www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 6, 2016

ဒေသတွင်းသို့ ပျံ့နှံ့လာသည့် ဆော်ဒီ-အီရန် တင်းမာမှု



( နိုင်ထူး )

ရှိးယိုက် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ နီမာအယ်လ်နီမာ အား သတ်ဖြတ် ခဲ့ခြင်းကြောင့် ဆော်ဒီနှင့် အီရန်တို့အကြား ဖြစ်ပေါ်လာသည့် တင်းမာမှုများမှာ ယခုအခါ ဒေသတွင်းရှိ တခြားနိုင်ငံ များသို့ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

ယခင် ကတည်းကမှ ပြိုင်ဘက် နိုင်ငံကြီးများ အဖြစ် ရပ်တည် နေကြသည့် အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် အီရန်ရှိ ဆော်ဒီသံရုံး တိုက်ခိုက်ခံ ရမှုနှင့် စပ်လျဉ်း၍ တစ်ဖက်နှင့် တစ်ဖက် အလျှော့မပေးဘဲ နေခဲ့ရာမှ တင်းမာမှုများ ပိုမိုမြင့်တက် လာပြီး စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအစိုးရက အယ်လ်နီမာ အား ကွပ်မျက်ပြီး နာရီအနည်းငယ် အကြာမှာပင် အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ ဆော်ဒီသံရုံးကို ဆန္ဒပြသူများက စီးနင်း၍ မီးရှို့ ခဲ့ကြသည်။ သံရုံး တိုက်ခိုက်ခံရမှုကို အီရန် အစိုးရက
ကာကွယ်ပေးရန် ပျက်ကွက် ခဲ့သောကြောင့် ဟု ဆော်ဒီအာရေဗျ ကဆိုကာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဖြတ်တောက် လိုက်ပြီး နိုင်ငံအတွင်းရှိ အီရန်သံရုံး အမှုထမ်းများကို ၄၈ နာရီအတွင်း သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် ရာဇသံ ပေးခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံရှိ ဆော်ဒီသံရုံး တိုက်ခိုက်ခံရမှု တွင် အီရန်အစိုးရက ကာကွယ် ပေးခြင်းမရှိဟု ဆော်ဒီအစိုးရက စွပ်စွဲကာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။ သို့သော် အီရန် အစိုးရသည် ဆော်ဒီသံရုံး တိုက်ခိုက်ခံ ရမှုတွင် မျက်နှာလွှဲခဲပစ် မနေဘဲ အကာအကွယ် ပေးခဲ့သည်။ ယင်းဖြစ်စဉ် အတွင်း ဆော်ဒီ သံအမှုထမ်း တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဘေရီအန်ဆာရီ က ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျ အနေဖြင့် သင့်မြတ် လျော်ကန်ခြင်း မရှိသည့် မူဝါဒများ ချမှတ်၍ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာစေရန် အကြောင်းရှာ ခြင်းသာ ဖြစ်ကြောင်း အီရန်နိုင်ငံက ပြန်လည်ချေပ ပြောဆိုခဲ့သည်။

နီမာအယ်လ်နီမာဘယ်သူလဲ

အယ်လ်နီမာ သည် အသက် ၅၇ နှစ်ရှိ ဆော်ဒီနိုင်ငံသား ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်ပြီး လူငယ်များ အကြား ထင်ရှားသူ ဖြစ်သည်။ ၄င်းသည် ဆော်ဒီ အစိုးရကို ဝေဖန်မှုဖြင့် ၂ဝဝ၉ ခုနှစ်အတွင်း ဖမ်းဆီး ခြင်းခံရပြီး ၂ဝ၁၁-၂ဝ၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှု များတွင်လည်း ဆန္ဒပြသူများအား အကြမ်းဖက်ခြင်း မပြုကြရန် တိုက်တွန်းခဲ့သူ ဖြစ်သည်။

ဆော်ဒီ အစိုးရသည် ၂ဝ၁၂ ခုနှစ်တွင် အယ်လ်နီမာအား ပစ်ခတ် ဖမ်းဆီးမှုကြောင့် လူထောင်ပေါင်း များစွာက ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။ ယင်းနောက် ဆော်ဒီအာရေဗျ  အစိုးရသည် ၄င်းအား နိုင်ငံအတွင်း ပြည်ပ နိုင်ငံများက ဝင်ရောက် စွက်ဖက်လာရန် ကြိုးပမ်းမှု၊ အမိန့်မနာခံမှု နှင့် လုံခြုံရေး တပ်ဖွဲ့အား လက်နက်ကိုင် တိုက်ခိုက်မှု တို့ဖြင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တရားစွဲဆို ခဲ့ပြီးနောက် သေဒဏ်ချမှတ် ခဲ့သည်။ သို့သော် အာဏာပိုင် များသည် ၄င်းအား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် တခြား အကြမ်းဖက် သမား ၄၆ ဦးနှင့်အတူ သေဒဏ် ပေးခဲ့သည်။

ဒေသအတွင်းသို့ သာမက အာဖရိကသို့ တင်းမာမှုပျံ့နှံ့

တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျ နှင့် အီရန်တို့အကြား တင်းမာနေစဉ် ဘာရိန်း နိုင်ငံသည် အီရန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့ပြီး အာရပ် စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကလည်း အီရန်နှင့် သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချမည်ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။ ၄င်းတို့၏ အကြောင်းပြချက်မှာ အီရန် အစိုးရက တခြားနိုင်ငံများ၏ အရေးကိစ္စရပ် များတွင် ဝင်ရောက် စွက်ဖက်ခြင်း ကြောင့်ဟု ဆိုသည်။ ထို့ပြင် ပင်လယ်ကွေ့ နိုင်ငံများ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ၏ အတွင်းရေး ကိစ္စရပ်များတွင် အီရန်နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများသည် သတ်မှတ် အဆင့်ထက် ပိုမို လွန်ကဲလာသည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ယူအေအီး အစိုးရက ပြောကြားခဲ့သည်။

ယခုအခါ အဆိုပါ တင်းမာမှု များသည် အာဖရိကသို့ပင် ကူးစက်ပျံ့နှံ့ လာပြီး ဆူဒန်နိုင်ငံက အီရန်နှင့် သံတမန် ဆက်ဆံရေးကို ရပ်ဆိုင်းလိုက်ပြီဟု ကြေညာခဲ့သည်။ ဆော်ဒီအစိုးရက အီရန်နှင့် ဆက်ဆံရေး မဖြတ်တောက်မီ ကတည်းက ယင်းနှစ်နိုင်ငံ သည် ဆီးရီးယား၊ ယီမင်နှင့် လက်ဘနွန် အရေးတို့တွင် မတူညီသည့် ဦးတည်ချက်များ ကိုကိုင်စွဲထားပြီး ကာလရှည်ကြာ ပြိုင်ဘက်များ အဖြစ် တည်ရှိခဲ့ကြသည်။

ဆော်ဒီအာရေဗျ နိုင်ငံ၌ ဆွန်နီမျိုးနွယ်စု အများစု နေထိုင်လျက် ရှိပြီး အီရန်တွင် ရှီးယိုက်မျိုးနွယ်စု များက လွှမ်းမိုးထားသည်။ ယင်း နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် တင်းမာမှု များသည် စကားစစ်ထိုး သည့်အဆင့်မှ အင်အားသုံး ဖြေရှင်းသည့် အခြေအနေသို့ ရောက်ရှိ လာနိုင်သောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံ များက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

ထို့ပြင် အဆိုပါ ပြိုင်ဘက်နိုင်ငံ နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက် နေခြင်းသည် ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းရာတွင် ကြီးမားသည့် အဟန့်အတား တစ်ရပ်အဖြစ် ထွက်ပေါ် လာနိုင်သည်။ ဆော်ဒီအစိုးရ နှင့် တခြား ပင်လယ်ကွေ့ ရေနံ အင်အားကြီး နိုင်ငံတချို့သည် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ် ကိုဖြုတ်ချရန် ကြိုးပမ်းနေသည့် အတိုက်အခံ တပ်များကို ငွေနှင့်လက်နက် အကူအညီများ ထောက်ပံ့လျက် ရှိသည်။ 

ရှီးယိုက်၊ အီရန်နှင့် လက်ဘနွန်နိုင်ငံ တို့မှ ဟစ်ဇဘိုလာ ပြောက်ကျားများက အာဆတ် တပ်များကို အကူအညီ ပေးလျက်ရှိရာ ဆော်ဒီနှင့်အီရန် တို့အကြား ဖြစ်ပွားနေသည့် တင်းမာမှုများမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိလာမည် ဆိုပါက ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် ပျက်ပြား နိုင်သည့်အပြင် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက် များကိုပါ ထပ်မံဖြစ်ပွား နိုင်ဖွယ်ရှိသည်။ အလားတူ အီရန်နိုင်ငံသည် ဆော်ဒီ တိုက်လေယာဉ် များ၏ နေ့စဉ်ဗုံးကြဲ တိုက်ခိုက်မှုကို ခံနေရသည့် ယီမင်နိုင်ငံမှ ဟူသီသူပုန် များကို ထောက်ခံသည့် နိုင်ငံဖြစ်သည်။ 

စိုးရိမ်မှုများ မြင့်တက်

ဆော်ဒီအစိုးရက အီရန်နှင့် ဆက်ဆံရေး အားလုံးကို ဖြတ်တောက် လိုက်ခြင်းနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံ အများအပြားက ၄င်းတို့၏ စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော် ပြောကြား ခဲ့ကြသည်။ ဆော်ဒီနှင့် အီရန် ဆက်ဆံရေး ပြတ်တောက် ခြင်းသည် ကြီးမားသော အခက်အခဲကို ဖြစ်ပေါ်စေကြောင်း ဘန်ကီမွန်းက ကုလသမဂ္ဂ ဆိုင်ရာ ဆော်ဒီ သံအမတ်အား ဇန်နဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

အလားတူ မြင့်တက်နေသည့် တင်းမာမှု များနှင့် စပ်လျဉ်း၍ အရှေ့ အလယ်ပိုင်းတွင် အဓိကနေရာမှ ပါဝင်ရန် ဆန္ဒရှိနေသည့် ရုရှားနိုင်ငံ ကလည်း စိုးရိမ်လျက် ရှိပြီး ယခု ဖြစ်ပွားနေသော တင်းမာမှုများကို လျှော့ချ
နိုင်ရန်၊ နှစ်ဖက်နိုင်ငံများ အနေဖြင့် ချင့်ချိန် လုပ်ဆောင်ကြရန် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့ပြင် သဘောထား ကွဲပြားမှုများကို ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းထား နိုင်ရန် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့ အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြင့်သာ လုပ်ဆောင်ကြရန်
တရုတ်နိုင်ငံက တောင်းဆို ထားသည်။

အချုပ်အားဖြင့် ဆိုရသော် ဘာသာရေး ခေါင်းဆောင် အယ်လ်နီမာ အား ကွပ်မျက် ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှု များသည် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများ အတွင်း နှစ်ပေါင်း များစွာကြာ ကိုယ်စား စစ်ပွဲဆင်နွှဲ နေသည့် ဆော်ဒီနှင့် အီရန်တို့ အကြား အင်အားသုံး ဖြေရှင်းသည့် အခြေအနေသို့ ရောက်ရှိ လာခြင်းမှ တားဆီးနိုင်ရန် ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံများက အချိန်မီ လုပ်ဆောင်ရဖွယ် ရှိကြောင်း ရေးသား တင်ပြ လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger