www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 26, 2016

မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်သည့် ဒုံးကျည်နည်းပညာကြောင့် တစ်ဆင့်တိုး စိုးရိမ်နေရ




( ရှိန်းထက် )

အနောက်အုပ်စု၊ တောင်ကိုရီးယား နှင့်ဂျပန်တို့ မပြည့်စေချင်သော ဆန္ဒ၊ မြောက်ကိုရီးယား တို့ နှစ်ပေါင်းများစွာ အသည်းအသန် ကြိုးစားခဲ့ရသော စိတ်ကူးပုံရိပ် သြဂုတ် ၂၄ ရက်က အကောင်အထည် ပေါ်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ ရသော ရေငုပ်သင်္ဘောပေါ်မှ ဒုံးကျည်ပစ်လွှတ် နိုင်သည့် နည်းပညာကို ယခု မြောက်ကိုရီးယားတို့ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

၂ဝ၁၅ ခုနှစ် ဧပြီလတုန်းက မြောက်ကိုရီးယားတို့ အယောင်ဆောင် အောင်မြင်မှုကို နိုင်ငံတကာသို့ ချပြခဲ့သည်။ သို့သော် ထို အယောင်ဆောင်မှုကို အမေရိကန် သိပ္ပံ ပညာရှင် များက ခွာချနိုင်ခဲ့ကာ မြောက်ကိုရီးယား တို့ အမှန်တကယ် ပစ်လွှတ်နိုင်သည့် နည်းပညာကို မရသေးကြောင်း သက်သေ အထောက်အထားဖြင့် ဖွင့်ချပြခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင် ကင်ဂျုံအွန် အရှက်ကွဲခဲ့ ရသည်။

အမေရိကန်က မြောက်ကိုရီးယား တို့ ထိုနည်းပညာကို ရရှိရန် နှစ်နှင့်ချီကြိုးစား ရဦးမည်ဟု ဝေဖန်ခဲ့သည်။ နှစ်နှစ်အတွင်း ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်သည့် နည်းပညာကို ငါးကြိမ်တိုင်တိုင် မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့သည်။ တစ်ကြိမ်မျှ မအောင်မြင်ခဲ့ဘဲ ယခုတစ်ကြိမ်မှသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အနောက်အုပ်စု ကလည်း ထိုနည်းပညာကိုရရှိရန် စိုးရိမ်နေ ခဲ့သည်။

ပါကစ္စတန်မှာ ရေငုပ်သင်္ဘောပေါ် က ဒုံးပျံပစ်လွှတ်နိုင်သည့် နည်းပညာ မရှိသေးပေ။ မြေပြင်အခြေစိုက် ဒုံးပစ်စခန်းများ ကပင် စစ်ပွဲတစ်ပွဲကို ပါကစ္စတန်တို့ ဆင်နွှဲ နိုင်စွမ်းရှိသည်။ နျူကလီးယား ထိပ်ဖူးတပ် ထားသော ဒုံးပျံနှင့် တိုက်ခိုက်မည် ဆိုလျှင် ပါကစ္စတန်တို့ မြေပြင်ဒုံးပစ်စင် များကိုသာ အားကိုးရမည် ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနှင့် စစ်ဖြစ်ခဲ့လျှင် ပါကစ္စတန်တို့ နျူကလီးယား ပိုင်ဆိုင်တာချင်း အတူတူ နည်းပညာ နောက်ကျမှုကြောင့် ရှုံးနိမ့်ရန် ရာခိုင်နှုန်း ပိုများသည်ဟု ဝေဖန်ခံရခြင်း ဖြစ်သည်။ ယခု ပါကစ္စတန်ကိုပင် မြောက်ကိုရီးယား တို့ ကျော်တက်သွား ခဲ့ပြီဖြစ်သည်။ အသေးစား နျူကလီးယား ထိပ်ဖူးများ ကိုလည်း မြောက်ကိုရီးယား တို့ အောင်မြင်စွာ ထုတ်လုပ်ထား နိုင်ပြီး ဒုံးကျည်တွင် စိတ်ကြိုက် တပ်ဆင်နိုင်စွမ်း ရှိသည်။ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက်၊ ရေငုပ်သင်္ဘော မှ ပစ်နိုင်စွမ်းအား နှစ်ခုစလုံးသည် တောင်ကိုရီးယား နှင့် ဂျပန်ကို သာမက အမေရိကန်ကို ပင် အကောင်းဆုံး ခြိမ်းခြောက် နေနိုင်ပြီ ဖြစ်သည်။

ထို့ပြင် မကြာမီကပင် ကင်ဂျုံအွန် က သူ့စိတ်ကြိုက် တိုက်ချင်သည့် အချိန်တွင် နျူကလီးယား စစ်ပွဲဆင်နွှဲမည် ဟု စစ်ကြေညာ ထားသည်။ အောင်မြင်သည့် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည် ပစ်လွှတ်မှုကို မြောက်ကိုရီးယား တို့က ဆင်ပို ဆိပ်ကမ်းမြို့မှ ပစ်လွှတ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၅ဝဝ အထိ ရောက်ရှိခဲ့ကာ ဂျပန်စီးပွားရေးဇုန် EEZ ထဲသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဂျပန် စီးပွားရေးဇုန် EEZ ထဲသို့သာမက ဂျပန်လေကြောင်း ကာကွယ်ရေးဇုန် ADIZ ထဲသို့ပါ ရောက်ရှိလာခဲ့သည်။ေ နာက်ထပ် ကီလိုမီတာ၂၅ဝ ခန့် ဆက်သွားလျှင် ဂျပန် ကုန်းတွင်းပိုင်း သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းဒုံးကျည် သည် အကွာအဝေး ကီလိုမီတာ ၂ဝဝဝ ခန့်ကို ပစ်ခတ်နိုင်စွမ်း ရှိသည်ဟု အမေရိကန်တို့က ဆိုသည်။ ထို့ကြောင့် ဂျပန်ရှိ အမေရိကန် တို့၏ စစ်အခြေစိုက် အိုကီနာဝါ စစ်အခြေစိုက် စခန်းကို ချေမှုန်းနိုင်စွမ်း ရှိသည်။ အာရှစစ်ဗျူဟာ ၏ အမေရိကန်တို့ အားထားရာ ဂူအန်ကျွန်း ကိုလည်း ဖျောက်ဖျက်ပစ် နိုင်သည်။

ဇန်နဝါရီလ တုန်းက စမ်းသပ်ခဲ့သည့် မိုင်ပေါင်း ၇ဝဝဝ ပစ်နိုင်စွမ်း ရှိသော တာဝေးပစ်ဒုံးကျည် ဖြင့်ဆိုလျှင် အမေရိကန် ၏ ကမ်းခြေမြို့များ ကိုပင် ရောက်အောင် ပစ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဂျပန်၊ တောင်ကိုရီးယား နှင့် အမေရိကန် တို့က ကုလသမဂ္ဂ၏ နောက်ထပ် အရေးယူ ဆောင်ရွက်မှု များကို စောင့်မျှော် နေကြသည်။ တဖြည်းဖြည်းနှင့် မြောက်ကိုရီးယား ကို အရေးယူ ပိတ်ဆို့မှု ပိုပြုလုပ်လေ မြောက်ကိုရီးယား က သူတို့ မဖြစ်စေချင် သည့်ပုံစံ ပိုဖြစ်လာလေ ဖြစ်သည်။

မကြာမီကပင် အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် အကြီးမားဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ခုကို ပြုလုပ်ခဲ့သည်။ လူပေါင်း ၇၅ဝဝဝ ခန့်ပါဝင်သော ကျည်စစ်သုံး စစ်ရေး လေ့ကျင့်ခန်းသည် တရိပ်ရိပ် မြင့်တက် လာသော မြောက်ကိုရီးယား ၏ ထိုးစစ်ကို ကာကွယ်ရန် ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား ကတော့ သူ့နိုင်ငံကို သိမ်းပိုက်ရန် အမေရိကန်တို့ စစ်ရေးလေ့ကျင့် နေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ထိုစစ်ရေး လေ့ကျင့်ခန်းများ ကို ချက်ချင်းရပ်တန့် ပေးရန် တောင်းဆိုပြီး အပြင်းအထန် ရှုတ်ချခဲ့သည်။ အမေရိကန် တို့သည် စစ်ကို ဆွပေးနေသူများ ဖြစ်ပြီး စစ်မဖြစ် ဖြစ်အောင် လိုက်လုပ်နေသူ များဖြစ်သည်ဟု ဝေဖန်ကာ အမေရိကန်တို့ မရပ်တန့်လျှင် သူတို့လည်း စစ်ရေး လှုပ်ရှားမှုများကို ခြေတစ်လှမ်းမျှ မဆုတ်နိုင်ဟု ဆိုသည်။

အမေရိကန် ကလည်း တောင်ကိုရီးယား နှင့် ပူးတွဲစစ်ရေး လှုပ်ရှားမှု မှန်သမျှကို ရပ်တန့်ပေးခြင်း မရှိဘဲ မြောက်ကိုရီးယား တို့ တားမြစ်နေသည့် ကြားမှပင် လုပ်ဆောင် နေသည်။ မြောက်ကိုရီးယား ကလည်း အမေရိကန်တို့ တားလေ ပိုလုပ်ပြလေ ဖြစ်သည်။ ယခုတော့ မြောက်ကိုရီးယား တို့ရန်က တစ်ဆင့် တက်ကာ ပိုမိုစိုးရိမ်စရာ ဖြစ်လာ နေပြီဖြစ်သည်။ ယခင်က မြေပြင်ကိုပင် စောင့်ကြည့်ခဲ့ ရသော အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ရေပြင်ကိုလည်း အချိန်ပြည့် စောင့်ကြည့် ရတော့မည် ဖြစ်သည်။

သူ့နိုင်ငံ ရေပိုင်နက်တွင် သာမက နိုင်ငံတကာ ရေပိုင်နက်တွင်ပင် ခြေဆန့်ကာ သွားလာနေသော မြောက်ကိုရီးယား ရေငုပ်သင်္ဘော များသည် ဆယ်နှင့်ချီ ရှိနေသည်။ တစ်ခါတစ်ရံတွင် အမေရိကန်တို့ ခြေရာခံ နေရင်းက မြောက်ကိုရီးယား ရေငုပ်သင်္ဘောများ ပျောက်ပျက် သွားတတ်သည်။ ထို့ကြောင့် မြောက်ကိုရီးယား ရေငုပ်သင်္ဘော များကို အမေရိကန်တို့ ကြောက်နေရခြင်း ဖြစ်သည်။ ကမ္ဘာ့ပေါ်၌ အကြီးမားဆုံး ရေငုပ်သင်္ဘော အုပ်စုကို ပိုင်ဆိုင်သော နိုင်ငံမှာ မြောက်ကိုရီးယား ဖြစ်သည်။ ရေငုပ်သင်္ဘော ပေါင်း ၇၈ စင်းကို ပိုင်ဆိုင်ပြီး စစ်ပွဲတစ်ပွဲ ဖြစ်လာလျှင် လိုအပ်သလို ဖြန့်ကြက်နိုင်စွမ်း ရှိကာ ယခု ရေငုပ်သင်္ဘော ပေါ်မှ ပစ်ခတ်နိုင်သည့် နည်းပညာကိုပင် ပိုင်ဆိုင် လာသောကြောင့် မြောက်ကိုရီးယား စစ်တပ်၏ သြဇာသည် ပိုမိုကြီးထွား လာတော့သည်။

ယခင်က မြောက်ကိုရီးယား တို့သည် တော်ပီဒိုနှင့် စစ်အင်အား ဖြန့်ကြက်ရန် ရေငုပ်သင်္ဘော များကို အသုံးပြုသည်။ ယခုအခါ ၄င်းတို့စစ်တပ်၏ ရှေ့ပြေးများ အဖြစ် ရေထဲတွင်သာ တိုက်ပွဲဝင်နိုင်ရုံ သာမက ကုန်းတွင်းပိုင်း တိုက်ပွဲများ တွင်လည်း ပါဝင်နိုင် တော့မည်ဖြစ်သည်။ ဒီဇယ် ရေငုပ်သင်္ဘော များပင် ဖြစ်သော်လည်း ဘက်စုံသုံး တိုက်ပွဲဝင်၍ ရတော့မည် ဖြစ်သည်။

ထို့ကြောင့် မြောက်ကိုရီးယား ကို ထိန်းချုပ်ရန် အမေရိကန်တို့ ပိုမိုအားထုတ် ရတော့မည် ဖြစ်သည်။ ထိုကြားထဲ မထင်လျှင် မထင်သလို လုပ်တတ်သည့် ကင်ဂျုံအွန် ကြောင့် စစ်ပွဲကလည်း ဘယ်အချိန် ဖြစ်လာမည်မှန်း မသိရသေး။ မြောက်ကိုရီးယား သည် နျူကလီးယား စစ်ပွဲအတွက် ခြိမ်းခြောက်ပြီး ရင်း ခြိမ်းခြောက်လာသည်။ သူလှုပ်သည်နှင့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ဝင်သိမ်းမည် ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲဖြစ်ခဲ့လျှင် မြောက်ကိုရီးယား သည် နျူကလီးယား နှင့်သာ တိုက်ခိုက်မည်မှာ သေချာသည်။

၂ဝ၁၆ ခုနှစ်သည် မြောက်ကိုရီးယား တို့၏ အအောင်မြင်ဆုံး နှင့် ကံအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ကာ ဟိုက်ဒရိုဂျင်ဗုံး၊ တာဝေးပစ် ဒုံးပျံနှင့် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည် ပစ်လွှတ်နိုင်သည့် အကောင်းဆုံး နည်းပညာ စသည်တို့ကို ပိုင်ဆိုင်ပြီး ကမ္ဘာ ပေါ်၌ နျူကလီးယား စစ်ကို ဦးဆောင်မည့် နိုင်ငံအဖြစ် တဖြည်းဖြည်းနှင့် ပိုမိုပီပြင်လာပြီ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger