www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

AA သောင်းကျန်းသူအဖွဲ့၏ လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖော်ထုတ် အရေးယူ


Arakan Army (AA) သောင်းကျန်းသူ အဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်း ၊ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၂-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် တာမွေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ မိနစ် ၂ဝ တွင် သက်သေများ နှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် နတ်မောက် ရပ်ကွက် ဦးထွန်းမြတ်လမ်း Victor International School ရှေ့အရောက် မီးဖွင့်ပြီး စက်နှိုး ရပ်ထားသော Toyota Hilux Vigo ယာဉ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အလုံမြို့နယ် ထော်လီကွေ့ စောရန်ပိုင် အနောက်ရပ်ကွက် နွယ်သာကီ လမ်းနေ Arakan Army (AA) သောင်းကျန်းသူ အဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိ အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) မင်းခန့် (ခ) ညီညီ ၂၆ နှစ်အား ယာဉ်ပေါ်မှ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9mm သံကိုယ်ထည် အနက်ရောင် ပစ္စတိုတစ်လက် နှင့် ဆက်စပ်ပစ္စည်း ၁၄ မျိုးအား တွေ့ရှိသဖြင့် တာမွေမြို့မ ရဲစခန်းတွင် လက်နက်များ အက်ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၄င်းသည် ဝေသာထွန်း(ခ) မျိုးဇော် ၃၃ နှစ်နှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၂) ရပ်ကွက်တွင် ငှားရမ်း နေထိုင်ကြောင်း သိရှိရသဖြင့် သွားရောက် ရှာဖွေရာ ဝေသာထွန်း(ခ) မျိုးဇော်အား မတွေ့ရှိ သော်လည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ စစ်သုံး အီကွေးမင့် ၄၂ ခု၊ အစိမ်းရောင် ပြောက်ကျား ကျောပိုးအိတ် ၈ဝ အိတ်၊ အစိမ်းရောင် စစ်ဘေးလွယ်အိတ် ၇ဝ လုံး၊ ၄င်းကြိုး ၆ဝ၊ Bushnell စာတန်းပါ ညကြည့်မှန်ပြောင်း ငါးခု၊ ICON IC-V8 စာတန်းပါ အစိမ်းရောင် စကားပြောစက် ၂၁ လုံး၊ Compass စာတန်းပါ သံလိုက်အိမ်မြှောင် ကိုးလုံး၊ GARMIN စာတန်းပါ GPS တစ်လုံး၊ စစ်သုံး အစိမ်းရောင် ပလတ်စတစ် မြေယာခင်း ၈၉ ထည်၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ မြေမြှုပ်ဗုံးများ ပြုလုပ်ရာတွင် အသုံးပြုသည့် ပလတ်စတစ် ကော်ပိုက် (အမာ) အပိုင်းအစများ၊ သံပြား လေးပြား၊ ကော်ပြား တစ်ပြား၊ ယာဉ်နံပါတ်ပြား တစ်ခုတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး ယင်းနေ့ညနေ ၃ နာရီ မိနစ် ၅ဝ တွင် မြောက်ဥက္ကလာပ မြို့နယ် (ဈ)ရပ်ကွက် ဘုမ္မာလမ်းသွယ် တွင် ဝေသာထွန်း(ခ) မျိုးဇော် အား ဖမ်းဆီးရမိ ခဲ့သဖြင့် ၄င်းတို့နှစ်ဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ တို့ဖြင့် အမှုဖွင့် အရေးယူ ခဲ့သည်။

ဆက်လက်ပြီး ဝေသာထွန်း(ခ) မျိုးဇော် နေထိုင်ရာ မြောက်ဥက္ကလာပ မြို့နယ် (ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်း နေအိမ်သို့ သွားရောက် ရှာဖွေရာ လှေကားအံဝှက် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၃၃ဝ၈ဝဝ ပြား ဖမ်းဆီးရမိခဲ့ သဖြင့် ၄င်းတို့နှစ်ဦးအား မြောက်ဥက္ကလာပ မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁ဝ ရက်တွင် လွန်ခဲ့သော ခြောက်လခန့်က ဝေသာထွန်း(ခ) မျိုးဇော် ငှားရမ်းနေထိုင် ခဲ့သည့် လှိုင်သာယာမြို့နယ် အတွင်းပဒံရွာ ရွှေကမ်းသာယာ အိမ်ရာ နေအိမ်သို့ သွားရောက် ရှာဖွေရာ AK ကျည်ဘောက် ၁၉ ခု၊ AK ကျည် ၇ဝ၄ဝ တောင့်၊ 12.7 လေယာဉ်ပစ် စက်သေနတ် ကျည် ၄၄ဝ တောင့်၊ RTA 47 စက်လတ်ကျည် (ခါးပတ် ၁၃ တွဲကျည်ပါ) ၁ဝဝဝ တောင့်၊ AK လေ့ကျင့်ရေးကျည် ၁၉၅ တောင့်၊ စက်လတ် ကျည်အိမ်ဝိုင်း နှစ်ခု၊ M 34 မီးခိုးဗုံးလေးလုံး၊ လက်နက်ကြီး ပို့ကျည် ၁၂ လုံး၊ TNT ယမ်းထုပ် (၂ဝဝ ဂရမ်စီပါ) ၅၆ ထုပ်၊ မီးရှို့ စနက်တံကြိုး (ရိုးရိုး) ၉၄ ပေ ၆ လက်မ၊ မီးရှို့ စနက်တံချောင်း ၁၉၅ ချောင်း နှင့် RTA 74 စက်လတ် ကျည်ခါးပတ် နှစ်ခုတို့ သိမ်းဆည်းရမိ သဖြင့် ၄င်းတို့နှစ်ဦး အပြင် နေအိမ်တွင် နေထိုင်သည့် ကျော်စိန် (စိစစ်ဆဲ)၊ အေးချမ်း (စိစစ်ဆဲ) တို့အား သောင်ကြီးနယ်မြေ ရဲစခန်း(ပ) ၈ဝ/၂ဝ၁၆၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များ အရ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးကျေးရွာ အုပ်စုရှိ Arakan Army (AA) သောင်းကျန်းသူ အဖွဲ့၏ ပုဇွန်ကန် အဆောက်အအုံ အနီးတွင် တူးဖော် ရှာဖွေခဲ့ရာ RPG ခြောက်လက်၊ ပါရီ ခုနစ်လက်၊ စနိုက်ပါ လေးလက်၊ RPG ဗုံးသီး ၃၉ လုံး၊ RPG ပို့ကျည် ၅ဝ တောင့်၊ ကျည်အိမ် ၇ဝ ခု၊ ကျည် ၁၁၁၉၇ တောင့်၊ ယမ်းတုံး ၄၅ တုံး၊ စနက်တံ ၂၅၄ ခု၊ ယမ်းကြိုးထုပ် ၁ဝ ထုပ်၊ မှန်ပြောင်းနှစ်ခု၊ ဓာတ်ခဲ ၁၄ လုံး၊ ဒီတိုနေတာ လေးခု၊ Laser Scope တစ်ခုတို့အား သိမ်းဆည်းရမိသည်။

ထို့ပြင် ၄င်းတို့သည် လက်နက်/ခဲယမ်း များအား ၂ဝ၁၄ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းမှ (၂)ကြိမ်၊ ၂ဝ၁၅ ခုနှစ် တွင် ပြင်ဦးလွင် လမ်းကြောင်းမှ (၆)ကြိမ်၊ ဘားအံ လမ်းကြောင်းမှ (၁ဝ)ကြိမ် စုစုပေါင်း (၁၈)ကြိမ် ရန်ကုန်မြို့သို့ ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် သယ်ဆောင် ခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် ပြန်လည် ထုပ်ပိုးပြီး လိုင်းကားဖြင့်(၃)ကြိမ်၊ ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် (၁၁)ကြိမ် စုစုပေါင်း (၁၄)ကြိမ်ခွဲ၍ စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်အတွင်း စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သော လက်နက်/ခဲယမ်း အရေအတွက် စုစုပေါင်းမှာ လက်နက်ငယ် ၃၄၅ လက်၊ လက်နက်ငယ် ကျည်မျိုးစုံ ၈ဝ၂ဝဝ တောင့်၊ RPG ၁၆ လက်၊ RPG ဗုံးသီး ၂၁၃ လုံး၊ လက်ပစ်ဗုံး ၃ဝဝ လုံး၊ TNT ယမ်း ၇၅ဝ တောင့်၊ မိုင်း ၄ဝ လုံး၊ ဆက်သွယ်ရေး အထိုင်စက် နှစ်လုံး၊ လမ်းလျှောက် စကားပြောစက် ၃၃ လုံး၊ ချပ်ဝတ် ၁၅ဝ စုံနှင့် အခြားဆက်စပ် ပစ္စည်းမျိုးစုံ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်း ထားသော အောင်မြတ်ကျော် (ခ) ညီညီစိုးသည် Arakan Army (AA) သောင်းကျန်းသူ အဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အဆင့်ရှိ ထွန်းမြတ်နိုင် ၏ တပည့် ဖြစ်ကြောင်း၊ ၄င်းမှ ဒုတိယ ဗိုလ်မှူးကြီး အဆင့် ရာထူးတိုးမြှင့် ပေး၍ လက်နက်များ ဝယ်ယူရန် တာဝန်ပေးအပ် ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် မေလမှစတင်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး လက်နက်/ခဲယမ်း များ ဝယ်ယူ သယ်ဆောင်မှုများ ဆောင်ရွက် နေခဲ့ရာမှ ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ထွန်းမြတ်နိုင် သည် ရခိုင်အမျိုးသား ပါတီမှ ဦးစံကျော်လှ ၏ သမီးဖြစ်သူ မဇာဇာ (နှင်းဇာဖြူ) နှင့် လက်ထပ် ထားကြောင်း ထွက်ဆိုချက်များ အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်များ အရ ထွန်းမြတ်နိုင် သည် Arakan Army (AA) သောင်းကျန်းသူ အဖွဲ့အတွက် လက်နက်/ခဲယမ်း၊ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူရန် မူးယစ်ကုန်သည် နှင့် ချိတ်ဆက်ကာ စစ်တွေသို့ မူးယစ်ဆေးဝါးများ ပို့ဆောင် ရောင်းချ ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းချရရှိငွေ များအား Arakan Army (AA) သောင်းကျန်းသူ ဌာနချုပ်သို့ ပေးပို့ရပြီး Arakan Army (AA) သောင်းကျန်းသူ ဌာနချုပ် ၏ အစီအစဉ်ဖြင့် လက်နက်/ခဲယမ်း များ ဝယ်ယူ၍ ပို့ဆောင်ပေး ခဲ့ရကြောင်း သိရှိ ရသဖြင့် Arakan Army (AA) သောင်းကျန်းသူ အဖွဲ့၏ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်/ ခဲယမ်း များ တရားမဝင် ရောင်းဝယ်မှု များနှင့် ပါဝင် ပတ်သက်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger