ။ ယခုသူတို့ မသိချင် ယောင်ဆောင် နေသော ယီမင်၌ အပြစ်မဲ့ ကလေးငယ်ပေါင်း များစွာ၏ အသက် သေဆုံးနေရဦးမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger